နွေဦးသည် အရာရာစိတ်တိုင်းမကျဘဲဇီဇာကြောင်နေသော clientကို ကျေးဇူးတင်ရမည်လားပင် မပြောတတ်။ သူ့စိတ်အခြေအနေတစ်ခုလုံး ကမောက်ကမဖြစ်နေသည့်တိုင် အာရုံစိုက်စရာတစ်ခု လမ်းလွဲစရာတစ်ခု ရှာတွေ့သည်ကိုပင် ပျော်နေတော့သည်။ အဆုံးစွန်သော ကြိုးစားမှု၊ နွေဦးသည် clientအပ်ထားသော ပရောဂျက်ပေါ်တွင် သူ၏အရာရာကိုပုံထားသည့်အတိုင်း ကြိုးစားနေမိသည်။
ရုံး၌ ကိုလင်းမာန်အပါအဝင် တွေ့သမျှလူများက "ကိုနွေဦး အိပ်ရေးမဝဘူးထင်တယ်" ဟု မေးမြန်းကြ၏။ ထိုမျှတင်မက ဖြူလျော့နေသောသူ့ပုံစံကြောင့် နေမကောင်းဘူးလား ဟူ၍ မေးမြန်းကြသေးသည်။ မျက်တွင်းဟောက်ပက်ဖြစ်လုနီးပါး သူ့ပုံစံသည် သတိထားစရာဖြစ်သည်အထိ အခြေအနေဆိုးနေသည်။
နွေဦးသည် ညဘက်အိပ်မပျော်နိုင်။
မျက်လုံးမှိတ်လိုက်သည်နှင့် ဓနသိုက်နှင့်သူ့ဘေးကကောင်လေးတို့၏ ပုံရိပ်ကိုသာမြင်ရသည်။ ထို့နောက်သူနှင့်ဓနသိုက်အတူပျော်ရွှင်ခဲ့သောအချိန်များ။ သူတို့နှစ်ယောက်မရေမတွက်နိုင်အောင် ဒိတ်ခဲ့ကြသည်။ အတူရှိခဲ့သည့်အချိန်တွေက ထုထည်ကြီးမားလွန်းလှသည်။ သူ့ရင်ထဲမှာရှိသည့် အမှတ်တရများသည် တဝုန်းဝုန်းဖြင့်ပြိုကျပျက်စီးလျက်ရှိ၏။ ဒါကိုသူသည် မတားနိုင်။
စိတ္တဇသူရူးပမာ သူသည်အခန်းကျဥ်းထဲမှာ ရူးမတတ်ခံစားနေရ၏။ တစ်စုံတစ်ယောက်ကို ချစ်ခဲ့မိခြင်း၏အကျိုးဆက်က သေရာပါဒဏ်ရာနှင့် နာကျင်မှုဖြစ်သတတ်။ သူ၏ အချစ်သည် သဲသောင်ပြင်ပေါ် အသေးစိတ်လှပစွာတည်ဆောက်မိခဲ့သော ရဲတိုက်ငယ်သာဖြစ်သည်။ ပင်လယ်ရေတွေတိုက်စားသွားကာ ပြိုပျက်သွားခြင်းကို သူသည်ဤအတိုင်းလေး ထိုင်ကြည့်ရုံသာတတ်နိုင်သည်။
ကံကြမ္မာကြောင့် ဟူ၍လည်း ရိုးမယ်ဖွဲ့မစွပ်စွဲချင်ပါ။ အပြစ်ရှိသူသည် ဓနသိုက်သာဖြစ်သည်။ ပြောင်းလဲသွားသည့် ဓနသိုက်ဖြစ်သည်။ နှလုံးသားတစ်ခုတည်းနှင့်အမျိုးမျိုးအဖုံဖုံပြောင်းလဲနိုင်သူကြောင့်သာပင်။
လွမ်းတစ်လှည့် နာကျည်းတစ်လှည့်....နာရီစက်တွေတစ်ပတ်ပြီးတစ်ပတ်လည်သလို ထိုခံစားချက်များသည် ပတ်လည်ရိုက်လျက်ရှိသည်။
အမှန်တရားတစ်ခုကို ရင်ဆိုင်ရန် အတင်းအဓမ္မ စေခိုင်းခံလိုက်ရသည့် သူ့အတွက် ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် ပြင်ဆင်ချိန်တောင်မရှိခဲ့။
နွေဦးသည် စင်ပေါ်ထောင်ထားသည့်ဓာတ်ပုံများကိုသိမ်းဆည်းလိုက်သည်။ သူ့ကွန်ပျူတာဖိုင်ထဲမှာ ရှိနေဆဲဖြစ်သည့် အတူနေရန်အိမ်ပုံစံဒီဇိုင်းကို သူလုံးဝဖျက်ချလိုက်သည်။ ထို့နောက် သိမ်းထားသော
ဓာတ်ပုံများ၊လက်ဆောင်များ အကုန်လုံးကိုသိမ်းဆည်းထုတ်ပိုးပြီး မီးရှို့ပစ်လိုက်သည်။
တစ်နေ့တည်း အကုန်လုံးကို အစအနမကျန်အောင်ဖျက်စီးပစ်လိုက်ပြီးနောက် သူ့ထံမည်သည့်အရာမှ မကြွင်းကျန်ရစ်ခဲ့ပေ။
အလှဆုံးသောအမှတ်တရများ အရူးအမူးဖြစ်ခဲ့ရသောရင်ခုန်သံများနှင့် သူ့အတိတ်၊ ရည်းစားဦး အချစ်ဦးမို့ ရူးမတတ်ချစ်ခဲ့ရခြင်းများသည် လေထဲတွင်ပြန့်ကျဲသွားပါသော ပြာမှုန်များလို လွင့်စင်ပျောက်ကွယ်သွားသည်။
နွေဦးထံ၌ မည်သို့မှဖျောက်ဖျက်မရဘဲ ကျန်ခဲ့သည့် ဒဏ်ရာများကတော့ ကုစားနိုင်ဖို့ရာ လမ်းမမြင်။ ဒဏ်ရာဟောင်းမကျက်ခင် ဒဏ်ရာအသစ်ကဖြစ်ပေါ်သည်။ မည်မျှပင် နာကြည်းမုန်းတီးပါသည်ဆိုဆို သူ့အချစ်ကစစ်မှန်ခဲ့တာမို့ ခံစားရသည်မှာ အလူးအလဲ။ တစ်နေ့ခင်းလေးအတွင်းဖြစ်ပွားခဲ့သော အဖြစ်အပျက်သည် သူ့ရင်ကိုဟောင်းလောင်းပေါက်ဖြစ်သွားသည်အထိ နာကျင်စေသည်။ မခံမရပ်နိုင်လောက်သည်အထိ နှိပ်စက်ညှဥ်းပန်းနေတော့သည်။
.................................................................
