အပိုင်း (၅၄) ငါကမင်းလိုမဟုတ်ဘူး
ချီယုံသည် ကမ္ဘာပေါ်တွင် သူကဲ့သို့ သူများကိုဒုက္ခပေးရန်အစွမ်းကုန်လုပ်ဆောင်နိုင်မည့် နတ်ဆိုးစွမ်းအားရှိသောသူ နောက်တစ်ယောက်မရှိနိုင်ဟု ထင်ခဲ့သည်။ သူသည် အသက်ရှင်နေစဉ်ကပင် ပုတ်သိုးနေသော မကောင်းဆိုးဝါးအဖြစ် သမုတ်ခံခဲ့ရပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရှင်သန်ခဲ့ရသည်။ ဘယ်လိုလုပ်ပြီး အခြားသူတစ်ယောက်က သူ့လို ဆိုးယုတ်သောမကောင်းဆိုးဝါးစွမ်းအားကို ပိုင်ဆိုင်ထားနိုင်မည်လဲ။
ကျန်းလော့သည် တကယ်ကြီး ထိုအရာကို ပိုင်ဆိုင်ထားသည်။ ကျန်းလော့၏ ရှည်လျားကျဉ်းမြောင်းကာ လှပသော မျက်ဝန်းများသည် သွေးကဲ့သို့နီရဲနေသည်။ သွေးများဖြတ်သွားအောင် လောင်းချလိုက်သလိုပင် အေးစက်ပြီး ရက်စက်ကာ အလွန်ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင်။ ထိုမျက်ဝန်းများသည် သေလောက်အောင်လှပပြီး ချီယိုသည် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
"ကျန်းလော့ မင်းဘာတွေတွေးနေတာလဲ"
ကျန်းလော့သည် ချီယုံကိုကြည့်လိုက်သည်။ သွေးနီရောင်မြူများ သူ့အမြင်အာရုံတွင် ဖုန်းလွှမ်းနေသလို နီရဲရဲဝါးတားတားသာ မြင်လိုက်ရရာ သူသည် တစ်စုံတစ်ခုတော့ မှားနေပြီမှန်း သတိထားလိုက်မိသည်။ ကျန်းလော့သည် သူ့နှလုံးသားထဲမှ အသံကို ကြားလိုက်ရပြန်သည်။
"မင်းသူသတ်တာ ဆယ့်ရှစ်ခါတောင် ခံခဲ့ရတာလေ၊ မင်းမှာထူးဆန်းတာတွေ ဖြစ်မလာဘူးဆိုတာ တကယ်ကံကောင်းလို့ပဲ၊ သူကမင်းကို ဒီလောက်တောင် လုပ်ထားမှတော့ လွယ်လွယ်ကူကူသတ်ပစ်လို့ ရအောင်လုပ်ရမယ်လေ၊ သူ့ကို ကောင်းကောင်းကြီး ကစားပြီးရင် သတ်ပစ်လိုက်"
"သူ့မာနကိုချိုးပြီး မင်းခြေဖဝါးအောက်ရောက်အောင်လုပ်၊ သူ့ကိုအရင်လို မရက်စက်နိုင်အောင် အင်အားမရှိအောင် မင်းစကားကလွဲရင် ဘာမှမကြားနိုင်တော့အောင်၊ မင်းရဲ့ အပြုံးကိုမြင်ရဖို့တင် မင်းခိုင်းသမျှလုပ်လာအောင် လိုအပ်လာရင် သေပေးနိုင်အောင် လုပ်လိုက် ၊ မကောင်းဘူးလား"
နားထောင်လို့တော့ တော်တော်လေးကောင်းသည်။
ကျန်းလော့သည် ပြုံးလိုက်ပြီး
"မင်းကို ဘယ်သူက ထခိုင်းလို့လဲ"
