အမြန်လမ်းမကြီးပေါ်၌ expressအဝေးပြေးကားတစ်စီးသည် အရှိန်ဖြင့် မောင်းနှင်ပြေးဆွဲလျက်ရှိသည်။
ထိုexpressကားသည်ဂိတ်မှထွက်ခွာလာခဲ့သည်မှာ အချိန်အားဖြင့် လေးနာရီပြည့်လုလုပင်ဖြစ်သည်။
ကားထဲရှိ ခရီးသည်တို့တွင် အိပ်စက်နေကြသူများလည်းရှိသလို အသာလေးမှိန်းစက်နေကြသူများလည်းရှိသည်။သေချာသည်က လေးနာရီနီးပါးကားစီးလာခဲ့ပြီးဖြစ်သဖြင့်အားလုံးမှာပင်ပန်းနေဟန်ရှိကြသည်။
အဝေးပြေးကားသည် သတ်မှတ်ထားရာကားဂိတ်သို့ရောက်ရှိရန်အတွက် အရှိန်ပါပါဖြင့် ဦးတိုက်မောင်းနှင်လျက်ရှိသည်။
အရှိန်မြှင့်နေသော ကား၏အမြန်နှုန်းကဲ့သို့ စေးစက်ထင်၏ရင်ခုန်နှုန်းတို့သည်လည်းထိုနည်းတူစွာမြှင့်တက်လျက်ရှိပါသည်။
စေးစက်၏ခေါင်းတစ်ခုလုံး ငြီးနောက် နောက် ဖြစ်နေသည်မှာ ကားပေါ်တက်၍စထိုင်သည်မှ ယခုချိန်အထိ။
အိမ်မှထွက်လာချိန်ကကောင်းသေးသော်ငြား ကားကွင်းအရောက် ကားများ ၏အငွေ့အသက်တို့ကို စတင်ထိတွေ့ခံစားမိချိန်မှာတော့ မူးနောက်နောက်ဖြစ်လာသောမိမိခေါင်းကို စေးစက်ရိပ်မိလိုက်ပါသည်။နဖူးတွင်စို့လာသောချွေးစများက သက်သေပင်ထွက်ဆိုပြနေသေးသည်။
အသက် ၂၂နှစ်အရွယ်ရောက်နေပြီဖြစ်သော စေးစက်လိုလူပျိုလေးက ကားမူးမှာ အကြောက်ဆုံးဖြစ်သည်ကို စေးစက်မိသားစုဝင်တွေမှလွဲ၍ မည်သူမည်ဝါမှသိကြမည်မဟုတ်။
စေးစက်မိသားစုသည် စေးစက်၏ဘဝ၊စေးစက်၏ အနာဂတ်၊စေးစက်၏အရာအားလုံးပင်ဖြစ်ပါသည်။
မိသားစုဝင် သုံးဦးသာရှိတော့သည့်စေးစက်တို့မိသားစုသည် ဖေဖေရှိစဉ်ကလိုပဲနွေးထွေးအေးချမ်းသောမိသားစုလေးဖြစ်နေဆဲပင်။
ဖေဖေမရှိတော့သည့်နောက် စေးစက်တို့အရိပ်မဲ့လေပြီဟု ထင်ဆထားမိသည်မှာလက်တွေ့တွင် မဟုတ်ခဲ့ရပါ။
ထိုအချိန် စေးစက်က သုံးတန်းတက်ရမည့်အရွယ်၊အကိုလင်းထက်ထင်ကဆယ်တန်းတက်ရမည့်အရေးကြီးဆုံးအခိုက်အတန့်။
ဖေဖေသာလောကကြီးထဲ တစ်နှစ်လောက်ပိုနေခွင့်ရပါလျှင် အကိုလင်းထက်ထင် သည် ယခုအချိန် ဘွဲ့ကောင်းကောင်းတစ်ခုကိုရ၍ ရာထူးကောင်းကောင်းအလုပ်တစ်ခုကို လုပ်ကိုင်နေမည်ဟု စေးစက် တထစ်ချယုံကြည်မိပါသည်။
