နေမင်းကြီးသည် မကြာခင်အချိန်အတွင်း နောက်ဆုံးထွက်သက်တစ်ခုကို အနိုင်နိုင်လုကာ ရှုံးနိမ့်ခြင်းပြယုဂ်ကို အမှန်ပင် လက်ခံရတော့မည်ဖြစ်သည်။
'ချစ်ခြင်း´(သို့)'လွမ်းခြင်း´ဟု အမည်ပေးထားတဲ့ ခုံးတံတားအောက်ဝယ် ရေပြင်သည် လှိုင်းကြက်ခွပ်ကလေးများဖြင့် ဖွေးဖွေးလှုပ်ကာ နီညိုရောင်ညနေခင်းအလှကို ပုံဖော်ဖို့ ကြိုးစားနေရှာသည်။
ရေပေါ်တွင် ရှပ်တိုက်ပျံဝဲနေသော ငှက်တစ်အုပ်ကို စိတ္တဇဆန်ဆန် စိုင်းနော် ရပ်ကြည့်နေမိသည်မှာ ငှက်ကလေးများရဲ့ ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားကို မခံစားနိုင်သည်ထိ သူ့ရင်မှာ ကျွမ်းလောင်နေသည်။
ညနေခင်း လေနုသွေးတွေက သူ့အတွက် လတ်ဆတ်နေခြင်း မရှိ။နောက်အရပ်ကို မြန်းချင်နေတဲ့ နီထွေးထွေးနေလုံးကြီးအား ခုံးတံတားပေါ်မှ ညိုးငယ်နေတဲ့ မျက်နှာဖြင့် ရှုစားနေရာမှ သက်ပြင်းတစ်ခုကို စိုင်းနော် ကျိတ်ရှိုက်သည်။
"အကိုစိုင်းနော်"
ထိုအသံက သူ့နှလုံးသားကို ဆုပ်ကိုင်ချေမွလိုက်သလို သိမ့်ခနဲ စိုင်းနော်ခံစားရ၏။ကျောနောက်မှ သူမြတ်နိုးရတဲ့ ကောင်လေးဆီ တည်ငြိမ်နေသလို စိုင်းနော် လှည့်လိုက်တယ်။
ငုပ်လျှိုးနေတဲ့မျက်ဝန်းတစ်စုံက သူ့ကို အားနာသလို အရိပ်အယောင်များစွာဖြစ်သဖြင့် စိုင်းနော် အင်အားတွေ ပိုဆုတ်လျော့ရလေဖြစ်၏။
ဘန်ကောက်ဆေးရုံမှသာ ပြည့်စုံမဲ့ ဒယ်ဒီ့ကျန်းမာရေးတချို့ကြောင့် မဖြစ်မနေ စိုင်းနော် မြန်မာပြည်မှ ထွက်ခွာခဲ့ရတာဖြစ်သည်။
သူ ဘန်ကောက်ရောက်နေစဥ်အတောအတွင်း စေးစက်၏သတင်းတွေက မယုံကြည်နိုင်လောက်အောင် ဖြစ်ပျက်ပြောင်းလဲသွားခဲ့တာမို့ စိုင်းနော် ရင်ကျုံးမရ ဖြစ်နေရှာသည်။သူ့ကံကြမ္မာကိုလည်း အပြစ်တင်သည်။သူ့ကိုယ်သူလည်း အပြစ်တင်၍မဆုံး။
နှစ်လများစွာစောင့်စားခဲ့ရသည့် အချစ်တစ်ခုဟာ ဒီလိုလွယ်လွယ်ကြီး အဆုံးသတ်သွားလိမ့်မယ်လို့ သူ လုံးဝထင်မထားခဲ့။သူဟာမစခင်ကတည်းက ရှုံးနိမ့်နေခဲ့တာလား။
မြင်မြင်ချင်း ချစ်ခဲ့မိ၊တွယ်တာမိခဲ့တဲ့ မင်းကို အကို ဘယ်လိုမှ မဆုံးရှုံးချင်တာ ရင်ထဲကလာတဲ့ဖြူစင်ခြင်းပါ။
