ဆယ်မင်းဆက်သည် နံနက်အစောကြီးတည်းကပင် ရေမိုးချိုးပြင်ဆင်ပြီး ဧည့်ခန်းထဲထိုင်စောင့်နေမိသည်။
"အန်တီနုတို့အိမ်ကို ကျွန်တော်လည်းလိုက်မယ်မာမီ"
သွားဖို့ရာတက်ကြွနေသည့်သူ့ကို မာမီကထူးဆန်းသလိုကြည့်သည်။
"အရင်ကဆို မာမီဘယ်ခေါ်ခေါ်မလိုက်ချင်ဘဲ လမ်းများနေပြီးတော့"
မာမီကသူ့ဆံပင်တွေကို သာသာလေးဖွရင်း ဆိုသည်။
"ကျွန်တော်ကအခုလိုက်ချင်လာလို့ပါ...အန်တီနုမွေးနေ့ပဲကို လိုက်ရမှာပေါ့"
"အေးပါ ရှေ့လျှောက်အဲလိုပဲသိတတ်စမ်းပါ မာမီစိတ်ချမ်းသာအောင်"
"ကျွန်တော်ကလိမ္မာပါတယ်"
မာမီက ပြောစကားအကုန်လုံးကိုခေါင်းညိတ်နားထောင်တဲ့ ရာနှုန်းပြည့် သားလိမ္မာလေးဖြစ်စေချင်နေတာလားလို့မမေးဖြစ်တော့ပါ။
ထိုသို့သာပြောလိုက်မိလျှင် မာမီနှင့်စကားများရလိမ့်မည်။ မာမီစိတ်မကောင်းဖြစ်သွားလိမ့်မည်။ သူကတော့ စိတ်မကောင်းဖြစ်ပါစေရယ်ဟုပြောတာမဟုတ်ဘဲ သူ့ရင်ထဲကခံစားချက်တွေကိုပြောခြင်းဖြစ်သည်။ ထို့ကြောင့် သူစကားအပြောအဆိုဆင်ခြင်ဖို့ပဲ ကြိုးစားရသည်။
ကိုကြီးလင်းမာန်နှင့် မမနဒီတို့အဆင်သင့်ဖြစ်တော့ သူတို့လေးယောက်အန်တီနုတို့အိမ်ကို ချီတက်ကြသည်။ ကိုကြီးသည် မမနဒီနှင့်အိမ်ထောင်ကျပြီးတာတောင် မာမီ့ဆန္ဒကြောင့် အိမ်မှာပဲအတူနေကြသည်။
"ဆယ်လေးလိုက်လာတာကောင်းတယ်...နွေဦးကမင်းကိုတွေ့ချင်နေတာ သေချာပေါက်ရအောင်ခေါ်ခဲ့ပါတဲ့လေ"
ကိုကြီးစကားကို သူဟုတ်လားဟုသာ တုံ့ပြန်လိုက်သည်။
ကိုကိုကသူ့ကိုတွေ့ချင်ပါသတဲ့လေ။ တစ်ခါမှမဆုံဖြစ်သေးသည့်
သူသိခဲ့သည့်ဆယ်လေးကို တွေ့ချင်နေတာ။ ကိုကိုသာ သူ့မျက်နှာကိုမြင်လိုက်လျှင် ဘယ်လိုဖြစ်သွားမလဲဟု ဆယ်မင်းဆက်ဆက်တိုက်တွေးနေမိသည်။
ကားပေါ်ထိုင်လိုက်လာရင်း ရင်တုန်လာသည်။ တတိယနှစ်က စာသေချာမရဘဲ
clinical သွားဖြေခဲ့တာကိုသတိရသွားသည်။ ကိုယ့်ခုံနံပါတ်အလှည့်မရောက်မချင်းစောင့်နေရင်း ဖြေခဲ့ပြီးသားလူတွေကထွက်လာကြချိန် ဆရာကအရမ်းစာမေးတယ်၊ ကြောက်စရာကောင်းတယ်စသဖြင့် ပြောသွားကြသည့်အခါ ခံစားနေရသလိုမျိုး။ ကိုကိုကသူ့ကိုစာမေးမည့် ပါမောက္ခလည်းမဟုတ်ချေ။ ထိုစဥ်က စာမေးပွဲဖြေခါနီးတောင် ဒီလောက်ရင်မတုန်ခဲ့ပေ။ ယခုအခြေနေကပိုဆိုးလေသည်။ မာမီသာသိလျှင် သူ့ကိုလွန်စွာဆူလိမ့်မည်။ အန်တီနုနုလည်းသိလို့မဖြစ်။