ဆယ်မင်းဆက်သည် ကိုကို့အိမ်တံခါး၏လျှို့ဝှက်နံပါတ်ကို ရိုက်လိုက်သည်။ လျှို့ဝှက်နံပါတ်သည် ကြုံရာကျပန်းပေးထားသော နံပါတ်တစ်ခုသာဖြစ်သည်။ ကိုကိုသည် ဖုန်း၊လက်ပ်တော့ စသည်တို့၏ လျှို့ဝှက်နံပါတ်များကိုလည်း တွေ့တဲ့နံပါတ်ကောက်ပေးလိုက်တာပဲ ဟု ပြောဖူးသည်ကို သတိရသည်။ ဤမျှ များပြားတဲ့ ဗြောက်သောက်နံပါတ်များကို ကိုကိုမည်သို့မှတ်နိုင်လဲမသိ။
သည်အိမ်ကိုမရောက်တာ ကိုကို့ဘေးနားကိုမရောက်တာ တစ်ပတ်ကျော်သွားပြီ။ တိတိကျကျပြောရလျှင် ကိုကိုငိုနေတာကို တိတ်တခိုးနားထောင်မိသည့်နေ့တည်းကပင်။
အသည်းကွဲသောအခါ ဘယ်လိုခံစားရသလဲ ဘယ်လိုရင်ဆိုင်ကြသလဲဟူသော မေးခွန်းကို သူသည်ကိိုကြီးကိုလည်းမေးသည်။ ထက်သူကိုလည်းမေးကြည့်သည်။ နှစ်ယောက်လုံးထံမှ တူညီသောအဖြေသည်ကား ထိုအချိန်တွင် မည်သူကိုမှတွေ့ချင်စိတ်မရှိဘူး ဟူ၍။ ဒါကိုပင် သူသည် ကိုကို့ကိုဖုန်းခေါ်တိုင်း "ကျွန်တော်လာခဲ့ရမလား" ဟု သွေးတိုးစမ်းပြီး မေးကြည့်သည်။ သို့ပေမင့် "မလိုဘူး မလာနဲ့" ဆိုသည့် ခိုင်မြဲပြတ်သားသော အငြင်းစကားကိုပဲကြားရမြဲ။
သို့တစေသူသည်ယနေ့တော့ ကိုကို့အိမ်ကိုရောက်အောင်လာခဲ့သည်။ သူ့မှာဖြေရှင်းစရာ ဆင်ခြေရှိသည်။ ကိုကိုမေးလျှင်"အန်တီနုနုက ကိုကို့ကိုစိတ်ပူနေလို့ ကျွန်တော့်ကိုလာကြည့်ခိုင်းတာ" ဟု ဖြေလိုက်မည်။
တိုက်ခန်းသည် အရင်ကနှင့်မတူဘဲ များစွာခြားနားလျက်ရှိသည်။ အမြဲတစေတောက်ပြောင်နေသောအခန်းသည် ယခုတော့ဖုန်စတချို့ပင်ရှိနေသည်။ ပုံကြမ်းဆွဲထားသည့် စက္ကူများ၊ ဖျော်ရည်ဘူးခွံများနှင့်အမှိုက်များသည် ဧည့်ခန်းထဲတွင် ပြန့်ကျဲလို့နေသည်။ အပေါ်ဝတ်အင်္ကျီတို့သည်လည်း ဆိုဖာပေါ်တွင်အပုံလိုက်။ မီးဖိုချောင်သည်လည်း ထိုနည်းတူ....မဆေးရသေးသည့် ပန်းကန်များ ကော်ဖီခွက်များသည် ဘေစင်ပင်မဆန့်တော့။
ပြုတ်လက်စ ခေါက်ဆွဲများ၊ ဖရိုဖရဲဖြစ်နေသော လျှပ်စစ်ဒယ်အိုးများ၊ သိုးနံ့ထွက်နေပြီဖြစ်သည့် ထမင်းအိုး။ ပလူများအုံနေပြီဖြစ်တဲ့ သစ်သီးဝလံပန်းကန်။
ဆယ်မင်းဆက်သည် အခြေအနေကိုကြည့်ပြီး တော်တော်ကြီးကိုဒေါသထွက်သွားတယ်။ သူ့ကိုယ်သူ စိတ်ငြိမ်အောင် အတော်လုပ်ယူလိုက်ရတယ်။ ကိုကို ဒီလောက်ထိ ဖြစ်သွားတာ ဘယ်သူ့ကြောင့်မို့လဲ။
သူသည်ကိုကို့ကို လွန်စွာအထင်ကြီးမိသွားဟန်တူသည်။ ကိုကိုက အနည်းဆုံးတော့ သူ့ကိုယ်သူဂရုစိုက်လိမ့်မည်ဟု အထင်မှားကာ ယုံကြည်ခဲ့မိ၏။ အခုတော့ကြည့်ပါဦး။