ချီယုံသည် သူ့ကိုတည်ငြိမ်စွာ ကြည့်လိုက်ပြီး ဒူးတစ်ဖက် ပြန်ထောက်လိုက်သည်။ ကျန်းလော့သည် သူ့ကို နွမ်းလျစွာကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် အလွန်ချောသည်။ မီးခိုးရောင်ကောင်းကင်အောက်တွင် သူ့မျက်နှာမှာ သွေးများလောင်းချထားသလိုဖြစ်နေသည်မှာ သူ့ကို စိတ္တဇလူသတ်သမား တစ်ယောက်ကဲ့သို့ ရူးမိုက်နေပုံနှင့်တောင် ရူးလောက်အောင် ချောနေသည်။ သူ့အပြုံးသည် နှစ်ခြမ်းကွဲနေသည်။ တစ်ဖက်မှာ ကျက်သရေရှိပြီး တည်ငြိမ်၍ နောက်တစ်ခြမ်းမှာ သွေးစွန်းနေသော ဓားတစ်ချောင်းလိုပင်။ ချီယုံသည် ကြည့်လေ ချောလေဖြစ်သည်။ ချီယုံ့အကြောင်းသည် သိလာလေလေ ဆန်းကြယ်လေလေ ဖြစ်သည်။
မည်မျှဆန်းကြယ်သလဲဆိုလျှင် သူ့အကြောင်းတစ်ချိန်လုံး တွေးမိနေအောင် ဆန်းကြယ်သည်။ ကျန်းလော့သည် ခြေထောက်ကိုပင့်လိုက်ပြီး ချီယုံ့မေးစေ့ကို ပင့်လိုက်သည်။ သူ့ဖိနပ်သည် သန့်ရှင်းနေသော်လည်း မကောင်းဆိုးဝါး၏ မျက်နှာသည် သွေးထွက်လာသလို မျက်နှာတစ်ခုလုံးနီရဲလာသည်။ ဒီလိုဆက်ဆံခံလိုက်ရသောအခါ သူသည် မမျှော်လင့်ထားပဲ မျက်ခုံးပင့်လိုက်ကာ ကျန်းလော့ကို စိတ်ဝင်စားစွာနှင့် ကြည့်လိုက်သည်။
"ချီယုံ"
ကျန်းလော့သည် ကိုယ်ကိုကွေးလိုက်ပြီး သူ့ခြေထောက်သည် မကောင်းဆိုးဝါး၏ သန့်ရှင်းနေသော အင်္ကျီစနေရာကို ဖိထားသည်။
"မင်းက အရမ်းညစ်ပတ်တာပဲ ညစ်ပတ်လွန်းလို့ မင်းကိုထိတောင် မထိချင်ဘူး"
ချီယုံသည် ရယ်လိုက်ပြီး
"အိုး တကယ်မထိချင်ဘူးလား"
သူသည် မက်တပ်ရပ်ပြီး ရှေ့တိုးလိုက်သည်။ သူသည် ကျန်းလော့ရပ်နေသောနောက်ရှိ ပလ္လင်လက်ရန်းနှစ်ဖက်တွင် လက်တင်၍ ကျန်းလော့ကို အနီးကပ် ငုံ့ကြည့်လိုက်ကာ မည်သူမျှသတိမထားမိလိုက်ခင် ကျန်းလော့ကို လက်မောင်းနှစ်ဖက်ကြား ကျပ်နေအောင် ညှပ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်တွင် ပေနေသော သွေးများနှင့် ကျန်းလော့ကို ကိုယ်ချင်းပွတ်၍ ပါးချင်းအပ်ကာ သွေးများပေအောင် လုပ်လိုက်သည်။ ချီယုံသည် သူ့ကိုငုံ့ကြည့်ကာ ဖြေးဖြေးလေးပြောလိုက်သည်။
"အိုက်ယား ဘယ်လိုလုပ်မလဲ ကိုယ်မင်းကိုပါ ပေအောင်လုပ်မိသွားပြီ"
