မိုးထိယမ်းသည် တစ်ခါတစ်လေ နူးညံ့သည်။တစ်ခါတစ်လေ ကြမ်းတမ်းသည်။အစိုးရခြင်းမရှိသည့် လူတစ်ဦးကိုပြပါဆိုလျှင် စေးစက်ကြုံတွေ့ဖူးတဲ့ရပ်ဝန်းမှာ တသီးတခြားဖြင့် အမျိုးမျိုးပြောင်းလဲနေသော ကောင်လေးတစ်ယောက်ကိုသာ ညွှန်ပြမိမှာပဲဖြစ်သည်။
စေးစက်ကို အချစ်ရေးဆိုထားတဲ့ ယောကျာ်းနှစ်ယောက်ရှိသည်။
ပထမတစ်ယောက်က စေးစက်ထက် အသက်ပိုကြီးသူဖြစ်သည်။
ဒုတိယတစ်ယောက်က စေးစက်ထက် အသက်ပိုငယ်သူဖြစ်သည်။
သူတို့နှစ်ယောက်က အသက်အရွယ်လည်းကွာဟသလို စရိုက်သဘာဝချင်းလည်း ကွာဟသည်။
သူတို့၏ ညီမျှခြင်းတစ်ခုက ချမ်းသာကြွယ်ဝခြင်းပင် ဖြစ်သည်။ရွှေပုံပေါ်စံလာခဲ့တဲ့သူတို့နှစ်ဦးက သာမန်မိသားစုလေးမှ ပေါက်ဖွားလာခဲ့တဲ့ စေးစက်ကို လာချစ်ကြခြင်းမှာ ဘယ်လိုဝဋ်ကြွေးဟု ဆိုနိုင်ပါသနည်း။
စေးစက်သည် အဖြေတစ်ခုကို အတိအလင်းကြေညာပေးဖို့ တာဝန်အရှိဆုံးလူတစ်ယောက်ဖြစ်သော်ငြား အခုချိန်ထိ နှလုံးသားက ဘာကိုမှသေချာစွာမဝေခွဲနိုင်သေး။
အကယ်၍ စေးစက်နှလုံးသားက တစ်ယောက်သောသူကိုသာ အလေးပိုနေမည်ဖြစ်ခဲ့လျှင်ပင်
သေချာပါတယ် နှစ်ယောက်လုံးကို စေးစက်ငြင်းလိုက်မှာပဲ ဖြစ်သည်။
တစ်ယောက်က နှလုံးသားက အကဲဖြတ်ရွေးချယ်ထားတဲ့သူ...!။
တစ်ယောက်က ဦးနှောက်က အကဲဖြတ်ရွေးချယ်ထားတဲ့သူ...!။
နှလုံးသားနှင့်ဦးနှောက်ရဲ့အားပြိုင်မှုက လွန်ဆွဲနေသလို အနိုင်အရှုံးကို ဘယ်သူ့မှအတပ်ပေးလို့မရသေး။
အချစ်ဆိုတာ...
သဏ္ဍာန်အမျိုးမျိုးရှိတတ်သော်ငြား
ရင်ထဲကို ဝင်ရောက်လာတဲ့
အချစ်ကလည်း ဆန်းပြားတတ်ပါ၏။
အချစ်ဆိုတာ...
နှလုံးသားက ပေါက်ဖွားလာသော်ငြား
မယုံမရဲစိတ်တွေ ဝင်ရောက်လာတဲ့အခါ
ရှေ့ဆက်တိုးဖို့ တံတိုင်းတွေခံနေတတ်ပါ၏။
~~~~~~~~~
~~~~~~~~~
အပြင်ဘက်ကိုမြင်နိုင်သည့် မှန်နံရံကို ကျောပေးထားပြီး စေးစက်စားပွဲဘက် မျက်နှာမူနေသည့် ယမ်းက အရယ်အပြုံးတို့နှင့် မိတ်ဆွေဖွဲ့ထားသည်မှာ နာရီအတော်ကြာပြီ ဖြစ်သည်။
တစ်ခါတစ်ခါ စေးစက်ကိုကြည့်ပြီး ယမ်းက
ဟီးဟီး...ဟားဟား....ရယ်တတ်ပါသေး၏။
စေးစက်သည်လည်း မှင်သေသေမျက်နှာဖြင့် မမှိတ်မသုန် ပြန်ကြည့်ပေးတတ်ပါ၏။
တစ်ခါတစ်ခါ မျက်ခုံးပင့်ပြသလို...
တစ်ခါတစ်ခါ မျက်စပစ်ပြပြီး...
