အမြဲတစေယုံကြည်ခဲ့သော၊ အမှန်တရားဟုယူဆထားသော အရာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျလက်လွှတ်လိုက်ရခြင်းသည် ဝမ်းနည်းစရာကောင်းလွန်းသောဖြစ်ရပ်တစ်ခုပင်။
တမ်းတမိတိုင်း ထိုသူ၏ တခြားတစ်ယောက်ပေါ် ပေးအပ်နေသောအပြုံးများကိုပါ တစ်ပါတည်း ပြန်မြင်ရချိန်တိုင်းမှာ သည်လူဟာသူနှင့်မသက်ဆိုင်တော့ကြောင်း တွေးမိသည်။
"ကိုယ့်ကို သိုက်လို့ပဲခေါ်တော့လေ" ဟု ရည်းစားဖြစ်စဉ်က ပြောခဲ့သောစကားနှင့် ထိုစဉ်ကတစ်ကမ္ဘာလုံးကိုအပိုင်စားရပါသလို ကြည်နူးစွာပြုံးနေခဲ့သည့် ဓနသိုက်၏ပုံရိပ်သည် လွန်ခဲ့သောနေ့က ဖုန်းဆိုင်တွင်တွေ့ခဲ့သောပုံရိပ်နှင့်တစ်ထပ်တည်းဖြစ်နေ၏။ ထိုအခြင်းအရာထက် အံ့သြစရာကောင်းသည့်အရာ ရှိဦးမလား။
လွမ်းဆွေးတမ်းတနေခဲ့သည့် သူက အရူးအနှမ်းသာသာပဲ။ စိတ်ပျက်စရာကောင်းလိုက်တာ ဆိုသောစကားကလွဲပြီး မပြောနိုင်။ စိတ်ပျက်သည်။ သူ့ကိုယ်သူစိတ်ပျက်သည်။ သည်လူ့အပေါ် ချစ်ခဲ့သမျှ ပျော်ခဲ့သမျှ အချိန်တွေကိုပင် စိတ်ပျက်လာ၏။ အကြောင်းမတိုက်ဆိုင်၍ လမ်းခွဲကြရင်တောင် သူ့တွင်သိမ်းဆည်းထုတ်ပိုးစရာ တစ်ချိန်ချိန်မှာ ပြန်လည်တမ်းတလွမ်းဆွတ်စရာ အမှတ်တရများ ကျန်ရစ်ပေအုံးမည်။ ယခုမူ သူ့ထံတွင်စိတ်ပျက်ခြင်းတွေသာ ကျန်ခဲ့သည်။
နွေမှာ ဟစ်ကြွေးနေသည့် ဥသြငှက်သည်ပင် သူ့ကိုလှောင်ပြောင်နေသလို ခံစားရသည်။
ပူပြင်းလှသော နွေနေပူကျဲကျဲအောက်၌ သူသည်ပူလောင်လှသော သက်ပြင်းငွေ့များကို ဆက်တိုက်ထုတ်လွှတ်မိနေ၏။
သူသည် မကွေးကိုအလုပ်ကိစ္စဖြင့် ရောက်နေခြင်းဖြစ်သည်။ ဘိုးဘွားပိုင်မြေနေရာတစ်ခုကို သုံးထပ်တိုက်ကောင်းကောင်းဆောက်ချင်တယ်ဟု သူတို့ရုံးကိုအလုပ်အပ်သည်ကို သူတို့သည်လက်ခံခဲ့သည်။ အလုပ်အပ်တဲ့ client ကိုဘုန်းဝေမြင့်က ကိုလင်းမာန်၏မိတ်ဆွေဖြစ်သည်။
ကားအရှေ့ခန်းက ကိုဘုန်းဝေမြင့်သည် "အတော်ပူတယ်ဗျနော်"ဟု ဆိုကာ သူ့အားရေခဲငွေ့များသီးနေသော ကျွဲရိုင်းအချိုရည်ဘူးကို လှမ်းပေးလာ၏။ နွေဦးကို နွေကြောင့် ပူလောင်နေသည်ဟု ထင်နေပုံရသည်။ သူသည် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းလိုက်ကာ ကိုဘုန်းဝေမြင့်ကို ကျေးဇူးတင်စကားဆို၍ ကျွဲရိုင်းဘူးကို လှမ်းယူထားလိုက်သည်။
ထိုစဉ် သူ့ဖုန်းကနေ notification တစ်ခုတက်လာသည်။ သူတို့သူငယ်ချင်းများစုဖွဲ့ထားသည့် messenger gp chatထဲမှ စာဖြစ်သည်။ သူ့ကို သူရနိုင်က gp chatထဲပြန်ထည့်ထားသည်။ ဓနသိုက်သည် ပြန်ရောက်ပြီးနောက်မှာ အရင်ကလိုပဲ gp chatထဲတွင် စကားများဝင်ပြောလာ၏။ ထို့ကြောင့် နွေဦးသည် gp chatထဲမှထွက်လာခြင်းဖြစ်သည်။
/နွေဦး gp chatထဲက ထွက်မသွားနဲ့တော့... ငါတို့ဓနသိုက်ကို ထုတ်ထားလိုက်ပြီ/
သူရနိုင်သည် ထိုစာကိုပါတစ်စပ်တည်း ပို့လာ၏။ နွေဦးရင်ထဲ တစ်မျိုးဖြစ်သွားသည်။ သူ့ကြောင့် သူ့သူငယ်ချင်းတွေပါ စိတ်ဝမ်းကွဲရမည်ကို မလိုချင်။ ဓနသိုက်က သူတို့၏သူငယ်ချင်းလည်း ဖြစ်တာမို့။
/ငါ့ကြောင့်နဲ့ အခုလိုလုပ်စရာမလိုပါဘူးကွာ/
နွေဦးသည် ထိုစာကိုပြန်ပို့လိုက်သည်။
/မနေ့ကငါတို့ချိန်းတာကို မင်းကမလာဘူးလေ... ဆိုတော့ငါတို့လဲ စိတ်မကောင်းဖြစ်တယ်...အဲတာကြောင့် ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်တာ/
ရဲလွင်လွင်၏စာကိုဖတ်ပြီး နွေဦးသည်သက်ပြင်းငွေ့ငွေ့ကို ချမိပြန်သည်။ သူ့သူငယ်ချင်းများကိုပါ စိတ်မကောင်းဖြစ်စေဖို့ မရည်ရွယ်ခဲ့။ သို့ပေမဲ့ ထိုသို့စုံဖြစ်ကြမည့်နေရာကို ဓနသိုက်သည်သေချာပေါက်လာမည်ဟု ဆိုလာခဲ့သည်။ နွေဦးမှာ မျက်နှာချင်းဆိုင်ဖို့ အင်အားမရှိ။ မျက်နှာချင်းလည်းမဆိုင်ချင်။
ထို့ကြောင့်လည်း အလုပ်ကိစ္စဖြင့်မကွေးရောက်နေတာကို အကြောင်းပြပြီး သူငြင်းလိုက်သည်။ ဘယ်မှမသွားဘဲ မန္တလေးမှာရှိနေခဲ့လျှင်လည်း အကြောင်းပြချက်ရှာပြီး ငြင်းဦးမှာပင်။
/ငါတကယ်မကွေးကို အလုပ်ကိစ္စနဲ့ရောက်နေလို့ပါ/
/အင်းသိပါတယ်...ဒါပေမဲ့ မင်း ဓနသိုက်ကိုမျက်နှာချင်းမဆိုင်ချင်မှန်းလဲ ငါတို့နားလည်တယ်/
ခန့်လွန်းနောင်ပါ chatထဲဝင်လာသည်။ လူစုံတက်စုံ gp chatထဲဝင်လာကာ သူ့ကိုနှစ်သိမ့်နေကြသည်။ နွေဦးသည် သူ့ကိုအလွန်တရာနားလည်ပေးကြသော သူငယ်ချင်းများကို စိတ်ထဲကနေကျေးဇူးတင်မိ၏။