ဒါတွေအကုန်လုံး ကိုနွေဦးကြောင့်ဖြစ်ရတာချည်းပဲ။ သူကစပြီး ဆယ်မင်းဆက်ကိုပတ်သက်ခဲ့လို့။ စတွေ့တည်းက ဆယ်မင်းဆက်ကို ဆူပူနေခဲ့သည့် ကိုကိုကသာမှားသည်။ ဆယ်မင်းဆက်ကဖြစ်ခဲ့သည့် အခြေနေတွေသည် ပျော်စရာကောင်းသည်ဟု ထင်မိရုံပါပဲ။
ဦးလေးထွန်းကခြံတံခါးကို အဆင်သင့်ဖွင့်ထားတာမို့ ကိုလင်းမာန်တို့ကားသည် အိမ်ရှေ့တိုက်ရိုက်မောင်းလာသည်။ အမေသည် ထမင်းစားပွဲကိုပြင်ဆင်နေရင်း ကားသံကြားတော့ဝမ်းသာအားရနှင့်ထမင်းစားခန်းထဲက ထွက်သွား၏။ နွေဦးလည်း တူတူပါပဲ။ သူသည်လည်း စိတ်လှုပ်ရှားတက်ကြွနေမိသည်။ အန်တီမေခင်၊ ကိုလင်းမာန်နှင့်အမျိုးသမီးတို့က အရင်ဆင်းလာသည်။ အန်တီမေခင်နှင့် ဦးလေးထွန်းတို့သည် အပြန်အလှန်နှုတ်ဆက်နေကြသည်။
"မနက်က မိသားစုသုံးယောက်ဒီတိုင်းလေးပဲ ကျောင်းမှာဆွမ်းကျွေးလုပ်လိုက်တာ မေခင်ရယ်။ အခုလိုမိသားစုတက်ညီလာညီလာပေးတာ တအားဝမ်းသာတာပဲ"
"လာရမှာပေါ့ မမနုကလဲ ကျွန်မမှာမိတ်ဆွေဆိုလို့ ဒီလူတွေပဲရှိတာကို"
"ဟင်းတွေကတော့ ရှမ်းထမင်းဆိုင်ကမှာထားတာ...မေခင်ကြိုက်တဲ့ ခရမ်းချဥ်သီးငါးခြောက်ချက်နဲ့ သရက်သီးသနပ်ကတော့ တို့ကိုယ်တိုင်လုပ်ထားတာ"
"ဟုတ်ပြီမမနုရေ ဒီမှာမမအတွက်လက်ဆောင်...မွေးနေ့ကစပြီး ချစ်ရတဲ့မိသားစုတွေနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေရှင်"
နွေဦးသည် အမေပျော်နေသည်ကိုကြည့်ပြီး စိတ်ချမ်းသာနေသည်။ နံနက်ကသူ့လက်ဆောင် ဖုန်းအသစ်ကိုပေးတော့လည်း အမေကဆုတွေအများကြီးပေးသေးသည်။ နွေဦးဘဝသည် ရင်ဘတ်ထဲကထိခိုက်ဒဏ်ရာကလွဲရင် အရာရာအဆင်ပြေ၏။
မိဘတွေနှုတ်ဆက်ပြီးတာတောင်ထွက်မလာသေးသော ကိုလူချောကို အန်တီမေခင်က "ဆယ်မင်းဆက် ဆင်းလာခဲ့လေ" ဟု လှမ်းအော်၏။
အန်တီမေခင်နှင့် အစ်ကိုလင်းမာန်တို့ရယ် ဦးလေးထွန်းရယ်က အရင်ဝင်သွားကြသည်။
နွေဦးသည် ကားတံခါးဖွင့်လာမည်ကိုကြည့်ရင်း ပြုံးနေမိသည်။
ရှေ့ကိုသွားပြီး ညီလေးဟု နှုတ်ဆက်မည်ပြင်နေသော နွေဦးမှာ မြင်လိုက်ရသည့်မျက်နှာကြောင့် ရပ်တန့်သွားရတော့သည်။
ငြိမ်းကို...