ကျန်းလော့သည် အသက်ရှူသံများပြင်းလာပြီး သူမျက်နှာရှိသွေးများကို လက်ဖြင့် ပွတ်သုတ်လိုက်ရာ နှုတ်ခမ်းထောင့်တွင် သွေးအချို့ ဝင်သွားသည်။ သရဲသဘက်သွေးများသည် မြောင်းပုပ်ရေကဲ့သို့ နံစော်ညစ်ပတ်ကာ ပင့်ကူလူသားသွေးများထက်ပင် ရွံစရာကောင်းသေးသည်။ ချီယုံသည် ပြုံးလိုက်ပြီး သူ့လက်များသည် တမင်တကာပင် အောက်ဘက်ရှိကျန်းလော့၏ လည်ပင်းကိုပွတ်၍ သွေးများဖြင့် ထိုနေရာတွင် ပုံဆွဲနေသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော ဒေါသထွက်၍ အေးစက်တုန်ယင်နေသော အသားအရေပေါ်တွင် ပုံဆွဲနေရသည်ကို ပျော်နေပုံရသည်။ ဆံပင်အနက်နှင့် လူငယ်သည် တစ်ကိုယ်လုံး သွေးများရွှဲနေကာ မျက်နှာမှာ မည်းမှောင်နေချေပြီ။ ယခုမှပင် သူသည် ချီယုံဆိုသော လူသတ်သမား၏ သားကောင်နှင့် တူနေတော့သည်။
ချီယုံသည် ကိုယ်ကိုကိုင်းလိုက်သောအခါ သူ၏အပေါ်ထပ်ဂျက်ကတ်သည် ကျန်းလော့ကိုယ်ပေါ် တစ်ဝက်ဝတ်ပေးလိုက်သလိုဖြစ်နေသည်။ ဘေးမှကြည့်ပါက ချီယုံသည် ကျန်းလော့ကို ဂျက်ကတ်ထဲသို့ သွင်း၍ မည်သူမျှမမြင်စေရန် ဖက်ထားသလိုဖြစ်နေသည်။ ထို့နောက်သူသည် ရယ်လိုက်ပြီး
"ဒီလိုလေးကမှ ပိုကြည့်ကောင်းသွားတယ်"
သူသည် နောက်ထပ်ရယ်လိုက်ပြီး
"တစ္ဆေသားရဲတွေရဲ့ သွေးအရသာက ဘယ်လိုလဲ ဟမ်"
ချီယုံသည် ထပ်မံတိုးကပ်လာပြီး ကြားမဝင်နိုင်လောက်အောင်ကပ်ထားလေသည်။ ကျန်းလော့သည် သူစကားပြောလိုက်တိုင်း ထိုသူ၏ဝင်သက်ထွက်သက်ကို ခံစားနေရသည်။ ကျန်းလော့၏မျက်နှာကို လေနှင့်မှုတ်၍ မကောင်းဆိုးဝါးသည် အနံ့ဆိုးသော ရေနှင့်သွေးနံ့တို့သည် ကျန်းလော့တစ်ကိုယ်လုံး အနံ့ဆွဲသွားစေသည်။ ကျန်းလော့၏ မျက်နှာမှ ကြွက်သားများသည် ဆက်တိုက်တုန်ယင်နေလေသည်။
သူသည် ထပ်မထိန်းနိုင်တော့လောက်အောင် ပေါက်ကွဲချင်နေလေပြီ။ နတ်ဆိုးကဲ့သို့ အသံသည် ထပ်မံပြောလာပြန်သည်။
"သူ့ကိုကြည့်လိုက်စမ်းပါ သူအခုလုပ်နေတဲ့ပုံက တအားသောက်မြင်ကပ်စရာမကောင်းဘူးလား"
"သူမင်းကို ဖိထားပြီး မင်းတစ်ကိုယ်လုံးကို သွေးတွေနှစ်ပြီး ပြုံးနေလိုက်တာများ၊ ဒီလိုလုပ်နေတာနဲ့တင် သူ့ကို မင်းတစ်ယောက်ထဲကိုပဲနာခံမဲ့ ခွေးဖြစ်အောင် လုပ်လိုက်သင့်နေပြီ"
ကျန်းလော့သည် ချက်ချင်းသတိဝင်လာကာ ခေါင်းကိုခါလိုက်သည်။ ထို့နောက် တွေးလိုက်သည်။
'တကယ်ကို ကောင်းတဲ့အကြံ'