/မဟုတ်လဲ ငါတို့ဒီလိုကောင်ကို သူငယ်ချင်းဆက်မတော်နိုင်တော့ဘူး... ကောင်လေးတစ်ယောက်ကို ခေါ်လာတယ်တဲ့ကွာ၊ ငါတော့ကြားကြားချင်း တော်တော်shockရသွားတာ...ငါ့မိန်းမတောင် ပြောနေသေးတယ် ဓနသိုက်က ဒီလိုလူမှန်းမထင်ရဘူးတဲ့/
/မနေ့ကလည်း ပြောသေးတယ်...မင်းတို့လမ်းခွဲပြီး ထွက်သွားပြီးတဲ့နောက်မှ ဆွေသာနဲ့တွေ့တာတဲ့... ဖောက်ပြန်တာမဟုတ်ပါဘူး သူ့ကိုနားလည်စေချင်တယ်တဲ့ကွာ၊
နွေဦးကိုလဲ တောင်းပန်ချင်တယ်တဲ့၊ သူ့ပါးစပ်က တစ်ဘဝလုံးစာတကယ်ချစ်တဲ့သူ တွေ့သွားလို့ဆိုတဲ့ စကားကို ဘယ်လိုပြောနိုင်တာလဲမသိဘူး...ငါစိတ်တိုလွန်းလို့ ဒီကောင် ငါ့မင်္ဂလာဆောင်မလာတာ ပိုတောင်ကောင်းသေးတယ်လို့ ငါပြောပစ်ခဲ့တာ/
ဆက်တိုက်တက်လာသောစာများကိုဖတ်ရင်း နွေဦးသည်မျက်ရည်များပင်လည်ချင်လာ၏။ စိတ်တိုဒေါသထွက်ရလွန်းလို့ သူ့ရင်ထဲလည်း အပေါက်ဖြစ်ကာနီးနေပြီ။
ဓနသိုက်က တကယ်ကိုပဲသူ့အတွက်တစိုးတစိလေးတောင် တွေးမပေးတော့ဘူး။ သူ့ကိုတောင်းပန်တယ်ဆိုတာကလဲစိတ်သက်သာရာရဖို့အတွက်ပဲ ဖြစ်မှာပေါ့။
/မင်းတို့တွေကို ငါတကယ်ကျေးဇူးတင်တယ်/
/နွေဦး တစ်ယောက်တည်းဘာမှကျိတ်မခံစားနဲ့..အဆင်မပြေတာတွေအကုန် ငါတို့ကိုပြော...ငါတို့အကုန် မင်းဘေးမှာ အမြဲရှိတယ်/
/ငါအဆင်ပြေပါတယ်ကွာ၊ မင်းတို့အကုန်လုံးကို ငါထပ်ပြီးကျေးဇူးတင်တယ်/
/ဒါတွေမလိုပါဘူး မင်းသာအဆင်ပြေအောင်နေ/
နွေဦးသည် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချမိသည်။ သူနောက်ထပ် ဘယ်သောအခါမှ ဓနသိုက်အကြောင်းကို မတွေးတော့ဘူးဟူ၍။
နာကျင်မှုတွေရှိဦးမယ်ဆိုရင်လဲ သူကြိုးစားမေ့ပစ်မယ်... ဒီနေ့ကစပြီး သူလုပ်မှာက ထိုဆိုးရွားလွန်းတဲ့ အတိတ်
တွေထဲကရုန်းထွက်ပစ်ဖို့ပဲ...ဖက်တွယ်ထားတဲ့ သောကတွေရော၊ ဓနသိုက်အပေါ်ထားတဲ့ ချစ်ခြင်းဖြစ်ဖြစ် မုန်းခြင်းဖြစ်ဖြစ်၊ နာကြည်းခံပြင်းတာတွေ
ဘယ်အရာပဲဖြစ်ဖြစ် သူအကုန်လက်လွှတ်လိုက်တော့မယ်...
ကြည့်ရမည့် မြေနေရာရှေ့ကိုရောက်တော့
သူတို့ကားလေးသည် ရပ်တန့်သွား၏။ နေရာသည် အေးချမ်းတိတ်ဆိတ်သော ရပ်ကွက်တစ်ခုအတွင်း၌ဖြစ်ပြီး ကိုဘုန်းဝေမြင့်က ရှေ့ကနေဦးဆောင်သွားကာ ခြံတံခါးကိုသော့ဖွင့်လိုက်လေသည်။
သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသောမြေပြင်။ ဘယ်ဘက်ခြမ်းတွင် အုတ်ရေကန်ကြီးတစ်ခုနှင့်ရေမော်တာစက်တစ်လုံးရှိ၏။ သရက်ပင်ကြီးတစ်ပင်ရှိပြီး သစ်ရွက်ခြောက်များနှင့်သရက်ကင်းကြွေများသည် ထိုအပင်မှကြွေကျသည်များဖြစ်သည်။ အိမ်သည် နံကပ်နှစ်ထပ်အိမ်ဖြစ်ပြီး အိုဟောင်းပျက်စီးနေလေပြီ။ ချုံနွယ်ပိတ်ပေါင်းတို့ ပတ်ပတ်လည်ရှိနေပုံက နှစ်ပေါင်းကြာရှည်စွာပစ်ထားခံရကြောင်း သက်သေထူနေသည်။ အိမ်ရှေ့ကွပ်ပျစ်နှင့်အတူ ထိုကွပ်ပျစ်ပေါ်တွင်မိုးနေသော ပန်းနုရောင်စက္ကူပန်းပင်သည်သာ တစ်ခြံလုံးတွင် တစ်ခုတည်းသောလှပနေသည့် အရာဖြစ်သည်။
"မြေနေရာကကောင်းသားပဲနော် ပတ်ဝန်းကျင်လည်းကောင်းတယ်"
သူသည် ကိုဘုန်းဝေမြင့်ကိုကြည့်ကာ ထိုသို့မှတ်ချက်ပြုလိုက်သည်။
"ဟုတ်တယ် အမေကအခုမှစိတ်ပြောင်းပြီး အိမ်ပြန်ဆောက်ဖို့ဆုံးဖြတ်လိုက်တာအဆင်ပြေအောင်လုပ်ပေးဖို့ အကူအညီတောင်းပါတယ်ကိုနွေဦး"
"ဟုတ်ကဲ့ပါဗျာ...ဒီရပ်ကွက်မှာအလှဆုံးနဲ့အကောင်းဆုံးအိမ်တစ်လုံး ဖြစ်စေရပါ့မယ်...ကျွန်တော်တို့ရုံးကအကောင်းဆုံး ဝန်ဆောင်မှုပေးမှာပါ"
နွေဦးသည် ခြံထဲကိုပတ်ကြည့်နေစဉ်အဒေါ်တစ်ယောက် ခြံထဲဝင်လာတာကို တွေ့လိုက်ရသည်။
"အမေ"
ကိုဘုန်းဝေမြင့်က ထိုအဒေါ်ကိုသွားခေါ်လာသည်။ သနပ်ခါးအဖွေးသားနှင့်ကံ့ကော်ပန်းများဝေနေအောင်ပန်ထားသော အဒေါ်သည် ကိုဘုန်းဝေမြင့်နှင့်အတူသူ့နံဘေးကိုရောက်လာသည်။
"အမေ ဒါကကိုလင်းမာန်တို့ရုံးက ဗိသုကာပညာရှင်လေ နာမည်ကကိုနွေဦးတဲ့...ကိုနွေဦး ဒါကျွန်တော့်အမေ"
"တွေ့ရတာ ဝမ်းသာပါတယ်ဗျ"
"နာမည်ကနွေဦးတဲ့လား နာမည်လေးကလှလိုက်တာ"
နွေဦးသည် ထိုအဒေါ်၏စကားကြောင့် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ကိုဘုန်းဝေမြင့်က သူ့အမေ၏စကားကိုအားနာဟန်တူကာ ရယ်ကျဲကျဲလုပ်ပြလေ၏။
"အိမ်ကပစ်ထားတာ ကြာပြီဆိုတော့ တော်တော်လေးရှင်းရမယ်နဲ့တူတယ်"
"ဟုတ်တယ်အန်တီ မြေနေရာဒီလောက်ကောင်းတာကို အကြာကြီးပစ်ထားတာ နှမြောစရာကြီး... သုံးထပ်တိုက်ဆောက်ဖို့ဆုံးဖြတ်လိုက်တာ ကောင်းတယ်ဗျ"