ထိုကောင်လေးက သူ့ကိုမမှိတ်မသုန်စိုက်ကြည့်လို့နေသည်။ အဖြူရောင်ရှပ်အပေါ်မှာ ဂျင်းကုတ်အမဲရောင်ထပ်ဝတ်ထားသောပုံစံဖြင့် ထိုကောင်လေးက အခုချိန်မှာသူ့အတွက်တော့ အံ့သြမှုကိုပေးစွမ်းနိုင်သူ။
"ကျွန်တော် ဆယ်မင်းဆက်ပါ"
နွေဦးသည် သူနားကြားမှားသလားထင်မိသွားသည်။
အမေက ဖော်ရွေစွာဆယ်မင်းဆက်ကို ဆွဲခေါ်ပြီး သူနှင့်မိတ်ဆက်ပေးသည်။
"သားဆယ်လေး လာ ဒါမင်းကိုကိုလေ"
သူတို့နှစ်ယောက်အကြည့်လုံးဝမလွှဲမိကြပေ။ လုံးဝအံ့သြဟန်မပြသည့် ထိုကောင်လေးကအရာအားလုံးသိထားပြီးသားပုံစံ။ ဒါဆိုငြိမ်းကိုဆိုတာကရော ဘာလဲ။
"မင်း"
"ကျွန်တော် ရှင်းပြပါ့မယ်"
နွေဦးအနားကပ်ကာ ထိုစကားတစ်ခွန်းပဲ ဆိုပြီး အိမ်ထဲလိုက်ဝင်သွား၏။ နွေဦးသည် ထိုကောင်လေးလက်မောင်းကိုဖမ်းဆွဲထားလိုက်သည်။
"နွေဦးနဲ့ဆယ်လေးက မတွေ့ရတာကြာလို့နေမယ်။ နေအုံး နောက်မှအေးဆေးစကားပြောကြ ထမင်းအရင်စားရမယ် လာခဲ့ကြ"
"ဟုတ်ကဲ့ဦးလေးထွန်း"
ဦးလေးထွန်း၏စကားကို ထိုကောင်လေးကပြန်ဖြေပြီး ထမင်းစားခန်းထဲကိုဝင်ချသွားသည်။ မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားသည့် အခြေအနေများကြောင့် နွေဦးမှာဘာကိုမှ သေချာမစဥ်းစားနိုင်တော့ချေ။
ငြိမ်းကိုပါလို့ ဆယ်မင်းဆက်ကဘာကြောင့်လိမ်ညာရတာလဲ။
သူတို့စတင်တွေ့ဆုံတည်းက လွဲမှားမှုတွေတစ်ခုချင်းစီပြန်စဥ်းစားမိရင်တောင် အဖြေကိုရှာမတွေ့ပါချေ။
ထမင်းစားနေစဥ်တစ်လျှောက်လုံး မျက်နှာချင်းဆိုင်မှာထိုင်နေသည့် ဆယ်မင်းဆက်ကိုပဲ ကြည့်နေမိသည်။ သူ့ပုံစံက အခုမှပြန်တွေ့ရသည့်သူအပေါ် နွေးထွေးဖော်ရွေသည့်ပုံစံမပေါက်တော့ပေမဲ့ မတတ်နိုင်။ ဆယ်မင်းဆက်က သူ့ကိုပါစကားလှမ်းပြောပြီး အခုမှတွေ့ဖူးချင်ယောင်ဆောင်ကာ စကားဝိုင်းကိုထိန်းထားလေ၏။