ကံကြမ္မာက မင်းနဲ့ ရုတ်တရက် ဆုံဆည်းခွင့်ပေးပြီး ရုတ်တရက်ပြန်ခွဲသွားတယ်။မျက်လှည့်ဆရာဆန်တဲ့ ကံကြမ္မာက မင်းနဲ့ တစ်ဖန်ပြန်ဆုံဆည်းဖို့ မျက်နှာသာ ပေးပြန်တယ်။ဒီတစ်ခါတော့ မင်းအချစ်ကို စောင့်စားရင်းနဲ့ ကံကြမ္မာက အကို့ကို အကောင်းဆုံးလှည့်ကွက်နဲ့ ကိုယ့်အနားကနေ မင်းကို တစ်သက်လုံး ဆွဲထုတ်သွားတော့မှာ အကို ရူးသွားချင်တယ် ကလေးရေ...။
"အကိုဘာတွေမှားသွားခဲ့တာလဲ ကလေး။အဖြစ်အပျက်တွေက ဘာလို့ အကိုတို့နှစ်ယောက်ကို နီးရက်နဲ့ဝေးသွားစေတာလဲ"
အကိုစိုင်းနော်က စေးစက်မျက်နှာကို သေချာမကြည့်ပါဘဲ စိတ်ချောက်ချားနေသလို၊ယိုင်ချင်တဲ့အသံဖြင့် ပြောနေရှာတာဖြစ်သည်။အလွန်တည်ငြိမ်တဲ့ အကိုစိုင်းနော်သည် သူ့ကိုယ်သူ မနည်းထိန်းချုပ်ထားရတာ ဖြစ်နိုင်သည်။
"အကိုစိုင်းနော်။စေးစက်ကို သေချာကြည့်ပါ"
စေးစက်သည် စိုင်းနော်လက်တွေကို အားပေးနှစ်သိမ့်ခြင်း အပြည့်ဖြင့် ဆုပ်ကိုင်ကာပြောသည်။စေးစက်ကို သေချာကြည့်လာတဲ့ စိုင်းနော်မျက်ဝန်းတွေမှာ မျက်ရည်စတွေနှင့် ဖြစ်သည်။မျက်ရည်ဆိုတာ ယောကျာ်းမှ မိန်းမမှ ဟူ၍ ကန့်သတ်ချက်မရှိ။ခံစားချက်တွေကို ဖော်ပြတဲ့ မိုးရေစက်လေးတွေပဲ ဖြစ်တယ်။
"စေးစက်အတွက် အကိုစိုင်းနော်ဟာ တန်ဖိုးဖြတ်မရတဲ့ အကိုတစ်ယောက်ပါ။စေးစက်ချစ်ရပြီး တန်ဖိုးထားရတဲ့လူတွေထဲက တစ်ယောက်ပါ။ဘယ်တော့မှ ဝေးကွာသွားမှာမဟုတ်ဖူးဆိုတာ အကိုယုံနော်"
"အကိုသဲသဲကွဲကွဲသိချင်တယ် ကလေးအကို့ကို နည်းနည်းလေးတောင် ချစ်လား၊မချစ်ဘူးလား ဆိုတာကို"
"စေးစက်အဖြေဟာ အကိုစိုင်းနော်ကို စိတ်ထိခိုက်ဖို့မရည်ရွယ်ဘူးနော်။အကိုစိုင်းနော်ကို သမီးရည်းစားအချစ်လိုမျိုး ဘယ်တုန်းကမှ စေးစက်မခံစားခဲ့ရဘူး။တကယ်တမ်းက အဲ့လိုမစင်ကြယ်တဲ့အချစ်တွေထက် ပိုခဲ့တာပါ။စေးစက်ရဲ့ အကိုအရင်းတစ်ယောက်လို အဖြူစင်ဆုံးချစ်ခဲ့တာပါ။အကိုစိုင်းနော်အပေါ် စေးစက် အရောင်မဆိုးနိုင်ခဲ့ဘူး"
"ဒါဆို ကလေးနဲ့စေ့စပ်ခဲ့တဲ့ ကောင်လေးကိုတော့ အကိုနဲ့မတူတဲ့ အချစ်နဲ့ချစ်ခဲ့တာလား"
ကလေးနဲ့ထိုကောင်လေးရဲ့ ကုတင်ပေါ်က ဓာတ်ပုံတွေကို တွေ့မိစဥ် အကို့နှလုံးသားတွေ လောင်မြိုက်ကာ အရည်ပျော်လုလုဖြစ်ခဲ့ရတာပါ။အကို့ဘဝရဲ့ အကြီးမားဆုံး ပြိုလဲချိန်ဟာ ထိုအချိန်ပဲ။