နွေဦးသည် ဝမ်းသာအားရစကားဆိုမိသည်။ သည်လိုမြေနေရာသန့်ပြီး ပတ်ဝန်းကျင်ကောင်းသောနေရာမှာ တိုက်ကောင်းကောင်းလေးဆောက်လိုက်လျှင် နောက်လူတွေထိပါနေနိုင်မည်။
"အန်တီ့ကို သားဘုန်းကအမြဲတိုက်တွန်းပါတယ်ကွယ် အန်တီကသာခေါင်းမာနေခဲ့တာ"
စကားဆိုရင်း အန်တီသည် စက္ကူပင်အောက်က ကွပ်ပျစ်ပေါ်သို့ အသာလေးထိုင်ချလိုက်လေသည်။ ထို့အတူသံချေးတက်နေပြီဖြစ်သော သော့ခလောက်ကြီးနှင့်
ခတ်ထားသည့်အိမ်ဟောင်းကို ငေးကြည့်နေသည်။
"အန်တီ့ယောက်ျားနဲ့ကွာရှင်းတဲ့အချိန် မယားစရိတ်ရခဲ့တဲ့အိမ်လေ အရင်ကတော့ မိသားစုသုံးယောက်ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့အိမ်ပေါ့... ယောက်ျားဟောင်းက နောက်မိန်းမနဲ့ဖောက်ပြန်ပြီး ကွာရှင်းသွားတော့ အန်တီလဲစိတ်အနာကြီးနာပြီး ဒီအိမ်ကိုပစ်ထားလိုက်တာ.. ဒီအိမ်ကိုမြင်ရင် အန်တီ့ဒဏ်ရာဟောင်းတွေပြန်ပေါ်လာသလိုပဲ"
လေညင်းသည် ဟူးခနဲတိုက်ခတ်သွားသည့်အခါ စက္ကူပန်းများသည် မြေပေါ်သို့သက်ဆင်းကြွေကျသွားသည်။ နွေဦးရော ကိုဘုန်းဝေမြင့်ပါ အန်တီ့စကားကို ငြိမ်ငြိမ်လေးနားထောင်မိနေသည်။ နွေဦးသည် သူ့အဖြစ်နှင့်ဆင်တူလှသော အန်တီ၏အဖြစ်ကို စာနာနားလည်နိုင်စွာဖြင့်သာ ငေးကြည့်မိနေသည်။ မဟုတ်ပါဘူး အန်တီ့အဖြစ်က သူ့ထက်ပိုပြီးဆိုးပေမည်။ နွေဦးမှာက ပြင်ဆင်ခွင့်ရခဲ့သေးသည်။
"ဒါပေမဲ့ အခုတော့ဒါတွေလဲပျောက်သွားပါပြီ အချိန်ကကုစားပေးတယ်ပဲခေါ်မလား။ ဒီအိုဟောင်းပျက်စီးနေတဲ့အရာတွေကိုဖြိုချပြီး လှပသစ်လွင်တဲ့အိမ်တစ်လုံးပြန်ဆောက်လို့ရတာပဲလေ သားဘုန်းအိမ်ထောင်ကျရင်လဲ အမွေပေးလို့ရတယ် ဟုတ်တယ်မလား... အန်တီတော့ ဒီနေရာမှာအိမ်အသစ်လှလှလေးတစ်လုံးဖြစ်လာမှာကို တွေးပြီးပျော်နေပြီ"
သူတို့ဘက်ကိုလှည့်လာသည့် အန်တီ့မျက်နှာပေါ်ကအပြုံးသည် သူမအမှန်တကယ်ကို ပျော်ရွှင်နေကြောင်း သက်သေပြနေ၏။ နွေဦးသည် အန်တီနှင့်အတူလိုက်ပြုံးမိသည်။
"ဟုတ်တာပေါ့အန်တီ အဟောင်းကိုဖြိုချပြီး လှပတဲ့အရာတွေအစားထိုးရမှာပေါ့..ကျွန်တော် အလှဆုံးဒီဇိုင်းကိုဆွဲပေးမှာပါ။ အန်တီစိတ်မပူပါနဲ့"
နွေဦးသည် ထိုကတိစကားကိုပေးလိုက်သည့်အချိန်တွင် ပျော်ရွှင်ကြည်နူးခြင်းပီတိကို ခံစားလိုက်ရသည်။ ထိုကတိသည် သူ့ကိုယ်သူပေးသော ကတိလည်းဖြစ်၏။ မျက်စိရှေ့က စက္ကူပန်းများသည် မရပ်မနားကြွေကျလျက်သာရှိသည်။ သူတို့ကိုလက်ခုပ်တီးပြီး ဂုဏ်ပြုပေးနေသည့်အလား။ သူ့နှလုံးခုန်သံသည် မနှေးမမြန် ပုံမှန်။ အရာအားလုံးအသစ်တစ်ဖန်စတင်မည်ဟု ဆုံးဖြတ်လိုက်သောအချိန်တွင် ကြားလိုက်ရသော ရင်ခုန်သံသည်စည်းချက်ကျလို့နေသည်။
ပျက်စီးဆုံးရှုံးရခြင်းက ကောင်းမွန်သောအရာတွေ အသစ်တစ်ဖန်စတင်ဖို့အတွက်လည်း ဖြစ်သည်။ လက်လွှတ်သင့်တဲ့အရာကို အပြီးတိုင်လက်လွှတ်၍ ရှေ့ဆက်လျှောက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းဖြစ်သည်။ နွေဦးရှေ့မှာ ပြုံးပြနေသောအန်တီသည် နွေဦးကိုမျှော်လင့်ချက်များ ပေးစွမ်းနေသည်။မည်မျှပင်နာကျင်သောဒဏ်ရာများဖြစ်ပါစေ တစ်နေ့တွင်ကုစားနိုင်သွားမည်ဖြစ်ကြောင်း ပြောပြနေသကဲ့သို့။ နွေဦးသည်လည်း တစ်ဖန်ပျော်ရွှင်နိုင်ရန်အတွက် အားအင်များရလာတော့သည်။
..................................................................
ဆယ်မင်းဆက်သည် ကြည်ပြာရောင်လဲ့နေသော နာရီဒိုင်ခွက်လေးကို အစဉ်သဖြင့်ကြည့်နေမိသည်။ သူ့လက်ကောက်တွင် ဝံ့ကြွားစွာပတ်ထားသော နာရီလေးသည် ကိုကိုပေးထားသည့် လက်ဆောင်ဖြစ်သည်။ လက်ဆောင်ရပြီးတည်းက မာမီ့ကိုရော ကိုကြီးကိုရောပြပြီး သူကြွားခဲ့သည်။ မမနဒီအပါအဝင် အိမ်မှာအလုပ်လုပ်သူပါမချန် ကိုနွေဦးပေးထားသည့် လက်ဆောင်ဖြစ်ကြောင်း ကြွားမိသည်။
သူဘယ်လောက်ထိပျော်နေလဲဆိုတာ သူ့ကိုယ်သူအသိဆုံး... ကိုကို့အပေါ် သူချစ်ခင်သမျှ ယုယသမျှက ကိုကိုသူ့ကိုအလိုလိုက်ချစ်ခင်ပေးတာတွေကို မမီ။ ကိုကိုက သူ့အပေါ် အလိုလိုက်ချစ်ခင်လွန်းတယ်...ဆယ်မင်းဆက်သည် ထိုမေတ္တာများကိုခံယူရင်း အတိုင်းမသိပျော်ရွှင်နေမိတာ။
ဆယ်မင်းဆက်သည်ပတ်နေကျ iwatchကိုပင် မပတ်တော့ဘဲ ကိုကိုပေးသောနာရီကိုသာ ပတ်သည်။ ထိုအခါ နာရီကိုကြည့်တိုင်း အချိန်စက္ကန့်နှင့်အမျှ ကိုကို့ကိုသာ သတိရနေတော့သည်။
ကိုကိုက သူ့ရဲ့သမုဒယနွေဦးလေး...