အံ့သြစရာကောင်းတဲ့အကောင်
"ကိုနွေဦးက ပိုချောလာတာပဲ ကျွန်တော်တောင်သိပ်မမှတ်မိဘူး"
"ကျွန်တော့်ဆိုင် ဒီဇိုင်းပြန်ပြင်ချင်ရင် ကိုနွေဦးဆီ အပ်မယ်နော်" စသဖြင့် ရွှန်းရွှန်းဝေအောင်တစ်ခါပြောတိုင်း နွေဦးမျက်ခုံးတွေ တစ်ခါတွန့်ချိုးရသည်။ သူ့ကို ကိုကိုလို့ မခေါ်လို့သာပေါ့။ မဟုတ်ရင် သူခံစားနိုင်တော့မှာမဟုတ်ဘဲ နေရာမှာတင်စာရင်းရှင်းမိလိမ့်မည်။
"ငါ့ညီကတော်တော်ပြောင်းလဲသွားလို့ထင်တယ်။ မင်းအခုထိအံ့သြနေပုံပဲ စကားသေချာတောင်မပြောဘူး"
ဟု ကိုလင်းမာန်ကဆိုလာသည်။
ဟုတ်တာပေါ့။ သူမျှော်လင့်ထားတာနဲ့ တက်တက်စင်အောင်လွဲနေတဲ့ဟာကို။ အစ်ကို့ညီကို ဆယ်လေးလို့ကို မြင်လို့မရသေးဘူး။
လူကြီးတွေ ဧည့်ခန်းထဲမှာ အချိုပွဲစားရင်းစကားစမြည်ပြောနေချိန်တွင် သူသည် ဆယ်မင်းဆက်ကို အိမ်အပြင်ဘက်သို့ ဆွဲခေါ်လာမိသည်။
"ရှင်းစမ်း"
ကိုနွေဦး၏ ခပ်ပြတ်ပြတ်စကားကြောင့် ဆယ်မင်းဆက်ဖြုံသွားသည်။ ပလီမည့်စကားတွေတောင် လည်ချောင်းထဲတွင်ပျောက်ရှသွားရသည်။ သို့ပေမဲ့ သူသည် အလွန်တရာနူးညံ့ညင်သာနေသည့်မျက်နှာနှင့် ကိုနွေဦးကိုကြည့်လိုက်သည်။ ဒါသည် သူစိတ်ရှည်လက်ရှည်ဖြေရှင်းချက်ပေးကာ ချော့တော့မည်ဆိုသည့် အဓိပ္ပာယ်ဖြစ်၏။
"ကျွန်တော် ခင်ဗျားမှန်းလုံးဝမသိခဲ့ဘူး။ နောက်ဆုံးတွေ့ခဲ့တဲ့ဖုန်းဆိုင်ရောက်တဲ့ထိမသိခဲ့ဘူး...ခင်ဗျားနာမည်ပြောလိုက်မှ အစ်ကိုနွေဦးဆိုတာသိလိုက်တာ။"