စေးစက်ကို သရော်တော်တော် လာလုပ်ပါ၏။
တစ်ခါတစ်ခါ လက်နှစ်ဖက်ဖြင့် အသည်းပုံသေးသေးလေးကွေးပြကာ ယမ်းက သူ့ရင်ဘတ်ဆီမှ စေးစက်ဆီ ပစ်ပေးတတ်၏။
စေးစက်သည် နှုတ်ခမ်းကို ရွဲ့သလိုတွန့်ချိုးပြီး
ယမ်းပစ်လိုက်တဲ့ သူတို့သာမြင်နိုင်တဲ့ အသည်းပုံကို စေးစက်က သူ့ဆီမရောက်ခင် လှမ်းဖမ်းလိုက် သဏ္ဍာန်လုပ်ပြပြီး လာရာလမ်းအတိုင်း ယမ်းဆီ ပြန်ပစ်လွှင့်ပေး၏။
အသည်းပုံလေးက ယမ်းဆီပြန်ရောက်လိုက် စေးစက်ဆီပြန်ရောက်လိုက်ဖြင့် လေထဲမှာ တဝဲဝဲလည်။
ယမ်းက နှုတ်ခမ်းကို အနည်းငယ်စူကာ Kissပေးသလို လုပ်ပြ၏။
စေးစက်က ရွံသလို မျက်နှာလုပ်ပြတော့
ယမ်းက အူရွှင်ရွှင် ရယ်သည်။
တစ်ဟားဟား...တစ်ဟီးဟီး...မပြတ်ရယ်နေသည့်တစ်ယောက်ကို မေးတစ်ဖက်ထောက်လျက်ဖြင့် စေးစက်စိုက်ကြည့်နေလိုက်၏။
ရူးသွားတဲ့အချိန်ကို စေးစက်စောင့်မယ်။
နောက်နေ့ရွာသာကြီးက ဖုန်းနံပါတ်ကို တောင်းထားမှပဲ။တစ်ယောက်ကတော့ ပို့မှဖြစ်တော့မှာပါလေ။
ဒေါက်!ဒေါက်!
ယဥ်ကျေးမှုအရခေါက်ပြီး ယမ်းရုံးခန်းထဲ ဇေယျာ၊ခန့်သော်၊ဘုန်းခတို့ လှမ်းဝင်လာသည်။
သူတို့ဝင်လာတော့ စေးစက် မတ်တတ်ထရပ်လိုက်သည်။စေးစက်အလုပ်ရှင်က ကိုဇေ၊ကိုခန့်၊ကိုဘုန်းတို့သုံးယောက်သာဖြစ်သည်။
ယမ်းနဲ့ရွယ်တူဖြစ်ပေမဲ့ သူတို့သုံးယောက်ကိုတော့ အလုပ်စဝင်ကတည်းက စေးစက် တရိုတသေ လေးစားသည်။
ဘုန်းခက ယမ်းကို အခြေအနေဘယ်လိုလဲ၊တိုးတက်ပြီလား!ပုံစံနှင့် ကြည့်သည်။
ကိုယ့်ကောင်ကြီး ပြုံးပြုံးကြီးဖြစ်နေပုံထောက်လျှင် ရာသီဥတုသာယာနေသည်ကို သူတို့သုံးယောက်လုံး ရိပ်မိသည်။
"အကိုစေးစက်ထင် ထိုင်ပါ"
ဇေယျာက ပြုံးပြီးပြောသည်။
"မင်းတို့သုံးကောင် ဘာလာလုပ်တာလဲ"
ယမ်းက သာသနာဖျက်ကောင်တွေလို အသံအနေအထားက ခပ်ဆတ်ဆတ်။
"ရုံးခန်းထဲမှာသံမှိုရိုက်ခံထားရသလိုအမြဲအောင်းနေတဲ့ မင်းကိုလာခေါ်တာ"
ခန့်သော်ပြောသည်ကို စေးစက်က နောက်ကျောမလုံသလို မဆိုင်မဆီ ရှက်နေမိပါ၏။သူတို့တွေကို စေးစက်မကြည့်ရဲ။
"..........."