ကိုကိုက သူ့ဘဝထဲကို နောက်တစ်ဖန်ဝင်ရောက်လာချိန်မှာ သူ့ဘဝတွင်မည်သည့်အချိန်ကမှမခံစားဖူးသည့် ပျော်ရွှင်ကြည်နူးမှုတို့ ခံစားရသည်။ ကိုကိုက သူ့ဘဝ၏မျှော်လင့်ခြင်းအလင်းရောင်လေး ဖြစ်လာသည်။
ကိုကိုသည် အဆုံးမရှိသောချောက်နက်ထဲ ပိတ်မိနေသည်။ သူသည် ကိုကို့လက်ကိုတင်းတင်းဖမ်းဆုပ်ထားရင်း ကိုကို့နာကျင်မှုများကို မျှဝေနိုင်ရန် ကြိုးပမ်းမိသည်။ သို့ပေမဲ့ကိုကို့နာကျင်မှုအကုန်လုံး ဖယ်ထုတ်နိုင်ရန် သူမစွမ်းသာခဲ့။ စိတ်ဒဏ်ရာအစိုင်အခဲကကြီးလွန်းသဖြင့် လွယ်လွယ်ဖယ်ထုတ်လို့ရနိုင်မှာလည်း မဟုတ်ပေ။
ဆယ်မင်းဆက်က တစ်လျှောက်လုံးနှလုံးသားမရှိသူဟု သတ်မှတ်ခံခဲ့ရသူဖြစ်သည်။ နှလုံးသားထက်တွင် မည်သည့်သံယောဇဉ် အမှတ်တရမှမချန်ရစ်ဘဲ အကုန်လုံးကိုအဆက်ဖြတ်ပစ်ခဲ့သည်ချည်းပင်။ ထိုသို့သောသူက ကိုကို့နှလုံးသားဒဏ်ရာကို ထိပါးဖို့မကြိုးစားရဲချေ။
မာမီနှင့်ကိုကြီးက ကိုကို့ကို သူရည်းစားများခဲ့သည့်အကြောင်းများ
ပြောလိုက်ကြောင်း သိလိုက်ရချိန်
ကဆို သူ့မှာကောင်းကင်ပြိုကျသွားသည့်အတိုင်း တုန်လှုပ်ခဲ့ရသည်။ ကိုကိုက မည်သို့မျှမနေပေမဲ့ သူကတော့ကိုကို့မျက်နှာ ကြည့်ရမည်ကိုပင် ရှက်ရွံ့ခဲ့သည်။
သူဟာ ကိုကို့ရှေ့မှာ ဘယ်လိုမှယောက်ျားကောင်းတစ်ယောက်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့အသိနဲ့ တိတ်တဆိတ်ဝမ်းနည်းမိသေးတယ်...
အတိတ်တွေကသူပြင်ဆင်လို့ရတဲ့အရာမဟုတ်တော့လဲ အခက်သား...
"ဆယ်မင်းဆက် ဒီညbandကနာရီဝက်လောက်နောက်ကျမယ်လို့ပြောတယ် သူတို့ဘက်ကအချိန်ညှိမရလို့တဲ့ အစ်ကိုဘာပြောလိုက်ရမလဲ"
ကိုထိုက်မင်းဆွေသည် ဖုန်းကိုင်ထားရင်း သူ့အနားကိုရောက်လာသည်။ ကိုထိုက်မင်းဆွေစကားကို သူခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
"ရတယ်လို့ပြောလိုက်ပါ အချိန်စောသေးတာပဲ unplugged show နာရီဝက်နောက်ကျမယ်ဆိုတဲ့အကြောင်း pageမှာတင်ပြီးအသိပေးလိုက်ပါ...အရင်နေ့ကတင်တုန်းက အချိန်ပါတင်ထားတာမလား"
"ဟုတ်ပြီ အဲလိုပဲလုပ်လိုက်မယ်"
ကိုထိုက်မင်းဆွေက သူ့အနားကနေထွက်သွားကာ ဖုန်းဆက်ပြောနေသည်။ ဆယ်မင်းဆက်သည် တစ်ဆိုင်လုံးကိုဝေ့ဝဲကြည့်လိုက်သည်။ ဆိုင်အပြင်ဘက်တွင် အမိုးကိုယ်စီနှင့်နေရာထိုင်ခင်းများကို စီစဉ်ထားပြီး အပင်ကြီးများတွင် မီးရောင်စုံများဖြင့် အလှဆင်ထားသည်။ အရာအားလုံးကို သေချာစစ်ကြည့်ပြီးနောက် ဆိုင်အနောက်ဘက်မှာခဏဝင်လိုက်သည်။ လုပ်စရာရှိသည့်အလုပ်များကို ဇယ်ဆက်သလိုလုပ်ပြီးတာမို့ သူခဏနားလိုက်သည်။
အကြာကြီးပစ်ထားမိသောဖုန်းကို စစ်ကြည့်လိုက်သည်။ message နေရာတွင် operator မှပို့သောစာများကလွဲ မည်သည့်စာမှဝင်မနေ။ အရင်ကဆို သူရှုပ်ထားသည့်ဇယားများ အီစီကလီများဖြင့် message boxမှာ ဝင်စာများအပြည့်ဖြစ်နေတတ်သည်။ အခုတော့ ပြောင်းလဲသွားလိုက်တာများ...
ကိုကိုဟုမှတ်ထားသော contactဆီသူဝင်လိုက်သည်။ ကိုကို့ကိုနောက်ဆုံးပို့ထားသည့်စာက /ဘယ်တော့ပြန်လာမှာလဲ လွမ်းနေပြီ/ ဟူ၍ဖြစ်သည်။ နေ့လယ်တည်းကပို့ထားတာ ကိုကို့ဆီက ပြန်စာရောက်မလာသေး။
ကိုကိုက ချေလွန်းတယ်။ ဆယ်မင်းဆက်ရဲ့ အီစီကလီစကားများကို တုံ့ပြန်ဖို့နေနေသာသာ ဖတ်တောင်ဖတ်ကြည့်ရဲ့လားမသိ။
ဆယ်မင်းဆက်သည် စောင့်ဆိုင်းရသောအလုပ်များတွင် ပျော်ဝင်တတ်သူမဟုတ်ပေ။ သို့ပေမဲ့ ကိုကို့ထံက စာလေးတစ်စောင်ရဖို့၊ ဖုန်းတစ်ခါလောက်လေး အရဆက်ဖို့စိတ်ရှည်ရှည်မျှော်ရခြင်းမှာ နေသားကျလာသည်။ ကိုကို့ဆီ စာတစ်ကြောင်းပို့တိုင်း ဖုန်းတစ်ခါဆက်တိုင်း သူ၏အပြာရောင်ရင်ခုန်သံများပါ ထည့်သွင်းထားကြောင်း ကိုကိုကတော့ရိပ်မိမည်မဟုတ်။
/ခင်ဗျားတော့မသိဘူး ကျွန်တော်ခင်ဗျားကို တအားလွမ်းနေပြီဗျ/
ထိုစာကြောင်းများကို စိတ်မရှည်သည့်ဟန် သူပို့လိုက်သည်။ ထို့နောက်
စိတ်ပျက်လက်ပျက်ဖြစ်စွာ ဖုန်းကိုသူထိုင်နေသည့်ဆိုဖာပေါ် ပစ်ထားလိုက်သည်။
ကိုကိုက သူ့စာကိုအဖက်လုပ်မှာမဟုတ်ဘူး...သူ့ရဲ့ခံစားချက်တွေကို ကိုကိုကလျစ်လျူရှုထားတယ်...