နွေရာသီလေကတိုက်ခတ်သွားသည်။ အရိပ်ရသောနေရာမှာရပ်နေပေမဲ့ ပြင်ပနေကတော့ တောက်ပပူလောင်လွန်းသည်။ ဆယ်မင်းဆက်၏ မျက်လုံးတွေကနေရောင်ကြောင့် တောက်ပစွာလင်းလက်လို့နေသည်။ စိတ်မကောင်းဟန်များကိန်းဝပ်နေသည့် မျက်နှာပေးပေမဲ့ နွေဦးမှာကျေလည်မှုမရသေးပေ။ ထမင်းစားနေစဥ်တစ်လျှောက်လုံးလည်း ကောင်းကောင်းအာရုံစိုက်မရဘဲ အစာမကြေ။
"အဲတာဆိုငြိမ်းကိုဆိုတာကရော မင်းဘာလို့လိမ်တာလဲ"
"ကျွန်တော်မလိမ်ပါဘူး အဲနေ့က ကျွန်တော့်မန်နေဂျာမျက်စိမှုန်နေတာ မျက်မှန်မတပ်ဘဲမမြင်မကန်းနဲ့ ကျွန်တော့်ကိုငြိမ်းကိုလို့မှားပြီးပြောတာ။ အဲတာကို ခင်ဗျားကလဲ ငြိမ်းကိုလို့ထင်သွားတာလေ"
ဖျောင်းဖျနေသလိုမျိုး လေသံအေးအေး။ ဆယ်မင်းဆက်သည် တစ်စပ်တည်းတောင်းပန်စကားပြောဖို့ပြင်လိုက်သည်။
"အဲနောက်ပိုင်းရော ဘာလို့ဆက်ပြီးဟန်ဆောင်နေတာလဲ...မင်းငါ့ကိုရှင်းပြလို့ရခဲ့တယ်လေ ဖုန်းဆိုင်မှာထိ မင်းကိုယ်မင်းငြိမ်းကိုလို့ ဟန်ဆောင်နေခဲ့တာ"
ဒေါသသံများထိန်းထားသည့် စကားများကပြတ်သားလှသည်။ ထိုစကားများကို ချက်ကျလက်ကျဖြေရှင်းဖို့ ဥာဏ်နီဥာဏ်နက်မျိုးစုံသုံးဖို့ ကြံစည်မိပေမဲ့ ကိုနွေဦးမျက်နှာကိုကြည့်ပြီး သူအမှန်တိုင်းပြောဖို့သာဆုံးဖြတ်လိုက်တော့သည်။ သူ ကိုနွေဦးကို မလိမ်ချင်တော့ဘူး။ သူလုပ်ရဲရင် ခံရဲရမှာပေါ့။
"အဲတာက ခင်ဗျားက ကျွန်တော့်ကိုကြိုက်နေတယ်ထင်လို့လေ။ ခင်ဗျားကလုံးဝစားဘဲကြီးအထာနဲ့ လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးချင်တာဆိုတဲ့ ပုံမျိုးဖမ်းနေတော့ ကျွန်တော့်ကိုလဲအဲလိုအထင်မှားနေတာကိုကြည့်ပြီး အဲတာပျော်စရာကောင်းတယ်ထင်လို့"
ခွပ်
အချိန်မဆိုင်းရောက်ရှိလာသည့် လက်သီးတစ်ချက်။
"မင်း အောက်တန်းကျတဲ့အကောင်!"