"အမှန်တရားတစ်ခုက ဘယ်သူ့ကိုမှ စေးစက် ရွေးချယ်ခဲ့တာမဟုတ်လို့ပဲ။ဘယ်သူ့ကိုမှ မနစ်နာစေချင်ခဲ့တာ စေးစက်ရဲ့သစ္စာတရားပါ။စေးစက်စိတ်ရင်းအမှန်ဟာ ဘယ်သူ့ကိုမှ ဘက်လိုက်ခဲ့တာမဟုတ်ပါဘူး။ကံကြမ္မာကသာ သူကြိုက်သလို စေးစက်ကို ပုံဖော်သွားခဲ့တာ။စေးစက်ကိုယ်တိုင်တောင် နားမလည်နိုင်တော့အထိ ရှုပ်ထွေးခဲ့တယ် အကိုစိုင်းနော်"
"ကလေးဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကို လက်ထပ်မယ်။ကလေးတစ်ဘဝလုံးကို အကိုတာဝန်ယူမယ်။ကလေး ပျော်ရွှင်စေရမယ်လို့ ဘဝနဲ့ရင်းပြီး အကို အာမခံပါတယ်။အကိုကသာ ကလေးကို အရင်လက်ထပ်ခွင့်တောင်းခဲ့တဲ့လူပါ"
အကိုစိုင်းနော်ရယ် စေးစက်ကို ဘာလို့ ဒီလောက်ထိ ချစ်ရတာပါလဲ။တကယ်ဆို ယောကျာ်းလေးဖြစ်တဲ့ စေးစက်ကို အကိုတို့ လာမချစ်ခဲ့သင့်ဘူး။ဘယ်သူ့ကိုမှ ရင်ခုန်လာအောင်၊ချစ်လာအောင် အစမပျိုးခဲ့ပဲနဲ့များ အကိုတို့က တိုက်ဆိုင်စွာ စေးစက်ကိုပဲ လက်ထပ်ချင်နေရတာလဲ။
အကိုရော မိုးထိယမ်းရော မှားတယ်။စေးစက်ကို မချစ်ခဲ့ကြသင့်ဘူး။စေးစက်ထက်ပိုသင့်တော်တဲ့ အိမ်ထောင်ဖက်တွေကို ရှာခဲ့ကြသင့်တာ။စေးစက်က အကိုတို့လို ယောကျာ်းလေးဖြစ်တဲ့အတွက် ရေရှည်မှာ အကိုတို့ ကြည်ဖြူနိုင်မှာမဟုတ်ပါဘူး။
"စေးစက်တောင်းပန်ပါတယ် အကိုစိုင်းနော်။စေးစက် ထပ်ပြီးအရှက်မရချင်တော့ဘူး။ပတ်ဝန်းကျင်မှာ ခေါင်းမဖော်နိုင်အောင် အရှက်တကွဲ မဖြစ်ပါ့ရစေနဲ့တော့"
"ကလေးသာ အကို့ကိုလက်ခံရင် ဒီနိုင်ငံကနေ အကိုတို့နှစ်ယောက်ထွက်သွားမယ်။မိသားစုဘဝကို ထူထောင်မယ်"
အကိုစိုင်းနော်လက်တွေကို စေးစက် လွှတ်လိုက်မိတယ်။ပြောလေဆိုးလေပါလား အကိုစိုင်းနော်ရယ်။
"မလုပ်နိုင်ဘူး အကိုစိုင်းနော်။စေးစက်ဘယ်မှထွက်မသွားနိုင်သလို အကိုစိုင်းနော်အပေါ် အကိုတစ်ယောက်ထပ်ပိုပြီး မသတ်မှတ်နိုင်ဘူး"
အကိုစိုင်းနော်က စေးစက်လက်မောင်းနှစ်ဖက်ကို ဗြန်းခနဲ ကိုင်လှုပ်ကာ
"အကိုစောင့်ဆိုင်းခဲ့ရတဲ့ နှစ်တွေဟာ အကိုတစ်ယောက်ဆိုတာလောက်နဲ့ပဲ ထိုက်တန်သလား ဖြေ..."