သို့ပေမဲ့ ဖုန်းကနေnotiဝင်သံကို ကြားလိုက်ရသည်။ ဆယ်မင်းဆက်မျက်လုံးတို့တွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာသည်။ ဖုန်းကိုအလျင်အမြန်ကောက်ယူကာ စစ်ကြည့်လိုက်သည်။
/ဆယ်လေး ငါအခုမင်းဆိုင်မှာရောက်နေတယ်/
စာကိုဖတ်ပြီးပြီးချင်း ဆယ်မင်းဆက်သည် ဆိုင်အနောက်ဘက်ကနေပြေးထွက်လာမိသည်။ ဆိုင်ထဲမှာ သူ့ကိုလိုက်ရှာနေသော ကိုကို့ကို တွေ့လိုက်ရသည်။
အပြာရောင်ပိုးသားရှပ်အင်္ကျီကို ဂျင်းဘောင်းဘီအနက်တွင်းထည့်ကာ လျော့တိလျော့ရဲဝတ်ထားသည့်ကိုကိုက သူ့ဆိုင်ထဲမှာအထင်းလင်းဆုံး ဖြစ်နေ၏။ တကယ်ကိုကိုပဲ...ဆယ်မင်းဆက်မှာ မျက်နှာပေါ်ကအပျော်တို့ကို ဖုံးကွယ်မထားနိုင်...
ကိုကိုက သူ့ကိုမြင်တော့လက်လှမ်းပြလာသည်။
"ကိုကို"
"မင်း...ငါတစ်ရက်လေးသွားတာကို ကူလီကူမာတွေသိပ်ပို့တာပဲ"
"ကျွန်တော်ကအတည်ပြောတာ"
ဆယ်မင်းဆက်၏နှုတ်ခမ်းအစုံသည် ပြုံး၍သာနေတော့သည်။ မျက်လုံးများက ကြယ်ပွင့်များစုထည့်ထားသလို တလက်လက်လင်းလက်နေသည်မှာ ဆိုင်အတွင်းမှမီးသီးပွင့်တို့ထက်ပင် တောက်ပသည်။ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ရပ်နေကြသည်မှာ ကြားထဲတွင် တစ်ပေသာခြားသည်။
ရုတ်တရက် ဆိုင်အတွင်းမှမီးအရောင်သည် ပြောင်းလဲသွားသည်။ လင်းလက်တောက်ပနေသောအရောင်မှသည် နွေးထွေးသောအဝါရောင်အဖြစ် မှိန်ဖျော့သွားပြီး သံစဉ်တိုးတိုးလေးသည် စတင်ပျံ့လွင့်လာသည်။
ဆယ်မင်းဆက်သည် နွေဦး၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
"ကိုကိုလာ unplugged showစတော့မယ်.."
ကိုကို့လက်ကိုဆုပ်ကိုင်ကာ ဆိုင်အတွင်းပိုင်းဆီသို့ ရှေ့ကနေဦးဆောင်ခေါ်သွားလိုက်သည်။ မှိန်ဖျဖျမီးရောင်အောက်တွင် သက်ဝင်နေသော ပတ်ဝန်းကျင်အခြေအနေထဲသို့ သူတို့နှစ်ယောက်လုံး တိုးဝင်ရောနှောမိကြသည်။
သူတို့သည်ဆိုဖာခုံများနှင့် လေးထောင့်စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ bandသည် စတင်တီးခတ်နေပြီ။ အဖွင့်သီချင်းသည် မည်သို့မျှမျှော်လင့်မထားသော သီချင်းဖြစ်နေသည်။ နူးညံ့တဲ့အမိန့်တော်အတိုင်း ၏သံစဉ်ကိုစတင်တီးခတ်ချိန်တွင် သူသည် bandကိုလှမ်းကြည့်မိသည်။ မြူးကြွရင်းနှီးသော သီချင်းဖြင့် အဖွင့်ကိုစချင်တယ်ထင်ပါရဲ့။
"ကိုကိုဘယ်လိုလုပ်ရောက်လာတာလဲ"
"အင်း ဒီတိုင်းပဲ ပျော်လို့"
နွေဦးသည် ထိုစကားကိုပြောပြီး ဆယ်မင်းဆက်ကို ပြုံးပြလာသည်။ ရယ်ရွှင်မြူးနေသော အငွေ့အသက်များထည့်ထားသည့်ထိုအပြုံးသည် ညအချိန်မှာထွန်းလင်းသော လမင်းထက်ပင်အေးချမ်းလင်းလက်သေးသည်။ ငါးစက္ကန့်ထိကြာမြင့်သော ထိုအပြုံးသာကို တမေ့တမောငေးကြည့်ရခြင်းထက် ပိုကောင်းသည့်အချိန်ကရှိပါဦးမလား။
အပြုံးပွင့်တွေကို ဖန်လုံဘူးထဲထည့်သိမ်းထားချင်တယ် ဟူသောဆုတောင်းစကားများကို ဆယ်မင်းဆက်သည်အခုမှနားလည်တော့သည်။
မဟုတ်ဘူး ကိုကို့အပြုံးက နှလုံးသားထက်မှာရေးထိုးထားချင်တဲ့အထိ ထိုက်တန်တာ...
"အရက်မသောက်ချင်လို့လေ အဲတာကြောင့်လာတာ"
ကိုကို့မျက်လုံးထောင့်စွန်းများက ကော့တင်နေပြီး ပါးစောင်အိအိများကပါ မို့တက်နေသေးသည်။ စေ့ပိတ်ထားသည့်နှုတ်ခမ်းများကအခုထိ အပြုံးကိုချိတ်ဆွဲထားဆဲ။
"အရက်မသောက်ချင်ဘူးဆိုပြီး ဘားကိုလာတာတဲ့လား...ကိုကိုကဘယ်လိုကြီးလဲ"
"မင်းကြောင့်လေ မင်းကတားမှာပဲကို"
~တိမ်လိုနိမ့်ဆင်းလိုက် တိမ်လိုမြင့်သွားလိုက် နာကျင်မဲ့ငရဲလား ကောင်းကင်ဘုံလေးလား အမြဲတို့နှစ်ယောက်တူတူရွက်လွှင့်ခဲ့ နူးညံ့တဲ့အမိန့်တော်အတိုင်း~~
သူ့နောက်ကျောဘက်က သီချင်းသံ...