သို့သော် သူသည် ပို၍အရေးကြီးသည့် အချက်ကို သတိထားလိုက်မိသွားသည်။ သူသည် ချီယုံကို မော့ကြည့်နေရသည်။ သူ့မျက်နှာသည် ချီယုံ၏ လည်ပင်းနှင့်တစ်တန်းပဲဖြစ်သည်။ သူသည် ချီယုံ၏ လည်စိကို မနေနိုင်ပဲသွားထိလိုက်သည်။ ချီယုံသည် သူလွပ်လွပ်လပ်လပ် လှုပ်ရှားနိုင်စေရန် အားအနည်းငယ်လျော့ပေးလိုက်သည်။ သူစကားပြောလိုက်ချိန်တွင် လည်စိသည်လှုပ်ရှားသွားသည်။
"ကျန်း မင်းအခုဘာတွေတွေးနေလဲ ကိုယ့်ကိုလဲပြောပြပါဦး"
ကျန်းလော့သည် မျက်လုံးလှန်ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးထဲမှ သွေးမြူများသည် သူ့မြင်ကွင်းကို နှောက်ယှက်နေသည်။
'ချီယုံကို ခွေးဖြစ်အောင် လေ့ကျင့်ပေးလို့ကရတယ်၊ ဒါပေမဲ့ ချီယုံငါ့ကို အရူးအမူးချစ်လာဖို့က မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး'
'ချီယုံက ရူးနေတာ၊ ရူးနေတဲ့သူက သူပျော်ဖို့ကလွဲရင် ဘာကိုမှဂရုစိုက်မှာ မဟုတ်ဘူး'
သူ(ချီယုံ)သာ သူ့(ကျန်းလော့)ကို ကြိုက်သွားခဲ့ရင် သူ့ရဲ့ရူးသွပ်မှုတွေကို ကျန်းလော့ဆီပုံချလိုက်မည် ဖြစ်ပြီး ကျန်းလော့ကို သူလိုချင်သည့်အတိုင်း ပုံသွင်းယူလိမ့်မည် ဖြစ်သည်။ ကျန်းလော့ကို ကြိုက်ပြီး သေသွားမည်ဆိုလျှင်လည်း သူ့ကိုပါတစ်ပါတည်းခေါ်သွားပြီး အပြုံးနက်နက်ကြီးပြုံး၍
"ကိုယ်နဲ့သေရတာ ပျော်ရဲ့လား" လို့မေးလိမ့်မည်ဖြစ်သည်။
'ဒီလိုအရူးကောင်မျိုးကို ငါကပါရူးနေလို့ သူ့ကိုယ်သူငါ့ကိုချစ်နေပါတယ်ဆိုပြီး အယုံသွင်းခိုင်းရမှာလား'
မကောင်းဆိုးဝါးတွေကို ရှင်းပစ်ဖို့ နည်းလမ်းတွေအများကြီးရှိသည်။ ထို့ကြောင့် ကျန်းလော့သည် သူ့ကိုသူအဆုံးရှုံးခံရန် မလိုအပ်ချေ။ ကျန်းလော့သည် မကောင်းဆိုးဝါးရုပ်ထုနှလုံးသားမှ လုံးဝလွတ်မြောက်လေပြီ။ သူ့မျက်လုံးများသည် ပြန်လည်ကြည်လင်လာပြီး ရုတ်တရက်ပြုံးလိုက်ကာ ချီယုံကို မော့ကြည့်လိုက်သည်။
ချီယုံသည် ကျန်းလော့ကိုယ်ကိုရစ်ပတ်ထားသော မကောင်းဆိုးဝါးစွမ်းအားများပျောက်သွားသည်ကို သေချာစူးစမ်းနေသည်။ ထို့နောက်ကျန်းလော့သည် ချီယုံနှင့် နေရာပြောင်းလိုက်ကာ သူ့ကို ပလ္လင်ဘက်သို့ လှည့်၍ တွန်းချလိုက်ပြီး ချီယုံကို ပြုံးကြည့်လိုက်သည်။ သူသည် မကောင်းဆိုးဝါးဝိဉာဉ်ကို သေချာစိုက်ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်