စိုင်းနော်အသံတွေဟာ ကြေကွဲရိပ်တွေဖြင့် ခက်ထန်လာသည်။ယခုလို ဒေါသထွက်နေတဲ့ အကိုစိုင်းနော်ကို မမြင်ဘူးတဲ့အတွက် စေးစက်မှာ အံ့သြမှင်သက်မိလျက်။စေးစက် နားလည်ပါတယ်လေ။
"အကိုစိုင်းနော်ကို စေးစက် စောင့်ခိုင်းခဲ့တာမှမဟုတ်တာ။အရင်ကတည်းက အကိုတစ်ယောက်ထပ် မပိုနိုင်ကြောင်း ပြောခဲ့ပြီးသားပါ။ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးထားသလို ထိခိုက်နစ်နာစေချင်တဲ့စိတ်မျိုး လုံးဝမရှိခဲ့ဘူး"
စိုင်းနော်က စေးစက်မျက်ဝန်းတွေကို အေးစက်စက်စိုက်ကြည့်ရင်း
"အကိုထင်ခဲ့တယ် တစ်နေ့မှာ ကလေး ကိုယ့်ကို ပြန်ချစ်လာမှာပဲလို့။တခြားတစ်ယောက် လက်ဦးဖို့အတွက် အကိုစောင့်နေခဲ့တာမဟုတ်ဘူးကွ"
လက်မောင်းသားထဲ နစ်ဝင်လာတဲ့ အကိုစိုင်းနော်လက်တွေကြောင့် စေးစက်နာကျင်ရသည်။သို့သော် မငြူစူခဲ့။
"စေးစက်မှာ အပြစ်မရှိခဲ့တာတောင် အပြစ်ရှိသလိုမျိုးခံစားရအောင် အကိုစိုင်းနော် ထပ်မပြောပါနဲ့တော့"
ခံစားချက်တချို့ကြောင့် စေးစက်အသံဟာ အဖျားခတ် တုန်ယင်သွားသည်။
"မဟုတ်ဘူး။အကို ကလေးကို လက်လွှတ်အဆုံးရှုံးမခံနိုင်လို့ပါ"
စေးစက်ကို ညှာတာခဲ့တဲ့ အကိုစိုင်းနော် မျက်ဝန်းတွေဟာ ပုံတစ်မျိုးပြောင်းသွားခဲ့တာမို့ စေးစက် ရင်ထဲ မကောင်းတဲ့အငွေ့အသက်များ ဝင်လာသည်။
"အကို ကလေးကို လက်မလွှတ်နိုင်တော့ဘူး"
အကိုစိုင်းနော်ပုံစံဟာ စေးစက်ကို ထိတ်လန့်စေ သည်။စေးစက်ကို အကိုစိုင်းနော်ဟာ အန္တရာယ်ပြုမဲ့ သူမျိုး မဟုတ်တာကိုသိသော်ငြား ကြောက်သွားမိ သည်က
"အကိုတို့ထွက်သွားကြမယ်..."