နွေဦးသည် ဒေါသထိန်းနိုင်သည့်သူမဟုတ်ပေ။ အထူးသဖြင့် သူမှန်တယ်ထင်
သည့်အချိန်မှာ။ လည်ထွက်သွားသည့် ဆယ်မင်းဆက်မျက်နှာကိုကြည့်ရင်းတောင် သူဒေါသတွေမပြေသေးပေ။
ဆယ်မင်းဆက်က နှုတ်ခမ်းထောင့်ကိုလက်ဖြင့် ဖိသုတ်လိုက်၏။
ကိုနွေဦးက သူ့တောင်းပန်စကားကိုတောင် လက်မခံနိုင်တော့သည့်ပုံပဲ။
"မင်းတကယ့်ချီးထုပ်ပဲ မင်းက ငါ့စေတနာကိုစော်ကားတာ ငါ့စေတနာကမင်းပျော်ဖို့အတွက်ခုတုံးလုပ်စရာဖြစ်နေလား"
"နွေဦး"
အစ်ကိုလင်းမာန်ရောက်လာသည်။ သူ့ညီနှုတ်ခမ်းထောင့်ကသွေးစို့ရာနှင့် နွေဦးမျက်နှာကိုမြင်သွားသည်။
"မင်းတို့နှစ်ယောက်ဘာဖြစ်ကြတာလဲ အခုမှတွေ့ကြတာကို"
"အစ်ကို့ညီကို အစ်ကို့ဘာသာပဲမေးကြည့်လိုက်"
နွေဦးသည် ထိုစကားတစ်ခွန်းကို အပြတ်သားဆုံးဆိုကာ ထွက်လာခဲ့သည်။ သူအခုချိန် ဆယ်မင်းဆက်မျက်နှာတောင်မကြည့်ချင်။ နွေဦးမှာရှိနေသည့် ကောင်းမွန်အေးချမ်းနေသော စိတ်ကလေးတောင်ပျောက်ဆုံးသွားပြီဖြစ်သည်။
စိတ်ထဲ၌အဆဲစကားများ ပြည့်နှက်လာသော်လည်း အန်တီမေခင်မျက်နှာကိုမြင်လိုက်ရတော့ တွန့်သွား၏။ ဒီကလေး ဘယ်တုန်းကဒီလောက်ထိ ရိုင်းစိုင်းသည့်သူဖြစ်သွားရတာလဲ။ ပထမဆုံးတွေ့ဆုံချိန်က အမှိုက်ကိစ္စကိုတွေးမိတော့ ဒေါသကနှစ်ဆလောက်တက်သွားသည်။
စတွေ့တည်းက အကုသိုလ်နဲ့စခဲ့တာ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ရှေ့ဆက်ပြေလည်နိုင်တော့မှာမဟုတ်ဘူး။
သိက္ခာတရားကိုပါ စော်ကားပုတ်ခတ်သွားသည့်စကားသည် နွေဦးကိုတတိတိထိုးနှက်နေတော့သည်။ သူကမည်သည့်မျှော်လင့်ချက်မျှမပါဘဲ ကူညီခဲ့ခြင်းသာဖြစ်သည်။ အခုတော့ သူ့စေတနာတွေကို နောက်ကွယ်မှာဟားတိုက်နေခဲ့သည်။ ကူညီချင်ရုံသက်သက်ဖြင့်လူမှာ ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ကိုကြီးက ဆယ်မင်းဆက်ကိုကားထဲဝင်ထိုင်ခိုင်း၏။ မာမီ့ကိုသူ့ဆိုင်မှာ ကိစ္စပေါ်လာလို့ဟု ကိုကြီးကညာပြောခဲ့လေသည်။ မာမီနှင့်မရီးကိုနောက်မှပြန်လာခေါ်မည်။ ဆယ်မင်းဆက်သည် ဒီပုံစံကိုလူကြီးတွေမြင်သွားရင် ရှင်းမရသည့်
ပြဿနာတွေ ဖြစ်မည်မှန်းရိပ်မိသည်။
ဆယ်မင်းဆက်လက်ဖဝါးတို့သည် ချွေးစေးတို့ပြန်ကာ အေးစက်နေ၏။ ကိုကိုသူ့ကို မုန်းသွားလောက်ပြီ။ ကိုကိုမှန်းသာသိခဲ့လျှင် သူဒီလိုအောက်တန်းကျခဲ့မှာမဟုတ်ပေ။ လာကစားသည့်သူကို ပြန်ပြီးလှည့်ဖျားခဲ့ရုံသာ။