ဆယ်တန်းတက်၍ စာကြိုးစားရမည့်အချိန်တွင် ဖေဖေ့အစားမိသားစုတာဝန်တွေကို အကိုက ပခုံးပြောင်း ထမ်းယူခဲ့ရသည်။
မေမေက ဆယ်တန်းဆက်တက်ပါရန်အကြိမ်ကြိမ်နားချခဲ့ပါသော်ငြား အကိုပြန်ပြောခဲ့သည်က
ဒီအချိန်က သားအလှည့် ! တဲ့ ။
အကိုကြီး အဖရာဆိုသည့်အတိုင်း ပြိုလဲသွားတော့မည့် စေးစက်တို့အိမ်ကလေးကိုပြန်တည့်မတ်ပေးခဲ့သည်။
သူ့ဘဝကောင်းစားရေးကိုမကြည့်ပါပဲစေးစက်ဘဝကောင်းစားရေးကိုသာကြည့်ပြီးမြေတောင်မြှောက်ကာပျိုးထောင်ပေးခဲ့သည်မှာအကိုပင်။
အကိုလင်းထက်ထင်သည် မေမေနှင့်စေးစက်ဘ၀အတွက် သူရဲကောင်းတစ်ယောက်ပင်။စေးစက်သည်လည်း ထိုသူရဲကောင်းကို လေးစားပြီး ကိုးကွယ်ခဲ့ပါသည်။
စေးစက်အကိုသည် စေးစက်အပေါ် ကောင်းလွန်းသော၊ဂရုစိုက်လွန်းသော၊ကြင်နာလွန်းသောအကိုတစ်ယောက်ပင်။
သူငယ်ချင်းတွေက သူတို့အကိုတွေနဲ့ ရန်ဖြစ်စိတ်ဆိုးပြီး ပြန်အချော့ခံရကြောင်းပြောတဲ့အခါ စေးစက်မှာ ပြန်ပြောပြစရာစကားလုံးမရှိ။အကြောင်းမှာ အကိုနဲ့ စေးစက်က တစ်ခါမှရန်မဖြစ်ဘူးသလို၊ တစ်ခါမှလည်းစိတ်မဆိုးဘူးလို့ပင်။
ထိုသို့ရန်ဖြစ်ပြီးစိတ်ဆိုးစိတ်ကောက်လုပ်ဖို့အတွက်လည်းစေးစက်မှာအစီအစဉ်လုံးဝမရှိ။
မိသားစုတာဝန်တွေ ရုန်းကန်နေရသော အကို့အား စေးစက်ကြောင့် စိတ်အနှောက်အယှက်မဖြစ်စေချင်သလို၊စေးစက်ကြောင့်လည်း စိတ်ပူပန်ခြင်းမရှိရလေအောင် ကောင်းကောင်းမွန်မွန်စေးစက် ကြီးပြင်းခဲ့သည်။
စေးစက် သုံးတန်းအရွယ်မှဘွဲ့ရသည်အထိ အကိုလင်းထက်ထင်ကလိုလေသေးမရှိအောင်ကျောင်းထားပေးခဲ့သည်။ယခုအချိန်ထိလည်း အကို့အရိပ်အောက်မှာ စေးစက်တို့ခိုဝင်နေရဆဲပင်။
မေမေနှင့်စေးစက်အတွက် အလုပ်ပြီးအလုပ်သာ အာရုံစိုက်နေသည့် အကိုသည်အိမ်ထောင်ပြုဖို့ကိုပင် မေ့လျော့နေပုံရသည်။
မေမေနှင့်စေးစက်က အိမ်ထောင်ပြုဖို့ရန်တိုက်တွန်းပါလျှင် အကိုသည်အကြောင်းပြချက်တစ်ခုခုဖြင့်ဝေ့ထွက်သွားစမြဲ။
အကို့အနေဖြင့် မိသားစုဘဝသစ်တစ်ခုကို ထူထောင်ချိန်ရောက်ပြီဟုစေးစက်ထင်သည်။စေးစက်တို့အတွက် ဘဝတစ်လျှောက်လုံးအနစ်နာခံနေတာမျိုး မဖြစ်စေချင်။