ဝရန်တာမှာထားသည့် စားပွဲခုံပေါ်နှင့်ကြမ်းပြင်ပေါ်မှာလည်း ဘီယာဘူးနှင့်အရက်ပုလင်းများကိုသာတွေ့ရသည်။ စီးကရက်အတိုများသည်လည်း မရေမတွက်နိုင်အောင်။
ဆယ်မင်းဆက်ရင်ထဲ စူးခနဲ။ နင့်သည်းလှသော ဝေဒနာသည် သူ့ဆီဝင်ရောက်လာသည်။ သူ၏ ပျော်ရွှင်ခြင်းရပ်ဝန်းလေးတွင် ပြင်းထန်သောမုန်တိုင်းထန်သွားခဲ့သည်မှာ သူကိုယ်တိုင်ပင်မည်သို့လုပ်ရမှန်းမသိတော့သည်အထိ။
သူ ကိုကို့ကို ဘယ်လိုလုပ်ရပါ့။
အမြဲတစေ သန်မာမှုဖြင့်တင့်တယ်နေသောထိုသူသည် ကိုယ့်ဘဝကိုယ် ဤမျှအထိဖျက်ဆီးပစ်နေသည်။
ကိုကိုအရင်ကလိုပြန်ဖြစ်အောင် သူပြန်ဆွဲခေါ်မှာ။ မဟုတ်ဘူး ကိုကိုရဲ့ဘဝက အရင်လိုပဲနွေဦးရာသီဖြစ်အောင် သူဖန်တီးမှာ။ ကိုကိုက နာကျင်ခြင်းဆိုတာကို စာလုံးမပေါင်းတတ်တော့တဲ့အထိ သူကထွေးပွေ့မှာ။
သူ့ကိုကိုကို ပျော်ရွှင်အောင် လုပ်ပေးမှာ။
ဆယ်မင်းဆက်သည် တစ်အိမ်လုံးကိုစပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ ဧည့်ခန်းကို သေချာသန့်ရှင်းပြီး အဝတ်ပေများကိုလည်း အဝတ်လျှော်စက်ထဲထည့်လိုက်သည်။ ထို့နောက်မီးဖိုခန်းထဲရှိ အမှိုက်များ စားကြွင်းစားကျန်များကို လွှင့်ပစ်သည်။
အမှိုက်ပုံးထဲတွင် ထမင်းနှင့်ဟင်းများစွာ သွန်ထားသည်ကိုတွေ့ရသည်။ သူဘယ်နှစ်ကြိမ်မြောက်သက်ပြင်းချမိမှန်းပင်မသိတော့။
ကိုကိုက မစားဘဲနေနေတာလား။ ဆက်မင်းဆက်သည် စိတ်တိုဒေါသထွက်လာသည်မှာ ချက်ချင်းပင်ဓနသိုက်ကို ပြေးထိုးလာချင်တဲ့အထိ။ ထွက်သွားပြီးရင်လည်း အဲမှာပဲအရိုးဆွေးပြီးသေတဲ့အထိ နေလိုက်ပါတော့လား။
ဆယ်မင်းဆက်သည် စားပွဲခုံကို လက်သီးဖြင့် ထုချလိုက်သည်။
ထို့နောက်သူသည် အေပရွန်ကိုဝတ်ကာ ပန်းကန်များစတင်ဆေးကြောတော့သည်။
အချိန်နှစ်နာရီကျော်လောက် မရပ်မနားသန့်ရှင်းရေးလုပ်ပြီးသည့်အခါ ကိုကို့အိမ်ကအရင်လို ဖြစ်သွားသည်။ တစ်အိမ်လုံးကို ကိုကိုသုံးနေကျ air fresherဖြင့်ဖျန်းလိုက်သည်။
မီးဖိုခန်းထဲက ဘီရိုကိုဖွင့်လိုက်တော့ သူစားနေကျမုန့်များကို အရာမယွင်းတွေ့လိုက်ရသည်။ ကိုကိုသည် အိမ်လျှို့ဝှက်နံပါတ်ကိုပေးပြီးတည်းက သူကြိုက်သည့်မုန့်များကိုဝယ်ထည့်ပေးထား၏။
သူသည် ဘီစကွတ်ပေါ်ချိစ်ခရင်တင်ထားသော မုန့်ကိုဖောက်စားလိုက်သည်။ ဝေဖာများ၊ အာလူးကြော်များ၊ chocopieနှင့်ဂျယ်လီ ကိုကိုဝယ်ပေးထားသည်များကို ဒိတ်မလွန်ခင် သူစားပစ်ရမည်။
အလုပ်ဆင်းတော့ နွေဦးသည် ထုံးစံအတိုင်းပဲအိမ်ပြန်လာသည်။ အိမ်သည် သူပစ်ထားသလို အမှိုက်ပုံမဟုတ်ဘဲ အရင်ကလိုပြန်ဖြစ်နေသည်။