"ယမ်း မင်းမေ့နေတာလား။အရေးကြီးတဲ့ Customerနဲ့ ငါတို့သွားတွေ့ဖို့ရှိတာကိုလေ"
ခန့်သော်က ယမ်းကို ပြန်အမှတ်ရအောင် ပြောပေးသည်။
"သြော်...ခုလား"
"အေး"
"သွားမယ်လေ"
"နေကြအုံး။ငါအကိုစေးစက်ထင်ကို ကြိုပြောစရာတစ်ခုရှိသေးတယ်"
ဇေယျာက စေးစက်စားပွဲဆီ သွားသည်။
စေးစက်လည်း ထိုင်ခိုင်ထားပေမဲ့ တလေးတစား နားထောင်ချင်တာမို့ ချက်ချင်းထရပ်သည်။
"မနက်ဖြန် Sundayပိတ်ရက်မှာ အကိုစေးစက်ထင် အားလားမသိဘူးဗျ"
"အားပါတယ် ကိုဇေ"
ပိတ်ရက်တွေမှာ စေးစက်က အမြဲအားပါသည်။သို့သော်...အကိုလင်းထက်ထင်အိမ်သွားပြီး တူမလေးနဲ့ သွားဆော့တာကိုတော့ မအားဘူးလို့ ခေါင်းစဥ်မတတ်ချင်ပါ။
"မနက်ဖြန်ညနေ ကျွန်တော်တို့နဲ့ လူငယ်လုပ်ငန်းရှင်များDinnerကို အကိုပါလိုက်တက်ပေးရမှာ။တခြားလုပ်ငန်းရှင်တွေလဲ သူတို့ရဲ့ Secretaryဖြစ်ဖြစ် အရေးပါတဲ့တစ်ယောက်ကို ခေါ်ခွင့်ရှိတယ်"
"ကိုဇေ။ဖြတ်ပြောတယ်လို့ အကို့ကိုမထင်ပါနဲ့။Dinnerကို အကို့ကိုခေါ်မှာထက် မသော်ကို ခေါ်တာက ပိုသင့်တော်မလားလို့"
စေးစက်ကို ယမ်းကြည့်နေသလို ဘုန်းခနဲ့ခန့်သော်လည်းကြည့်လျက်။
မန်နေဂျာမသော်ကိုကျော်ပြီး စေးစက်က Dinnerလိုက်တက်လို့မကောင်းဘူးလေ။
ကိုဇေက စေးစက်ကို ကြည့်ရယ်လေသည်။
"မသော်က မနက်ဖြန်သူ့Familyကိစ္စတစ်ချို့ရှိလို့ကျွန်တော်တို့ကို တခြားတယောက်ခေါ်သွားဖို့ ပြောထားတာ။အကိုစေးစက်ထင် တက်ဖို့အဆင်မပြေတာရှိလို့လား"
"မ..မရှိပါဘူး"
ဇေယျာက ယမ်းဆီတစ်ဖန်လှည့်ကြည့်ကာ
"ယမ်း မနက်ဖြန်ညနေ အကိုစေးစက်ထင်ကို သွားကြိုပေးအုံးမယ်။မဟုတ်လည်း မင်းက..."
ဇေယျာ ဆက်မပြောတော့ပဲ ရယ်သာနေလိုက်တော့၏။အကိုစေးစက်ထင်မျက်နှာက နီရဲနေပြီမို့လေ။
ဇေယျာ၊ခန့်သော်၊ဘုန်းခတို့ ယမ်းအခန်းထဲမှ အစဥ်တိုင်းထွက်သွားသည်။ယမ်းက ခြေလှမ်းစိတ်စိတ်ဖြင့် ထွက်ဖို့ပြင်လေသည်။
တူ~~တူ~~
ဖုန်းသံနှင့်အတူ စေးစက်ရွတ်လိုက်မိတဲ့ အမည်နာမတစ်ခုက
"အကိုစိုင်းနော်!"
တံခါးဘက်မျက်နှာမူနေတဲ့ ယမ်းခြေလှမ်းတို့က ခဲချိတ်ဆွဲခံလိုက်ရသလို ဆက်မသွားနိုင်အောင် လေးသွားသည်။
မိုးထိယမ်းက စေးစက်စားပွဲဆီ လေထက်မြန်တဲ့အလျင်နဲ့ ရောက်ချလာပြီး စေးစက်လက်ထဲကဖုန်းကို ဖျတ်ခနဲ!လုယူသွားသည်။
ဖုန်းက အဆက်မပြတ် တတူတူမြည်နေဆဲ~~~
"ပေး။ဘာလုပ်တာလဲ..."
စေးစက်ကပြန်လှမ်းလုယူတော့ ယမ်းက ဖုန်းကို အမြင့်ဆုံးတင်မြှောက်ပစ်၏။
စေးစက်ဘယ်လိုလုပ် ယူနိုင်တော့မှာလဲ။
ဖုန်းကကျသွားပြီး တစ်ခါထပ်ဝင်လာပြန်တယ်။
"မိုးထိယမ်း ငါ့ဖုန်းကို ပြန်ပေး"
စေးစက်က ယမ်းလက်မောင်းကို မမှီမကမ်းကိုင်ကာ အောက်ကိုနှိမ့်ချချင်ပေမဲ့ ဇက်ညောင်းရုံအပြင် အရာမထင်။
"ပေး..ငါ့ဖုန်း.."
"မပေးဘူး"
"ပေးဆို.."
"မပေးဘူး"
"မိုးထိယမ်း.."
"အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာဖုန်း ပြောခွင့်မရှိဘူးဆိုတာ မသိတာလား"
"ဒါဆိုလဲ ငါမပြောဘူး။ငါ့ဖုန်းကို ခုပြန်ပေး.."
"ကျုပ်သာမယူရင် ခင်ဗျားကိုင်မှာမလား။အပြစ်ပေးတဲ့အနေနဲ့ ဖုန်းကိုမသော်ဆီအပ်ခဲ့မယ်။အလုပ်ဆင်းမှ သွားယူလိုက် တာ့တာ!"
"မိုးထိယမ်း!"
ဂျောင်း!