တဇွတ်ထိုးနှင့် လုပ်ချင်ရာလုပ်ခဲ့သည့်သူ့ကို မည်သူမှကယ်နိုင်တော့မည်မထင်။
"ပြောစမ်းဆယ်လေး မင်းနဲ့နွေဦးနဲ့ဘာဖြစ်ကြတာလဲ"
ကိုကြီးကသူ့ကိုဆေးထည့်ပေးရင်း မေးလာသည်။ ဖြစ်ကြောင်းကုန်စင်ကို မချွင်းမချန်ပြောပြလိုက်သည့်အခါ ပါးစောင်ကိုကြပ်ပူထိုးပေးနေသည့် ကိုကြီးလက်တို့ကအားပါလာ၏။
"အား နာလိုက်တာဗျား ဖြည်းဖြည်းလုပ်ပါဗျ"
"မင်းကိုငါနောက်တစ်ချက်လောက် ထပ်ထိုးပစ်ချင်တာဆယ်လေး"
"ကျွန်တော့်အမှား ကျွန်တော်သိပါတယ်"
"မင်းတကယ့်ကောင်ပဲ ဒီနေရာမှာတခြားသူဆိုရင်တော့မသိဘူး...ဒါပေမဲ့နွေဦးကမင်းအပေါ် အဲလိုစိတ်ရှိခဲ့တာမဟုတ်ဘူး"
ဆယ်မင်းဆက်သည် ငြိမ်နေမိသည်။ သူ့ကိုကြီး ဆက်ပြောလာတဲ့စကားတွေက သူ့နှလုံးသားကိုဆယ်ဘီးကားဖြင့် တက်ကြိတ်လိုက်သလို ခံစားရစေသည်။
"သူကအဲလိုပဲ သူ့မျက်စိရှေ့အဆင်မပြေဖြစ်နေတဲ့သူတွေကို နိုင်သလောက်ကူညီတတ်တာ။ သူအဲလိုအလုပ်ကူရှာပေးခဲ့တဲ့သူတွေအများကြီး ဂျူနီယာတွေဆို သူသိသမျှအမြဲပြောပြ သင်ပြနေကျ... မင်းကွာ ရိုးရိုးသားသားသူ့စေတနာကို မင်းတကယ်ဖောင်းတယ်ဆယ်လေး၊ မင်းနဲ့မဟုတ်ဘဲ သူငြိမ်းကိုအစစ်နဲ့တွေ့ရမှာ"
ဆယ်မင်းဆက်သည် ခေါင်းကိုသာငုံ့ထားမိပါ၏။ ခုနကထိ ကိုကိုကရှက်သွားလို့ သူ့ကိုထိုးလိုက်တယ်ပဲ ထင်နေခဲ့သေးတာ။ ကိုကိုကသူ့ကိုလက်သီးနှင့်မဟုတ်ဘဲ ဓားနှင့်ထိုးလိုက်ဖို့ကောင်းသည်။
"မင်းအပြစ်မင်းသိတယ်မလား ဆယ်လေး"
"ဟုတ်ကိုကြီး ကျွန်တော်သူ့ကိုတောင်းပန်မှာပါ တကယ်စိတ်ပြေတဲ့အထိတောင်းပန်မှာပါ"
"စိတ်မပြေလို့ ဟိုကရိုက်သတ်လိုက်လည်း နားအေးတာပဲ မင်းကိုငါ့ညီမို့လို့နော်"
ဆယ်မင်းဆက်သည် အလွန်အမင်းနောင်တရသည်။ နောင်တအရဆုံးကတော့ ဒီစကားတွေ ကိုကို့ကိုပြောခဲ့မိတာပဲ။ နောင်တကသူ့ကို တစ်နေကုန်နေမထိထိုင်မသာဖြစ်စေရုံသာမက ညဘက် အိပ်မပျော်ပါဖြစ်စေသည်။ ကမူးရှူးထိုးထွက်သွားသည့် ကိုကို့နောက်ကျောပြင်။
ရင့်ကျက်ပြီး ခိုင်မာတည်ကြည်သည့်ကိုကိုက ဆယ်မင်းဆက်ကို အလွန်တရာရွံရှာမုန်းတီးသွားမှာကို သေမလောက်ကြောက်သည်။
သူ့ကိုမုန်းမည့်အစား သေအောင်ရိုက်သတ်လိုက်တာမှ ကောင်းဦးမည်။