ဆယ်မင်းဆက်ကို ဧည့်ခန်းထဲမှာလက်ပ်တော့တစ်လုံးနှင့် အလုပ်လုပ်လျက်သား တွေ့ရသည်။
"ကိုကိုပြန်လာပြီလား"
ဆယ်လေးသည် သူ့ကိုပုံမှန်အတိုင်း ပြုံးပြလာသည်။ ကြည်လင်တောက်ပနေသောမျက်လုံးများနှင့် တက်ကြွသောပုံရိပ်များကိုသူမမြင်ရတာတောင် အတော်ကြာပြီဖြစ်သည်။ ဆယ်မင်းဆက်သည် ရင်ဘတ်မှာmodern artနှင့် flowet artရောထားသည့်ဒီဇိုင်းပါသော အဖြူရောင်လက်တိုရှပ်လေးကို ဝတ်ထား၏။
ဂျင်းအင်္ကျီအနွမ်းကိုဝတ်ဆင်ထားသည့်zombieတစ်ကောင်လို သူ့ပုံစံနှင့်တော့ အကွာကြီးကွာသည်။
"ဒါတွေမင်းရှင်းထားတာလား။ ဘာလို့လုပ်နေတာလဲ ဒုက္ခခံလို့"
ကိုကို့အသံက စူးရှပြီး ပြာနေသည်။ သူသည် ကိုကို့နားကိုအလျင်အမြန်သွားကာ နဖူးပေါ်လက်တင်စမ်းလိုက်သည်။
"ကိုကို ကိုယ်တွေပူနေတာပဲ"
"နေပူထဲကလာရလို့ပါကွာ"
နှုတ်ခမ်းသားတို့က ခြောက်သွေ့ကာအက်ကွဲများပင်ဖြစ်နေပြီ။ ကိုကိုသည် ရေခဲသေတ္တာထဲက ရေကိုယူသောက်၏။
"လည်ချောင်းတွေနာနေတယ်လေ ဘာလို့ရေခဲရေသောက်မှာလဲ"
ဆယ်မင်းဆက်သည် ရေသောက်ဖို့ပြင်နေသည့်နွေဦးကို လမ်းတစ်ဝက်မှာတင်တား၏။
"ပူလို့"
ကိုကိုက စကားနားမထောင်။
"ခင်ဗျား ဖျားနေတယ်လေ"
"ငါဘာမှမဖြစ်ဘူး ဆယ်လေး"
"ကိုကို ဒီအိမ်မှာသာမိုမီတာရှိတယ်မလား အခုတိုင်းပြမယ်"
"ဆယ်လေး ငါဘာမှမဖြစ်ဘူးလို့ပြောနေတယ်"
ကိုကိုသည် ရေခဲရေ မသောက်တော့။ ရေဘူးအသစ်ကိုသာဖောက်သောက်ပြီး အခန်းထဲဝင်သွားလေ၏။
ဆယ်မင်းဆက်လည်း ကိုကို့ကိုထပ်
မရှုပ်တော့။ ကိုကို့အကြိုက်မှာထားသည့်စားစရာများကိုသာ စောင့်နေလိုက်သည်။ ကိုကိုကြိုက်သည်ဆိုသော ပန်းဂေါ်ဖီစိမ်းကို ဆိုင်ကိုတကူးတကကြော်ခိုင်းရ၏။ ဟင်းပွဲနှင့်ထမင်းရောက်သောအခါ သူသည် ကိုကို့ကိုသွားခေါ်လိုက်သည်။
"ငါမစားချင်ဘူး"
ဆယ်မင်းဆက်သည် ဤအရာမျှော်လင့်ထားပြီးသားပင်။ သွေးမရှိဘဲဖြူဖျော့နေသောမျက်နှာ၊ သူ့လက်သီးဆုပ်လောက်လေးပင် မကျန်သောမျက်နှာကို သူသည်သေချာစွာကြည့်မိပါ၏။ ကိုကို့မျက်လုံးတွေသည် ညာလို့မရ။ အတွင်းကြေဖြစ်နေသူ၏ မျက်လုံးများက ဝေဝေဝါးဝါး အသက်မဲ့လှသည်။ ကိုကို့ဆီကနာကျင်မှုတွေအကုန်လုံး ယူလိုက်ချင်သည်။ ကိုကို၏ဒဏ်ရာရနေသည့် အပိုင်းတွေကိုတော့ သူသည်ရင်နာနာဖြင့်ဖြတ်ထုတ်ပေးချင်သည်။
ကိုကိုသည် သူ့အကြည့်များနဲ့ဝေးရာ တစ်ဖက်သို့မျက်နှာလှည့်သွားသည်။ သူမြင်ရသည်က ကိုကို့ပါးပြင်ပေါ်ကအမှတ်နီလေးကိုသာ။
"ကျွန်တော့်ကိုကြည့်ပါအုံး"
"ဆယ်လေး မင်းငါ့အတွက်ဒုက္ခခံမနေနဲ့"