သူ့မျက်စိရှေ့မြင်နေရတဲ့ ကိုကို့အပြုံးထက် ဘယ်အရာကပိုပြီး ယစ်မူးစေတော့မှာလဲ။
ဆယ်မင်းဆက်သည် ကိုကို့စကားကို ခေါင်းညိတ်ပြလိုက်သည်။ သူ့ရင်ထဲမှာပျော်ရွှင်မှုဟူသော လျှပ်စစ်လှိုင်းလေးသာ ဖြတ်သန်းနေပြီး ထိုအရာသည်ကိုကို့ကြောင့် ဖြစ်၏။
"ဒါပေမဲ့ cocktail လောက်တော့သောက်ပေါ့...ကျွန်တော်ဖျော်ပေးမယ်"
"ရပါတယ် ငါ့အတွက်အလုပ်ရှုပ်မခံနဲ့"
"သိပ်မရှုပ်ပါဘူး"
ကိုကိုက ခေါင်းညိတ်ပြသည်။ သူသည် စားပွဲပေါ်ကမီနူးစာအုပ်ကို ကိုကို့ထံလှမ်းပေးလိုက်သည်။
"ကိုကိုစားချင်တာမှာနော်"
ဆယ်မင်းဆက်သည် Barကောင်တာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကိုကို Barကောင်တာကိုလှည့်ကြည့်လိုက်"
ကိုကိုက ဆယ်မင်းဆက်ပြောသည့်အတိုင်း နောက်လှည့်ကြည့်သည်။
"အဲတာ ငြိမ်းကိုအစစ်လေ ကိုကို"
ပြောပြီးမှ ဆယ်မင်းဆက်ရယ်ချလိုက်သည်။ ကိုကိုပါ သူနှင့်အတူရယ်ချလာသည်။
ထို့နောက် ကိုကိုက မီနူးစာအုပ်ကို ဆက်ကြည့်နေသည်။
"မင်းတို့ဆိုင်က ငါးသံပုရာပေါင်းရသားပဲ"
"အင်း ရတယ် ပင်လယ်စာအချို့လည်းရတယ်... ကိုကိုမှာထားနော် ကျွန်တော်cocktailသွားဖျော်အုံးမယ် Tequila Sunriseဆိုအဆင်ပြေလား"
"အင်းပြေတယ်"
ဆယ်မင်းဆက်သည် Barကောင်တာသို့သွားကာ ငြိမ်းကိုကိုခဏဖယ်ခိုင်းရသည်။ Tequilaပုလင်းကို ထုတ်လိုက်သည်။
အကြာကြီးနေမှ cocktailပြန်ဖျော်ခြင်းဖြစ်သည်။ လွယ်ကူသော recipeမို့သူအချိန်အကြာကြီးယူရန်မလို။ ငြိမ်းကိုလို professional ကိုမဖျော်ခိုင်းဘဲ ကိုကို့အတွက်သူကိုယ်တိုင်ဝင်ဖျော်မိသည်။ သည်cocktailအတွက်တော့ သူ့ကိုယ်သူယုံကြည်ချက်ရှိသည်။
ခွက်ထဲကို Tequila 2 ounces ချိန်ထည့်လိုက်သည်။ fresh orange juiceက 4 ounces... ရေခဲထည့်ပြီး အဖုံးပိတ်ကာshakeလိုက်သည်။ သူ၏ ကျွမ်းကျင်သော လက်များက ပုခုံးနားမှာလှုပ်ခါနေသည်။ ကိုကိုကသူ့ကိုလှည့်ကြည့်လာ၏။ ထိုအချိန်ခဏလေးတွင် ကိုကို့ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ထိုအခါ ကိုကိုက ခေါင်းခါပြီးရှေ့ကို ပြန်လှည့်သွား၏။
သူသည် ကိုကို့လုပ်ရပ်ကြောင့် ခပ်တိုးတိုးလေးရယ်မိသည်။ ကျေးဇူးပြုပြီး ရင်ခုန်သွားလိုက်စမ်းပါ ကိုနွေဦးရာ...
ဖန်ခွက်ရှည်တစ်ခုကိုယူကာ Grenadine လေးပုံတစ်ပုံကိုထည့်လိုက်သည်။ Grenadine ကိုအရင်ထည့်ခြင်းမှာ အနီသွေးရောင်ရင့်ရင့်က အပေါ်ကိုတက်သွား
ကာ တကယ့်sunrise gradient ကိုလိုချင်၍ ဖြစ်သည်။ ရေခဲတုံးများထည့်ကာ shakeထားသည့်အရည်ကို အပေါ်ကနေလောင်းထည့်လိုက်သည်။ ထို့နောက် ဇွန်းအရှည်ဖြင့်အောက်ခြေထိထိုးစိုက်ကာ ဖြည်းဖြည်းချင်းမွှေသည်။ အောက်ခြေမှ အနီသွေးရောင်သည် အပေါ်သို့ပျံ့လာကာ လိမ္မော်ရည်နှင့်ရောနှောလို့သွား၏။ နောက်ဆုံးအနေဖြင့်ဖန်ခွက်ပေါ်တွင် လိမ္မော်သီးတစ်စိတ်တင်ကာ အလှဆင်လိုက်သည်။
နွေဦးသည် cocktailဖျော်နေသော
ဆယ်မင်းဆက်ကိုထပ်မံ လှမ်းကြည့်လိုက်သည်။ bartender ကောင်လေးနှင့်စကားလှမ်းပြောနေသောအခါ ခန္ဓာကိုယ်ကိုကိုင်းထားပါသည့်တိုင် အရပ်ကတော်တော်လေးမြင့်နေသေးသည်။ ကိုယ်ဟန်ဖြောင့်ဖြောင့်၊ နက်စွေးသောဂျင်းဂျက်ကတ်ကိုဝတ်ထားသည့် ဆယ်မင်းဆက်က barအတွင်းရှိတခြားသူများ၏ အာရုံကိုပါဖမ်းစားထားသည်။ ဆယ်မင်းဆက်၏ ထီမထင်သော၊ တခြားသူများကိုလျစ်လျူရှုတတ်သော မျက်လုံးအကြည့်များကို နွေဦးသည် ယခုမှပြန်မြင်လိုက်ရသည်။ နွေဦးဘေးနားရှိချိန်ဆို ခွေးပေါက်လေးတစ်ကောင်လို မျက်လုံးလဲ့လဲ့များနှင့်ကြည့်သောကြောင့်ယခုလိုအားပြင်းသောမျက်ဝန်းအကြည့်များကို မြင်တွေ့ရန်ခဲယဉ်းလှသည်။
ဖျော်ပြီးသားcocktail ဖန်ခွက်ကို ဆယ်
လေးသည် သူ့ဆီယူလာတာမြင်သောအခါ သူသည်ရှေ့ကိုပဲပြန်လှည့်လိုက်သည်။
ဆယ်မင်းဆက်သည် cocktailဖျော်နေစဉ်ကလိုစူးရဲသောအကြည့်များဖြင့်မဟုတ်ဘဲ နူးညံ့သောမျက်နှာနှင့်ပြုံးပြလာကာ cocktail ဖန်ခွက်ကို သူ့ရှေ့ချပေးလာသည်။
"မင်းမန်နေဂျာထင်တယ်၊ ငါ့ကိုမင်းဧည့်သည်မှန်း သိလို့နေမယ် ငါမမှာတဲ့ဟင်းတွေအများကြီးပါ လာချပေးသွားတယ်"
"အင်း... ဒါနဲ့ ငါးသံပုရာကဘာလို့မပါတာလဲ၊ ကိုထိုက်မင်းဆွေမေ့တာနေမယ်"
"မဟုတ်ဘူး ငါပြန်ပို့လိုက်တာ ဒါနဲ့မင်းရောမသောက်ဘူးလား"
"ဟင့်အင်း ကျွန်တော်ကမလိုဘူး"
ကိုကိုရှိနေပြီပဲ...ယစ်မူးပျော်ဝင်ဖို့ အယ်လ်ကိုဟောက လိုပါတော့မလား...