"မင်းတို့ရဲ့ နောက်ဆုံးသားကောင်က ငါ့အောက်က မကောင်းဆိုးဝါးပဲ"
"သရဲများနှင့် မကောင်းဆိုးဝါးအပေါင်းတို့ နောက်ဆုံးပွဲစဉ်ကတော့ ဒီမကောင်းဆိုးဝါးကိုသတ်ဖို့ပဲဖြစ်တယ်၊ ဒီကောင့်ကို သတ်နိုင်တဲ့သူက အနိုင်ရမဲ့သူပဲ"
သရဲများသည် မယုံနိုင်စွာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် ချီယုံကိုကြည့်လိုက်ပြီး သူတို့ရှေ့မှာပင် ရင်ဆိုင်ရန်ခက်ခဲသော သားရဲအကောင်နှစ်ဆယ်ကို ခနအတွင်းသတ်လိုက်သည့် ထိုလူကို မည်သို့သတ်နိုင်မည်နည်း။
ထိုပုံရိပ်သည် သူတို့ကိုရင်ထဲအသည်းထဲထိ ကြောက်ရွံ့စေသည်။ သို့သော် သူတို့၏သွေးဆာသောဗီဇကြောင့် စိတ်လှုပ်ရှားလာကြသည်၊ သူတို့အားလုံးပေါင်းလိုက်လျှင် ထိုသူကိုသတ်နိုင်လိမ့်မည်ဟူသော ရူးနှမ်းသည့် အတွေးများတွေးလာကြသည်။ ခေါင်းအလုံးနှစ်ဆယ်ပါသော ဘီလူးကြီးသည် ချီယုံကို ရင်ဆိုင်ရန်ထွက်လာသည်။ မကောင်းဆိုးဝါးသရဲများသည် ပလ္လင်ကိုဝိုင်းထားကြသည်။ အားလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး စောနကတိုက်ပွဲများကဲ့သို့ ကျယ်ကျယ်လောင်လောင် အားပေးနေကြသည်။
ကျန်းလော့သည် ချီယုံကို ထားခဲ့ရန်အထ ချီယုံသည် ကျန်းလော့ကို သူ့လက်မောင်းများကြားတွင် တင်းကျပ်စွာဖက်ထားလိုက်သည်။ ချီယုံသည် ကျန်းလော့နားနားကပ်၍ မေးလိုက်သည်၊
"ဘာလို့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နေရတာလဲကွာ"
သူသည်ကြက်သီးထဖွယ်အသံတိုးတိုးဖြင့်ပြောလိုက်ပြီး ရယ်သံစွက်ကာ ချစ်သူနှင့်ကျီစယ်နေသယောင် တိုးတိုးတိုးတိုး ပြောပြန်သည်။
"ကျန်းလော့ မင်းနဲ့ငါက တူတူပါပဲ၊ မင်းရဲ့ အတွင်းစိတ်ကို လွပ်လွပ်လပ်လပ်ဖွင့်ချ လိုက်လို့ရပါတယ်။ မင်းရဲ့တခြားတစ်ဖက်ကို လက်ခံလိုက်ပါ"
ချီယုံသည် ငြင်သာစွာပြောနေရင်း လက်တစ်ဖက်ဖြင့် ကျန်းလော့၏ဆံပင်ကို ပွတ်သပ်ပေးနေသည်။
"မင်းရဲ့တခြားတစ်ဖက်ကို ဖွင့်ချလိုက်ပြီး ငါနဲ့အတူ ရုပ်လွန်လောကကြီးကို ဖျက်ဆီးဖို့ လာပူပေါင်းပါလား"
ချီယုံသည် ကျန်းလော့ကိုမသတ်ချင်ကြောင်း ထုတ်ပြလိုက်သည်။ ကျန်းလော့ကိုသူနှင့်ပူးပေါင်းရန် သူ့အစီအစဉ်များမှ အချို့ကိုပြောပြနေသည်၊ ကျန်းလော့သည် သူနှင့်ပက်သတ်သော အတင်းစကားများဖြန့်ခဲ့သည်။ သူသည် ကျန်းလော့ကို သူနှင့်အတူ ရုပ်လွန်လောကကို ဖျက်ဆီးစေချင်သည်။