"ကိုကို အန်တီနုနုက ကိုကို့ကိုအရမ်းစိတ်ပူနေတယ်...ကျွန်တော်ရောပဲ၊ ကျွန်တော်ကိုကို့ကိုအများကြီးမတောင်းဆိုပါဘူး...ဒီတစ်ခုပါပဲ ကျွန်တော်နဲ့တူတူထမင်းစားပေးပါ"
"ဆယ်လေး"
"ကျွန်တော် ဒီနေ့တစ်နေ့လုံး ထမင်းမစားရသေးဘူး မနက်စာ နွားနို့နဲ့ပေါင်မုန့်
ပဲစားရသေးတာ။ သန့်ရှင်းရေးတွေလုပ်ထားရတော့ ကျွန်တော်ဗိုက်အရမ်းဆာနေပြီ...အဲတာကျွန်တော် ကိုကို့ကိုစောင့်နေတာ...ကျေးဇူးပြုပြီး ကျွန်တော်နဲ့ထမင်းအတူစားပေးပါ နော်"
နွေဦးသည် ဆယ်မင်းဆက်မျက်နှာကိုငုံ့ကြည့်လိုက်သည်။ သူ့ဘေးနား ထိုင်ရင်း ခယတောင်းဆိုနေရှာသော ကလေးကိုသူဆက်ပြီး မငြင်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ခေါင်းညိတ်ပြလိုက်တော့သည်။
ထမင်းစားဖို့ ထိုင်ခုံပေါ်ထိုင်လိုက်သည်။ စားပွဲပေါ်မှာဟင်းလျာမျိုးစုံကို တွေ့လိုက်ရသည်။ ဆယ်မင်းဆက်ကသူ့ပန်းကန်ထဲ ကို ဟင်းများထည့်ပေးလာသည်။ သူကြိုက်သောဟင်းတွေချည်း သေချာ
ရွေးချယ်မှာပေးထားသည့် ဆယ်မင်းဆက်၏စေတနာများကို အသိအမှတ်မပြုဘဲမနေနိုင်။
ထမင်းတစ်လုတ်ကိုပါးစပ်ထဲထည့်လိုက်သည်။ ပါးစပ်တစ်ခုလုံးခါးသက်နေရာ အရသာကလုံးဝစုတ်ပြတ်နေ၏။ သူကျိတ်မှိတ်ကာမျိုချတော့ လည်ချောင်းသည် အဆမတန်နာကျင်လာ၏။ အားတင်းပြီးမျိုချသော်ငြား နေ့ပေါင်းများစွာသူနှိပ်စက်ထားသော အစာအိမ်ကဆန္ဒပြကာ ငြင်းဆန်တော့သည်။
နှစ်လုတ်မျှအတင်းကြိုးစား ကျိတ်မှတ်စားပြီးနောက် ဘယ်လိုမှမနေနိုင်တော့ဘဲ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ သန့်စင်ခန်းဆီသို့ပြေးရတော့သည်။
ဆယ်မင်းဆက်သည် ကိုကို့နောက်ပြေးလိုက်မိသည်။ ဘိုထိုင်ကိုဖွင့်လျက် အန်နေ
သောကိုကို့နောက်ကျောပြင်ကို သက်သာအောင်ထုပေးလိုက်သည်။ အစာမရှိတာမို့ အရည်များသာဆက်တိုက်အန်သည်။
ကိုကို့မျက်လုံးများသည် မျက်ရည်များပြည့်လွှမ်းလျက်ရှိသည်။ ဝေဒနာသည် ကိုကို့ကို ညှဥ်းပန်းနှိပ်စက်နေသည်မှာ တော်တော်နှင့်နလန်မထူနိုင်သည်အထိ။ သူသည် ကိုကို့ကိုကူတွဲပေးကာ သန့်ရှင်းရေးလုပ်ဖို့ကူညီလိုက်သည်။
"ကျွန်တော်ဆန်ပြားနဲ့ ဖက်ထုပ်အရည်ဖျော်ပျော့ပျော့လေးမှာပေးမယ်... ဆန်ပြုတ်လည်းမှာပေးမယ်နော် ကိုကိုနည်းနည်းချင်းစီသောက်"
"ဆယ်လေး ငါတကယ်မစားနိုင်ဘူး။ မင်း ဆိုင်လည်းကြည့်စရာရှိသေးတယ်မလား ပြန်ပါတော့ကွာ"
"ကိုကို ကျွန်တော်အခုမှာပေးတာတွေ ကုန်အောင်စားပေးမယ်ဆိုရင် ကျွန်တော်ပြန်မယ်"
"ဆယ်လေး မင်းငါ့အတွက်နဲ့ခေါင်းမာမနေနဲ့ ငါ့ဘာသာကြည့်စီစဥ်လိုက်မယ်"