စေးစက် လက်ကိုကိုင်ကာ အကိုစိုင်းနော်သည် တံတားပေါ်မှ ထွက်ဖို့ပြင်သည်။စေးစက် ခြေလှမ်းတွေက အကိုစိုင်းနော်နောက်ကို မလိုက်။
"လွှတ်ပါ အကိုစိုင်းနော်။စေးစက်ကို အတင်းအကြပ် မလုပ်ချင်ပါနဲ့"
"အကိုနားမထောင်ချင်ဘူး။ကလေးစကားမှန်သမျှ အကိုလိုက်လျောပေးခဲ့ပြီးပြီ။ဒီတစ်ခါ နားမထောင်နိုင်ဘူး။လာလိုက်ခဲ့..."
"အကိုစိုင်းနော် စေးစက်လက်ကို လွှတ်..."
အကိုစိုင်းနော်ကို လေသံမာမာတောင် မပြောဘူးတဲ့ စေးစက်သည် ဒီတစ်ခါတော့ ခံအော်မိပါ၏။
"အကိုတောင်းပန်ပါတယ်။အသာတကြည် လိုက်ခဲ့ပါ"
"အကိုစိုင်းနော်ဟာ ဆရာဝန်တစ်ယောက်ဆိုတာ မမေ့ပါနဲ့။အကိုစိုင်းနော်ကို စောင့်နေတဲ့ အသက်ပေါင်းများစွာရှိပါတယ်။စေးစက်ထက် အရေးကြီးတာတွေ အကို့ဆီမှာ အများကြီးရှိနေတယ်လေ"
အခြေအနေတွေ ဆိုးရွားမသွားချင်တာမို့ စေးစက်ဖျောင်းဖျ ကြည့်မိသည်။
"အကိုမသိချင်တော့ဘူး။ကလေးကလွဲပြီး အကို ဘာမှလည်းမလိုချင်တော့ဘူး။အကိုမကြမ်းချင်ဘူးကလေး ငြိမ်ငြိမ်လိုက်ခဲ့ပေး..."
စေးစက်ဆန္ဒမပါဘဲ အကိုစိုင်းနော်ဟာ စေးစက်ကို အတင်းဆွဲခေါ်နေတာဖြစ်သည်။စေးစက် ရုန်းသည်။တွန့်ဆုတ်သည်။
"အကိုစိုင်းနော်ကို စေးစက်မမုန်းချင်ဘူး။စေးစက်ကို မုန်းရအောင် မလုပ်ပါနဲ့။စေးစက်ကို လွှတ်ပေးပါ"
"အကိုနောက်မဆုတ်တော့ဘူးကလေး။ဒီတစ်ခါ အကိုတွေဝေမိရင် ကလေးနဲ့တစ်သက်လုံး ဝေးရမှာ။ကလေး မုန်းချင်ရင်မုန်းနိုင်တယ်..."
"အကိုစိုင်းနော် စေးစက်ကအရုပ်မဟုတ်ဘူး။အကိုတို့ ကြိုက်သလို လုပ်ပိုင်ခွင့်မရှိဘူး"
စိုင်းနော်က စေးစက်ကို နာကျင်စွာ ကြည့်သည်။ပြီးတော့ အသနားခံလေသည်။
"ကလေးကို အရုပ်လိုသဘောထားတာ မဟုတ်ပါဘူး။အကို ရူးမတတ် ချစ်နေရလို့ပါ..."
"အ!"
အကိုစိုင်းနော်က စေးစက်ကို ဆတ်ခနဲ ဆောင့်ခေါ်ပြန်သည်။
အချစ်တွေဖြင့် လောင်မြိုက်နေသည့် စိုင်းနော်ဟာ စေးစက် ဘာပြောပြော နားဝင်မှာ မဟုတ်တော့ပေ။
စိုင်းနော်က အသိတရားတွေကို လော့ခ်ချ ထားပြီး သူ့နှလုံးသားကိုသာ တံခါးဖွင့်ထားလျက်...!