ကျန်းလော့သည် သူ၏ဆိုးယုတ်မှုများနှင့် သူများကို ယုတ်မာရန်လာဆွယ်နေသောသူကို စိတ်ဝင်တစားကြည့်မိနေသည်။ ချီယုံသည် ကျန်းလော့ကိုသူနှင့်တစ်ထပ်ထဲ တူလာရန်မျှော်လင့်နေသည်။ ကျန်းလော့ကို အမှောင်ထုထဲကျလာစေပြီး ညစ်ပတ်ဆိုးယုတ်မှုများ တူတူလုပ်ချင်သည်။ သူတို့တူတူဖြစ်နေတာအသိသာကြီးကို ကျန်းလော့သည် အဘယ့်ကြောင့် သူ့ကိုယ်သူ ငြင်းဆန်နေပါ သနည်း။ ချီယုံ၏ ခန္ဓာကိုယ်သည် တောင့်တင်းအေးစက်နေပြီး ထိုအရာနှင့် ဖိထားသောကြောင့် ကျန်းလော့ကိုနာကျင်စေသည်။ ကျန်းလော့၏ လက်မောင်းများသည် သံမဏိနှင့် လုပ်ထားသည် မဟုတ်သောကြောင့် အညစ်ခံထားရ၍ နာကျင်လာသည်။
ကျန်းလော့သည် ဒီမကောင်းဆိုးဝါးကောင် တမင်သက်သက်လုပ်နေသည်ဟု ခံစားရသည်။ ဘေးမှနွားထီးသည် သူတို့ကို အလွန်ထူးဆန်းစွာ ငေးကြည့်နေသည်။
'ချီယုံကဲ့သို့သူက ဒီလိုအနေအထားကြီးကို သတိမထားမိဘူးတဲ့လား'
ကျန်းလော့သည် လက်မှယင်ယန်လက်ကောက်ကို ခါလိုက်ရာ လက်ကောက်သည် လင်းလာပြီး ချီယုံ၏လက်ကို နာကျင်သွားစေသည်၊ ကျန်းလော့သည် ချီယုံအားလျော့သွားသည်နှင့် ရုန်းလိုက်ကာ ပလ္လင်ပေါ်မှထလိုက်သည်။ ဝတ်ရုံနက်ကို ဝဲခါနေအောင် ခါပစ်လိုက်ပြီး ချီယံကို လက်ခလယ်ထောင်ပြလိုက်သည်။ လှောင်ပြုံးပြုုံး၍
"ငါ က မင်း လို မ ဟုတ် ဘူး"
သူသည် နှုတ်ခမ်းမဲ့သွားရုံလေးပြုံးလိုက်ပြီး
"ချီယုံ ဘာမှလာပြီး အထင်မှားမနေနဲ့ မင်းကမကောင်းဆိုးဝါးသရဲ၊ ငါက လူ"
ထိုစကားများပြောနေရင်း သူသည် ပလ္လင်ရှိရာနေရာမှ မြေပြင်ထက်သို့ ခုန်ချလိုက်သည်။ လက်ခလယ်နောက်တစ်ခေါက် ထောင်ပြလိုက်ကာ တစ္ဆေအုပ်ကြီးကြားထဲ ဝင်၍ ကိုယ်ယောင်ဖျောက် ထွက်ပြေးသွားသည်။ ချီယုံသည် တစ္ဆေအုပ်ကြီးကြားတွင် ပျောက်သွားသောသူကို ငေးနေပြီး လူပျောက်သွားပြီးဖြစ်သော်လည်း ကျန်းလော့ကို မထိန်းချုပ်နိုင်လိုက်သောကြောင့် မျက်လုံးထဲမှ မီးတောက်များထွက်လာမတတ် ဒေါသထွက်နေလေသည်။
ထိုအချိန်တွင် တစ္ဆေအုပ်လိုက် ပလ္လင်ရှိရာသို့ ကုပ်ကပ်တက်လာကြရာ ချီယုံသည် ဖျော့တော့စွာရယ်လိုက်ပြီး ဘုရင်တစ်ပါးကဲ့သို့ ပလ္လင်ပေါ်မှီထိုင်လိုက်သည်။ သူသည် မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်လိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး သူ့ရင်ဘက်ကို ကိုင်ကြည့်လိုက်သည်။