ခေါင်းမာနေတာ သူလား ကိုကိုလားဟုမေးလိုက်ချင်သည်။ ဆယ်မင်းဆက်သည် ကိုကို့ကို မနာကျင်ပါနဲ့တော့ ဟုချက်ချင်းကြီးတောင်းဆိုနေခြင်းမဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ်ထပ်ပြီး မနှိပ်စက်တော့ဖို့သာ တောင်းဆိုနေခြင်းဖြစ်သည်။
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့တော့ဗျာ... ကိုကို အငတ်ခံနေတာကြည့်ပြီး ကျွန်တော်နာကျင်ရလို့ပါ။ ကျွန်တော်တောင်းပန်ပါတယ်...စားလိုက်ပါနော်"
"ဘာဖြစ်လို့လဲဆယ်လေးရာ မင်းနဲ့မှမဆိုင်ဘဲ"
နွေဦးသည် ညည်းညူသလိုပြောလာသည်။ သူမလုပ်ချင်တာကို အတင်းဖိအားနေသည့်ဆယ်မင်းဆက်ကို စိတ်မရှည်တော့။ သူ့စိတ်နှင့်ကိုယ်တောင်မကပ်သည့်အချိန်မှာ ဘေးနားရှိ မည်သူ့ကိုမှ ဂရုမစိုက်နိုင်။
"ဘာလို့ဆို ကျွန်တော်ခင်ဗျားကို ဂရုစိုက်လို့ပေါ့ခင်ဗျားရယ်"
ကိုကိုသည် မည်သည့်စကားမှမဆို။ ဆယ်မင်းဆက်သည် ကိုကို့ကို ဖျောင်းဖျဖို့အတွက် ဘာမဆိုလုပ်နိုင်သည့်အနေအထားမှာ ရှိသည်။ ကိုကို့လက်ကို
ခပ်ဖွဖွလေးကိုင်လို့ မျက်လုံးဝိုင်းများနှင့်ကြည့်ကာ ချော့တော့သည်။
"ကိုကို"
"အင်း ငါစားလိုက်မှာမို့ မင်းပြန်တော့"
"ကိုကိုတကယ်ပြောတာလား"
"တကယ်ပြောတာ ဒါပေမဲ့ မင်းအခုပြန်ရမယ် ငါမင်းကိုအခုလိုပုံစံပြရတာနဲ့တင် တော်တော်ရှက်နေပြီ...အဆင်မပြေဘူး"
ကိုကိုက ပွင့်လင်းစွာဆိုလာတာမို့ ဆယ်မင်းဆက်သည် ခေါင်းညိတ်ပြလိုက်သည်။ ကိုကို့ကိုဆက်ပြီး စိတ်ဒုက္ခမပေးချင်တာက သူ၏စိတ်ရင်းသာ။ ကိုကို့ကို နားလည်ဖို့ သူမနည်းကြိုးစားနေရပေမဲ့ ကိုကို၏အဆင်မပြေဘူးဆိုသည့်စကားကို နားထောင်ဖို့အတွက်တော့ အချိန်ယူစရာမလို။
"ကိုကိုသေချာပေါက်စားရမယ်နော်မဟုတ်ရင် ကျွန်တော်ဝမ်းနည်းမှာ"
နွေဦးသည် ဆယ်မင်းဆက်ကိုခေါင်းညိတ်ပြလိုက်သည်။
ထိုကောင်လေးထွက်သွားပြီး မကြာခင် deliက မှာထားသည်များကိုလာပို့လာသည်။ သူသည် ထိုအတိုင်းပဲ ထမင်းစားပွဲပေါ်တင်ထားလိုက်သည်။ ဖွင့်တောင်မကြည့်။
မနက်ကျမှခပ်ဝေးဝေးက အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်မည်။ အမှန်တကယ် မစားနိုင်ခြင်းကို သူလည်းမတတ်နိုင်။
ဆယ်လေး၏ ကျွန်တော်ဝမ်းနည်းမှာ ဟူသောစကားကို ပြန်ကြားယောင်လာသည်။
သူ့စိတ်သူတောင် ဖြေဆည်မရသည့်အခြေအနေမှာ ဆယ်လေးဝမ်းနည်းခြင်း၊ ဝမ်းမနည်းခြင်းကို သူဂရုစိုက်မည်မဟုတ်ပေ။
.................................................................