ကိုကိုက သူဖျော်ပေးထားသည့် cocktailကိုတစ်ငုံသောက်၏။
"လန်းဆန်းသွားတာပဲ...ဆယ်လေးက ဒီဘက်မှာလဲ အရည်အချင်းရှိသားပဲ"
"ကိုကို့ဆယ်လေးက အားကိုးရတယ်မလား"
ဆယ်မင်းဆက်၏ကလူမြှူသောစကားကို ကိုကိုကမည်သို့မျှမနေ။ ကိုကိုရှက်သွားလောက်သည်ထိလည်း သူ မပြောရဲပေ။ အနားရောက်လာသော စားပွဲထိုးကို ငါးသံပုရာပေါင်းပြန်ချပေးရန် ပြောလိုက်သည်။
"ကိုကိုဒီနေ့ တကယ်ပျော်နေပုံပဲ...မျက်နှာလေးကို ကြည်လင်နေတာ"
"ဟုတ်လား"
နွေဦးသည် ထိုစကားကြောင့်နှစ်ဆပိုပျော်သွားသည်။ သူသည် ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတော့မည်ဖြစ်ကြောင်း၊ စိတ်ဒဏ်ရာများကို ရအောင်ကုစားတော့မည်ဖြစ်ကြောင်း တစ်ယောက်ယောက်ကိုဖြစ်ဖြစ် အသိပေးချင်လာသည်။ ထိုတစ်ယောက်ယောက်က ဆယ်မင်းဆက်ဖြစ်နေခဲ့သည်။
"လက်လွှတ်ချလိုက်တော့လဲ ပျော်စရာကောင်းလာသားပဲနော်"
"ဒါပေါ့ နှလုံးသားထဲကလေးလံနေသမျှတွေ လွှတ်ချနိုင်တာလောက် ပျော်စရာကောင်းတာမရှိဘူး"
ဆယ်မင်းဆက်လွှတ်ချဖူးတာတော့ ဒယ်ဒီ့ကိုဆုံးရှုံးလိုက်ရသည့် အဖြစ်အပျက်ဆိုးကိုဖြစ်သည်။ ပြန်ပြင်၍မရနိုင်သည့်မတော်တဆမှုတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စရာမလိုကြောင်း သူနားလည်ဖို့ therapist နှင့်ပြကာ နှစ်ရှည်လများကြိုးစားလိုက်ရသည်။ ကိုကို့ကို ထိုသို့အချိန်အကြာကြီး ထမ်းမထားစေချင်ပါ။
"ငါဆုပ်ကိုင်ထားမိတာ ငါကိုယ်တိုင်ခံယူထားတဲ့ အမှန်တရားတစ်ခုဖြစ်နေခဲ့တာ"
ကိုကို့အသံကကြည်လင်ပြီး ချိုမြနေသည်။ ထိုအချိန်တွင် သူတို့စားပွဲဝိုင်းကို ငါးသံပုရာပေါင်း လာချပေးသည်။
ဆယ်မင်းဆက်သည် လက်အိတ်ကိုစွပ်ကာ ငါးအသားများကိုခွဲချလိုက်သည်။
နွေဦး၏အကျင့်ကို ဆယ်လေးသည် အချိန်အကြာကြီးအနားမှာ မနေရဘဲနားလည်နေသည်။ သူသည် သူ့အမေအရိုးနွှင်ပေးသည့်ငါးကလွဲ မည်သည့်ငါးကိုမျှမစားပေ။ ဆယ်မင်းဆက်ကသူ့အတွက် တကူးတကနွှင်ပေးဖို့ ဆန္ဒရှိနေသည်။
"ကိုကို ဆက်ပြောလေ ကိုကိုစွန့်လွှတ်လိုက်တဲ့ အမှန်တရားကဘာလဲ"
ဆယ်မင်းဆက်မျက်နှာက ပကတိကြည်လင်နေသည်။ ဤမျှပူလောင်လွန်းလှသော အချစ်ဆိုသည့်အရာကို ထိုကလေးက ကြုံဖူးလောက်မည်မထင်။ မကြုံဖူး မသိဖူးတာပဲ ကောင်းပါတယ်လေဟု နွေဦးသည် တွေးမိသည်။ တစ်သက်လုံး မဖျောက်ဖျက်နိုင်မဲ့ ဒဏ်ရာအမာရွတ်ကျန်မှာထက်စာလျှင် တစ်သက်လုံးမချစ်တတ်တာက ပိုကောင်းဦးမည်။
"ဓနသိုက်က အရင်ကဓနသိုက်မဟုတ်ဘူးဆိုတာကိုပေါ့...သူငါ့ကိုချစ်ခဲ့ပါတယ်...အဲတာငါတို့ချစ်သူဖြစ်တုန်းကပဲ၊ အဲဒီဓနသိုက်ကအခုမရှိတော့ဘူး...အရင်ကချစ်ခဲ့ပေမဲ့ အခုတော့ငါ့ကိုမချစ်တော့ဘူးဆိုတာကိုပေါ့"
ဆယ်မင်းဆက်သည် ကိုကို့မျက်နှာကို လှမ်းကြည့်လိုက်သည်။ ကိုကို့မျက်လုံးများက အရင်ကလိုမှိုင်းညို့မနေ။ အသစ်ပွင့်လန်းလာသော စံပယ်ပန်းတစ်ပွင့်လို ကြည်လင်သန့်စင်နေသော မျက်နှာလေးကို ဆယ်မင်းဆက်သည် အကြည့်မလွှဲမိ။ ဘဝ၏အနိမ့်အမြင့်များ၊ လောကဓံများနှင့် ဒဏ်ရာဒဏ်ချက်များကို ကြံ့ကြံ့ခံလာပြီးသော နွေဦးသည် ဆယ်မင်းဆက်အတွက် တန်ဖိုးဖြတ်မရသော ရတနာတစ်ပါးပင်။
"အဲလောက်ရိုးရှင်းတဲ့ အမှန်တရားကိုလက်ခံဖို့ ငါတော်တော်ရုန်းကန်လိုက်ရတယ်...အင်းလေ ငါကလဲအမှန်တရားတစ်ခုကို တရားသေမှတ်ယူထားမိတာကိုး။ အချိန်နဲ့လူတွေက ပြောင်းလဲနိုင်တယ်...အချိန်နဲ့လူတွေကပြောင်းလဲသွားရင်တောင် အချစ်ကဘယ်တော့မှမပြောင်းဘူး...ပြောင်းလဲသွားရင်အဲတာက အချစ်မဟုတ်ဘူး ဆိုပြီးတော့အမြဲတမ်းခံယူထားခဲ့တာ။ အခုအဲအမှန်တရားကို ငါလက်လွှတ်လိုက်ပြီ...အချစ်ကလဲပြောင်းလဲနိုင်တယ်ဆိုတာ ငါလက်ခံလိုက်ပြီ"
ဆယ်မင်းဆက်နှလုံးသားအခန်းငယ်သည် ခွမ်းခနဲကြေမွသွားသည်။
ကိုကိုက ပျော်ရွှင်နိုင်ဖို့အတွက်သွေးစိမ်းရှင်ရှင်ထွက်လောက်တဲ့ အချက်ကိုလက်ခံခဲ့တယ်...တဲ့လား။ ဒီအရာကဝမ်းနည်းဖို့ကောင်းလွန်းတယ်။ ဒဏ်ရာအနာကျက်ဖို့ ကိုယ့်အသွေးအသားတွေကို ဖြတ်ထုတ်လိုက်ရသလိုမျိုး... မကောင်းတဲ့အစိတ်အပိုင်းတွေကို အနာခံပြီး ထုတ်ပစ်လိုက်ရတာ။
ကိုကို့ကို အချစ်ကမပြောင်းလဲနိုင်ပါဘူးဟု သူပြောချင်လာသည်။ သို့ပေမဲ့ သူသည်နှုတ်ဆိတ်၍သာနေလိုက်သည်။
သူလိုလူက ဘာများသက်သေပြနိုင်မှာမို့လို့လဲ။ ကိုကို့နားမှာ အချိန်ခဏလေးပဲ ကပ်တွယ်နေရသေးတဲ့ သူလိုလူကလေ။
ကျေးဇူးပြုပြီး ကိုကိုအချစ်ကိုတော့ လက်မလျှော့ပါနဲ့...