'ထူးဆန်းလိုက်တာ'
'ဒီနေရာမှာ ဘာမှမရှိတာ သေချာရက်နဲ့ ဘာလို့များ နည်းနည်းခုန်သွားသလို ခံစားနေရတာပါလိမ့်'
ကျန်းလော့သည် တစ္ဆေမြို့တော်မှ ခပ်လျှိုလျှိုလေးထွက်လာသည်။ ထွက်ထွက်ချင်းပင် မြို့ဝင်ပေါက်နားတွင် လုယုံရိသည် ကုပ်ကုပ်ကလေးထိုင်နေကာ ကလေးများကဲ့သို့ တုတ်တစ်ချောင်းနဲ့ မြေကြီးပေါ်တွင် အဝိုင်းများနှင့် တုတ်ချောင်းများ လျှောက်ဆွဲနေသည်။ သူသည် ထိုသို့ ဆွဲနေရင်းပျင်းလာပြီး ဟိုကြည့်သည်ကြည့် ကြည့်လိုက်ရာ ကျန်းလော့ကိုမြင်လိုက်ပြီး ဖားခုန်သလိုခုန်ထလာကာ ကျန်းလော့ရှေ့ချက်ချင်းရောက်လာသည်။
ကျန်းလော့သည် လန့်သွားပြီး ထိုသရဲများကို အရူးလုပ်ခဲ့စဉ်တွင် အလွန်ထိတ်လန့်နေခဲ့သည်နှင့် ပေါင်းသွားသောကြောင့် အနည်းတည်ငြိမ်အောင်လုပ်လိုက်ရသည်။
"ဘာလို့ပြန်မသွားဘဲ ဒီမှာစောင့်နေရာလဲ"
ကံကောင်းစွာဖြင့် လုယုံရိသည် ဘာကိုမှသတိမထားမိဘဲ ရိုးသားစွာပြောလိုက်သည်။
"ငါက မင်းတစ်ခုခုဖြစ်သွားမှာစိုးလို့ ဝေးဝေးမသွားပဲ စောင့်နေတာ"
ကျန်းလော့သည် ဘာမှထပ်မမေးတော့ဘဲနေလိုက်သည်။ တစ္ဆေမြို့တော်အပြင်ဘက်တွင် အဖြူရောင်မြူများ ထူထပ်လာပြန်သည်။ သူတို့နှစ်ယောက်သည် ထိုမြူများအတွင်း ဝင်သွားလိုက်ရာ ခနအကြာတွင် ရင်းနှီးနေသော ရေပူစမ်းဥယျာဉ်သို့ ပြန်ရောက်သွားသည်။ သူတို့ အဖြူအနီသရဲအုပ်စုနှင့် တွေ့ခဲ့သော နေရာတည့်တည့်ကို ပြန်ရောက်သွားခြင်းဖြစ်သည်။ သူငယ်ချင်းများသည် သူတို့ကို ထိုနေရာတွင် စောင့်နေကြသေးသည်။
ကျန်းလော့ဘာမှမပြောလိုက်ရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူ့ကိုတင်းကျပ်စွာ ဖက်ခြင်းခံလိုက်ရသည်။
"တော်သေးတာပေါ့ မင်းတို့အန္တာရယ်ကင်းကင်း ပြန်လာလို့ တော်သေးတယ်............"
ထိုသူသည် ကျန်းလော့နောက်ကျောကို အရှိန်ပြင်းပြင်းရိုက်ကာ ပြောလိုက်သည်။
"ငါ သေလောက်အောင် လန့်သွားတာကွ"
ကျန်းလော့သည် ဖြည်းညှင်းစွာ ပြန်ဖက်လိုက်သည်။
'သူငယ်ချင်းရှိတဲ့ ခံစားချက်က.........................ကောင်းလိုက်တာ'
###################