ဆယ်မင်းဆက်သည် နောက်တစ်နေ့ မနက်၇နာရီတည်းကပင် နွေဦးအိမ်ကို
ရောက်လာသည်။ သူ့တွင် ဆေးနှင့်ဆေးပစ္စည်းများလည်းပါသည်။ ဓာတ်ဆားရည်၊အားဆေး၊ ကြက်ပေါင်းနှင့်ငှက်သိုက်ရည်စသည်တို့ကိုပါ ယူလာခဲ့သည်။
နွေဦးသည် အခန်းထဲတွင် မထတမ်းအိပ်၍သာနေသည်။ ဆယ်မင်းဆက်သည် အန်တီနုနုဆီက ဆိတ်ရိုးစွပ်ပြုတ်နှင့်ကြက်ပေါင်းများကို သွားယူလာသည်။ ကိုကိုက အန်တီနုနုချက်ကျွေးသည်များကို မငြင်းတန်ရာ။ သူ့ကိုတွေ့တော့ အန်တီနုနုသည် မျှော်လင့်ချက်ရှိသလို ပျော်ရွှင်နေသည်။ ကိုကိုက အန်တီ့ကိုပါ တစ်ယောက်တည်းလွှတ်ထားပေးရန် နားချထားပုံရသည်။ ကိုကို့အခြေနေကိုသာ အန်တီနုမြင်လျှင် အန်တီနုတစ်ခါတည်း သွေးတက်ပြီးမူးလဲလောက်သည်။ ထို့ကြောင့် ဆယ်မင်းဆက်လည်း စိတ်မပူရန်နှင့် ကိုကိုအစားအသောက်ပျက်နေသဖြင့် ပိုကောင်းတာလေးစားစေချင်လို့ ဟုသာဖော့ပြောလာခဲ့သည်။
သည်ရုပ် သည်ခန္ဓာက အရင်ကလိိုပြန်ဖြစ်ဖို့ အချိန်ဘယ်လောက်ယူရမလဲ။
အန်တီနုအိမ်ကနေ ပြန်ရောက်ချိန်မှာတော့ ကိုကိုသည်နိုးလာခဲ့ပြီဖြစ်သည်။ ဆယ်မင်းဆက်ကို အဖက်မလုပ်ချေ။ ဝယ်လာသည်များကို ဝေ့ဝဲကြည့်ပြီး သက်ပြင်းချ၏။
ကိုကို့စိတ်ပျော်ရွှင်ဖို့ ကျွန်တော်ဓနသိုက်ကိုပဲ သွားသတ်ပေးရမလားဟု မေးချင်လာသည်။
မလုပ်နိုင်ပါ။ သူသည်မည်သည့်နည်းနဲ့မှ ကိုကို့ကို မနှိပ်စက်ရက်ပေ။
"ကိုကို မနက်စာစားမယ်လေ"
"ငါ စားချင်စိတ်မရှိဘူး"
ကိုကိုသည် ခေါင်းမာသည့်နေရာမှာလည်းနှစ်ယောက်မရှိပေ။
"ကိုကိုဒီတိုင်းပဲထိုင်ပြီး ပါးစပ်ဟပေး ကျွန်တော်ခွံ့ကျွေးမယ် ဘာမှမစားဘူးဆိုပြီး လုပ်နေလို့မရဘူး... ကိုကိုသေချင်နေတာလား"
"အင်း"
နွေဦးသည် ခပ်ရွဲ့ရွဲ့ဖြေလာ၏။ ဆယ်မင်းဆက်သည် ကိုကို့စကားကြောင့် ရင်နာသွားရသည်။ ထိုအစား သူ့အသည်းကိုဓားဖြင့်သာ မွှန်းလိုက်စေချင်သည်။
သူသည် ကိုကို့လက်ကောက်ဝတ်ကိုဆွဲကာ ထမင်းစားပွဲသို့ခေါ်လာမိတော့သည်။
"ဆယ်လေး ငါ......"
ရုန်းနေသောကိုကိုသည် ရပ်တန့်သွား၏။ လှည့်ကြည့်လိုက်သည့်အချိန် ကိုကိုက သူ့ခေါင်းသူကိုင်ထားရင်း ညည်းညူနေသည်။ ခန္ဓာကိုယ်သည် ဟန်ချက်မထိန်းနိုင်စွာ လဲကျတော့မှာမို့ သူသည်အလျင်အမြန်ပွေ့လိုက်သည်။
"ကိုကို ဘာဖြစ်တာလဲ"
ကိုကိုသည်မျက်လုံးမဖွင့်နိုင်။ ချွေးစေးတို့ပြန်နေပြီး မျက်နှာသည်လွန်စွာဖြူလျော့နေသည်။ ခေါင်းကိုလက်ဖြင့်သာဖိထားလေသည်။ သွေးခုန်နှုန်းများမြန်နေ၏။ ဆယ်လေး ငါဘာမှမမြင်ရဘူးဟူသောစကားကို တစ်လုံးချင်းဆိုသည်။
ဆယ်မင်းဆက်သည် ကိုကို့ကိုပွေ့ကာ အိပ်ခန်းထဲသို့ခေါ်လာမိသည်။ ချွေးများကိုသုတ်ပေးလိုက်၏။
ခဏအကြာတွင် ကိုကိုသည်မျက်စိဖွင့်လာနိုင်သည်။
ဆယ်မင်းဆက်သည် ကိုကို့လက်ထိပ်ကိုအပ်အသေးဖြင့်ဖောက်၍ သွေးဖောက်စက်ရှိအပ်ပေါ်သို့ တင်လိုက်သည်။ သူအိတ်ထဲလိုရမည်ရထည့်လာသော ပစ္စည်းများက ယခုလိုသုံးရမည်မထင်ထား။
သကြားပမာဏလည်းကျ။ သွေးပေါင်ချိန်တော့လည်း သွေးပေါင်ကထိုးကျ။
ဒါကြောင့်မို့လည်း မူးလဲခါနီးထိဖြစ်တာပေါ့။