"ကိုကို တစ်နေ့ကျရင် ကိုကို့အတွက်ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ရောက်လာမှာပါကိုကိုအဲတာတော့ ယုံကြည်ထားမှဖြစ်မယ်"
"အင်း ဆယ်လေး"
နွေဦးသိသော ပျော်ရွှင်မှုထဲမှာ အချစ်က ပါဝင်တော့မည်မဟုတ်ပေ။ မပြောင်းလဲသည့်အချစ်။ ထိုအရာကိုပိုင်ဆိုင်ခွင့်ရသူက ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသာဖြစ်လိမ့်မည်။ နွေဦးသည် ရှေ့ဆက်မည့်ဘဝတွင် ထိုအရာမရှိဘဲနေမည်ဟု ဆုံးဖြတ်ထားသည်။
ဆယ်မင်းဆက်သည် ဝဲတက်လာသည့်မျက်ရည်စများပျောက်အောင် ခေါင်းငုံ့လိုက်၍ မျက်တောင်များကို ပုတ်ခတ်လိုက်သည်။ ကိုကို့နာကျင်မှုက သူ့နာကျင်မှုပဲ။ တစ်စုံတစ်ယောက်ကို ငြိတွယ်မိတာနှင့် နာကျင်မှုကအနည်းအများပါလာမှာပဲလေ။ ထိုသူ့ကြောင့်ရသည့်နာကျင်မှုကို ချွေးသိပ်နိုင်တာကလည်း ထိုသူပဲ။
~ကြယ်ပန်းလေးတွေပျိုးခဲ့
အို မင်းလေးပန်ဖို့အတွက်
ရှိသမျှအချိန်တွေရယ် မင်းအရိပ်များနဲ့
လွင့်ပျောက်သွားခဲ့
မင်းတစ်ယောက်သာငါ့ရဲ့
အမြဲမက်တဲ့အိမ်မက်
အချစ်ရဲ့ခေါ်ဆောင်ရာ တစ်စိုက်မတ်
မတ်နဲ့မျောလွင့်ရင်း ငါကမ္ဘာမြေပေါ်
နေထိုင်ခဲ့..... အရာရာငါကျေနပ်တယ်
ဘဝတစ်ခုကိုပုံဖော်ဖို့အတွက်
မင်းရှိမှပြည့်စုံနိုင်မယ်~~
unplugged showဆီက နောက်ထပ်သီချင်းတစ်ပုဒ်။ ကိုကိုသည် သူ့ရင်ထဲကအစိုင်အခဲများ ဖွင့်ထုတ်ပြီးသွားတာမို့စိတ်လက်ပေါ့ပါးသွားဟန်ရှိသည်။
ကိုကိုသည်ဝက်နံရိုးကြော်ကို ယူစားနေရင်း သီချင်းနားထောင်နေသည်။
ဆယ်မင်းဆက်သည် နွှာပြီးသားငါးအသားဖတ်များကို ကိုကို့ရှေ့ချပေးလိုက်သည်။
ကိုကို့ဆီက ပင်လယ်လေပြည်၏ရနံ့သင်းလေးသည် သူ့နှာဖျားသို့လာရောက်ကျီဆယ်သည်။ ကိုကိုမို့ သည်ရေမွှေးကို ရွေးသုံးတတ်သည်။ ရေမွှေးသည် ကိုကို့ခန္ဓာကိုယ်အပူချိန်၊ ကိုယ်သင်းရနံ့တို့နှင့် ပေါင်းစပ်သွားသောအခါ ဆယ်မင်းဆက်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆွတ်ရနံ့လေးဖြစ်လာတော့သည်။ ကိုကို၏ဆွဲဆောင်နိုင်မှုက တော်ရုံတန်ရုံမဟုတ်။
အင်္ကျီကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး သက်သောင့်သက်သာထိုင်နေသော
ကိုကိုက တစ်ချက်တစ်ချက် ကော့တေးခွက်ကိုယူသောက်သည့်အခါ အာလူးမာလာပန်းကန်ဆီတူနှင့်လက်လှမ်းယူသည့်အခါများတွင် ရိပ်ခနဲ ဖျတ်ခနဲဖြင့် ကိုကို၏ ဝါရွှေနုဝင်းသော ရင်ဘတ်အသားရည်များကို မြင်ရတတ်သည်။ ထိုအခိုက်အတန့်များတွင် အသက်ရှူဖို့တမင်မေ့လျောသွားသည်အထိ အသက်အောင့်မိသည်အထိ သူစိတ်လှုပ်ရှားရသည်ချည်း။ လည်တိုင်ကြော့ကြော့၊ မေးရိုးထင်းထင်း၊ နီသွေးပါးလျသောနှုတ်ခမ်းသားတစ်စုံ၊ မျက်လုံးထောင့်အောက် နားထင်ဘေးနားက အမှတ်နီစွေးလေး အရာအားလုံးဟာ သူ့နှုတ်ခမ်းတွေအလည်သွားချင်စရာကောင်းလောက်အောင် ဖိတ်ခေါ်ဆွဲဆောင်နေသည်။ ဤအခိုက်အတန့်မှာ ဆယ်မင်းဆက်သည် လိပ်ပြာတစ်ကောင်သာ ဖြစ်လိုက်ချင်သည်။ ဖြစ်ခဲ့လျှင် ကိုကို၏မျက်တောင်ဖျားများပေါ် နှာခေါင်းထိပ်ဖျားပေါ် သူနားခွင့်ရနိုင်သည်။ ကိုကို့ကို အတိုင်းအဆမရှိ သူနမ်းနိုင်သည်။
ဆယ်မင်းဆက်သည် သူ၏ထိန်းချုပ်မရသော စိတ်ဆန္ဒများကို အတင်းချိုးနှိမ်ထားရသည်မှာ လက်ထိပ်ဖျားပင် ထုံကျဉ်လာသည်အထိ။
ကိုကိုက ကြည်ပြာရောင်ပင်လယ်ပြင်ကြီးသာ ဖြစ်သည်။ သူသည်မျက်စိစုံမှိတ်၍ ထိုသူ့ထံပါးခုန်ဆင်းပျော်ဝင်နေမိသည်။ ကိုကိုဟူသော အချစ်ပင်လယ်ထဲတွင် မမောနိုင်မပမ်းနိုင် လက်ပစ်ကူးခတ်ချင်သည်။ သူ့အဖြစ်ဟာ ကမ်းမမြင်လမ်းမမြင်။
ကိုကိုသည် unplugged showဆီကသီချင်းကိုသာ စိတ်ဝင်တစားစီးမြောခံစားနေသည်။
ဒီလူသားကို သူ့ရင်ခွင်ထဲပွေ့ဖက်ထားချင်လိုက်တာ...ရင်ခွင်ထဲထွေးဖက်ထားရင်း ကိုကို့ရဲ့ နဖူးပြေပြေလေးကို ခပ်ဖွဖွလေးနမ်းရှိုက်ရင် ကိုကိုကသူ့ကိုပြုံးပြလောက်မလား...ထိုအခါ ထိုအပြုံးကသိမ်မွေ့စွာဖြင့် လှရက်လွန်းလို့ ဆယ်မင်းဆက်သည် နေရာမှာပင် မေ့လဲသွားလောက်မလား...
ဆယ်မင်းဆက်သည် ကိုကို့ကိုထိုင်ကြည့်နေရင်း မျက်ရည်ကထပ်လည်ချင်လာသည်။ သူဤမျှထိမြတ်နိုးသဘောကျလွန်းလို့ ဘယ်လိုလုပ်ရပါ့။ သည်ဖြစ်တည်မှုက တန်ဖိုးကြီးလွန်းလို့ ဘယ်လိုတယုတယမြတ်နိုးရမလဲဆိုတာ သူမစဉ်းစားတတ်တော့သည်အထိ။
သူ့ရှေ့သုံးပေအကွာမှာရှိနေသော ကိုကိုက နီးနီးလေးနှင့်ဝေးနေရသလို ခံစားရစေ
သူ။ သည်အကွာအဝေးထက်ပိုပြီး ရှေ့တိုးလိုက်လျှင် ဘာတွေဖြစ်လာနိုင်လဲ။ အရိပ်လေးတောင် ဖမ်းဆုပ်မရသည်အထိ ပိုပြီးဝေးကွာသွားမှာလား...သို့မဟုတ် သူမျှော်လင့်သလို သူ့ရင်ခွင်ထဲထည့်ထားလို့ရသည်အထိ နီးကပ်သွားမည်လား...
ဆယ်မင်းဆက်သည် ကျန်နေသော ငါးအရိုးများကိုသာ အပြီးသတ်နွှင်ပေးလိုက်သည်။ အလကားနေရင်း စိတ်ဆင်းရဲမနေချင်တော့။
သူ့ရှေ့မှာရှိနေတဲ့သူကို သူတတ်နိုင်တာအကုန်ပုံပြီး ချစ်ပြလို့ရတယ်...အချိန်နာရီတွေ တည်ရှိနေသရွေ့ ကိုကို့ဘေးနားနေခွင့်ရနေသရွေ့ သူကံကောင်းနေတာပဲလေ...
သီချင်းသံသည် ဆက်တိုက်ပျံ့လွင့်နေဆဲ။ နွေဦးရှေ့နောက်ထပ်ရောက်လာသည့်ငါးသံပုရာပေါင်း ပန်းကန်။ တဖြည်းဖြည်းတိုးလျလာပြီး အဆုံးသတ်နားကိုရောက်လာတဲ့ သီချင်းသံ...အဆုံးသတ်စာသားက
~အချစ်ကြောင့်ပါပဲ~ တဲ့လေ...