"ခင်ဗျားသိလား starvation ကနောက်စရာမဟုတ်ဘူး... ဒီလိုကြာကြာသွားရင်ခင်ဗျား ကိုယ်တွင်းအင်္ဂါတွေပါထိမှာ ခင်ဗျားကိုဆေးရုံတင်ရမှာ နားလည်လား"
ဆယ်မင်းဆက်သည် ပစ္စည်းများကို ကိုကို့ဘေးမှဖယ်လိုက်သည်။
နွေဦးသည် သူ့ကိုဆူနေသော ခေါင်းငုံ့ထားသည့်ကောင်လေးကို ငေးကြည့်မိသည်။ သူခုနက တကယ်ကိုကြယ်တွေ လတွေမြင်လိုက်တာ။ နှလုံးတွေတုန်ပြီး အသက်ရှူပါကျပ်သွားပြီးနောက် မြင်မြင်သမျှအရာအားလုံးတို့သည် မှောင်အတိကျသွားခဲ့သည်။
"ကျွန်တော် ကိုကို့ကိုဒီလိုပုံနဲ့မြင်ချင်တာမဟုတ်ဘူး...သွေးပေါင်လည်းကျနေတယ် ကိုကို့ကို ဘယ်လိုလုပ်ရမလဲ... ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့"
နွေဦးသည် လှဲနေရာကအားယူထကာ ခေါင်းငုံ့ထားသော ဆယ်မင်းဆက်မျက်နှာနားသို့တိုးသွားလိုက်သည်။
ဆယ်မင်းဆက်မျက်နှာကို သူ့လက်နှစ်ဖက်ဖြင့် အသာယာကိုင်မော့လိုက်သည်။
"ဆယ်လေး ငိုနေတာလား"
ပိုးပိုးပေါက်ပေါက်ကျလာသော မျက်ရည်များသည် ဆယ်လေး၏ပါးပြင်အနှံ့စီးဆင်းလို့နေ၏။ ဝမ်းနည်းပက်လက်ငိုကြွေးနေသော ဆယ်လေးသည် သူ့ကိုကြည့်လေ ပိုငိုလေ။
"အဲတာ ကိုကို့ကြောင့်လေ ကိုကိုဘာလို့အဲလောက်ပြောစကား နားမထောင်ရတာလဲ...ကျွန်တော့်ကို သေစေချင်နေတာလား"
စကားတစ်ခွန်းဆိုပြီးတိုင်း မျက်ရည်ကတာကျိုးသလိုကျသည်။
သူဘာတွေလုပ်မိပြီလဲ။
သူသည် ဆယ်လေးကို သာသာလေးထွေးဖက်လိုက်သည်။
အမိုက်အမဲ သူဟာတကယ်ကိုအမိုက်အမဲပဲ။
သန်မာရမယ် ပြတ်သားရမယ် မာကျောရမယ် မေ့ပစ်ရမယ်နဲ့ တကယ်တမ်းတော့ ကိုယ့်ကိုယ့်ကိုယ်နဲ့ ကိုယ့်ဘေးကလူတွေကိုပါ နှိပ်စက်နေတဲ့သူ။
"တောင်းပန်ပါတယ် ဆယ်လေးရယ် ကိုကိုတောင်းပန်ပါတယ်။ ကိုကိုမှားသွားပါတယ်။ ကိုကိုမင်းစကားနားထောင်ပါ့မယ်"
ပြောခါမှ ပိုငိုလေသလားမသိ။ ဆယ်မင်းဆက်သည် သူ့ရင်ဘတ်ကိုမျက်နှာအပ်ကာ အတိုးချငိုနေတော့သည်။
သူသည် ဆယ်လေးဆံပင်များကို ပွတ်သပ်ပေးကာ ချော့နေမိသည်။
"အခုစားရမယ်"
"ဟမ်"
"ကျွန်တော့်စကားနားထောင်မယ်ဆို အခုအစားစားရမယ် ကျွန်တော်အန်တီနုနုချက်ထားတဲ့ ကြက်ပေါင်းတွေယူလာတယ်"
"အင်း ကိုကိုစားပါ့မယ်"
ဆယ်မင်းဆက်သည် မျက်ရည်များကိုသုတ်ကာ အခန်းပြင်သို့ထွက်သွားလေ၏။ ခဏကြာသောအခါ ပန်းကန်လုံးတစ်လုံးကိုယူလာလေသည်။
သူသည် ယခုတစ်ခါတော့မငြင်းဘဲ နာနာခံခံဖြင့် စားလိုက်သည်။ ဆယ်လေး၏ရဲနေသောမျက်နှာလေးသည် မျက်ရည်တို့စွန်းထင်းနေဆဲပင်။
"ဓာတ်ဆားရည်သောက်ရမယ် ဆေးလဲသောက်ရမယ် အားဆေးလဲသောက်ရမယ်"
သူ့ကို စိတ်ဆိုးမပြေသေးသည့်နှယ် ခပ်တောင့်တောင့်ပြောလာသော
စကားများကို နွေဦးသည်လိုလိုချင်ချင် ခေါင်းညိတ်ပြလိုက်သည်။
ကိုကိုသည် အမှန်တကယ်ကို ကြက်ပေါင်းကုန်အောင်သောက်ပေး၏။ ဆေးတိုက်တော့လည်း ကလန်ကဆန်မလုပ်တော့ချေ။
သူသည် ယခုမှ တကယ်ကိုရင်ထဲကအလုံးကြီးကျသွားသည့်နှယ် သက်ပြင်းချနိုင်တော့ခြင်း ဖြစ်သည်။
..................................................................