ဒီလိုပြောခြင်းသည် စေးစက်ကိုယ့်လက်ကိုယ့်ခြေနိုင်လို့ ၊အရွယ်ရောက်လာလို့၊ အကို့ကိုမလိုအပ်တော့လို့ ပုန်ကန်ပြောခြင်းမဟုတ်ပါ။အကို့ကို မိသားစုကမ္ဘာလေးနှင့် သိုက်သိုက်ဝန်းဝန်းပျော်ရွှင်နေတာကို စေးစက်မြင်ချင်လို့ပင်။
အကိုသည် သူ့နှလုံးသားကို ချောင်ထိုးထားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့လေပြီ။
အကို့ချစ်သူဖြစ်သည့် မမဇွန်ဇူးကို စေးစက် ကြားထဲကနေ မျက်နှာပူလှပြီ။
အချစ်ရေးမှာ အေးစက်စက်နိုင်လွန်းသောအကို့ကို စေးစက်တကယ်အူယားမိသည်။ မမဇွန်ဇူးကိုတစ်ခြားသူလက်ထဲရောက်သွားမှာ အကို့ထက်စေးစက်က ပိုစိုးရိမ်ကြောင့်ကြနေရပါသည်။
မမဇွန်ဇူးသည် အကိုနှင့်သာ ထိုက်တန်သည်ဟု စေးစက် အတ္တကြီးမိပါသည်။
မမဇွန်ဇူးကိုမကြာမကြာ သွားတွေ့ဖို့၊လက်ဆောင်ပစ္စည်းတို့ကို မကြာမကြာပေးဖို့ အကို့ကို စေးစက် အမြဲနားပူနားဆာလုပ်နေမိသည့်အရာပင်။
မမဇွန်ဇူး ပြောသောစကားတစ်ခွန်းကြောင့်စေးစက်အကိုအတွက် တစ်ဝက်လောက်စိတ်သက်သာရာရမိပါသည်။မမဇွန်ဇူးပြောသည်က
စေးစက်အကိုကိုမှမရရင် ဒီတစ်သက်ယောကျာ်းမယူတော့ဘူး ! တဲ့။
စေးစက်အားရှိသွားသလို အကိုနှင့်ပေါင်းကိုပေါင်းရစေမည်ဟု တိတ်တိတ်ကလေးစေးစက် ကတိပေးမိလိုက်သည်။
အခုဆိုစေးစက်က ဘွဲ့ရလို့ ကျောင်းဆရာအလုပ်ကို ရခဲ့လေပြီ။တာဝန်ကျရာမြို့လေးသို့လည်း စေးစက်သွားရတော့မည်။
စေးစက်မှာ အလုပ်အကိုင်လည်းရှိပြီမို့ အကို့အနေနှင့်စိတ်ချလက်ချကာ ကိုယ့်အတွက်ကိုယ်သာကြည့်ပါတော့ဟု တဖွဖွပြောနေမိသည်မှာတောက်လျှောက်။
မေမေကလည်း မမဇွန်ဇူးကို ချွေးမတော်ချင်နေမှန်းစေးစက် သိသည်။ခက်သည်ကစေးစက်တို့သားမိနှစ်ယောက်ကသာ 'အိုးကမပူ စလောင်းကပူ'သလို အကို့အစား ယောက်ယက်ခတ်နေကြတာ။
မရပါ။ တာဝန်ကျရာမြို့သို့မသွားရခင် အကို့တို့လက်ထပ်ဖို့အရေး စေးစက်မရမကလုံးပန်းခဲ့ပါသည်။နားမဝင်မချင်း မေမေနှင့်စေးစက် အကို့ကို အကြိမ်ကြိမ်နားချခဲ့ရာနောက်ဆုံးတော့စေးစက်တို့အောင်မြင်ခဲ့ပါသည်။
စေးစက်မသွားခင် အကိုနှင့်မမဇွန်ဇူးတို့ လူကြီးပြောပွဲကို အမြန်ဆုံးစီစဉ်ခဲ့ကြသည်။ဒီနှစ်အတွင်း မင်္ဂလာပွဲကျင်းပရန်သဘောတူခဲ့ကြသည်။
စေးစက်ကတော့စေးစက်မသွားခင် တစ်ခါတည်းလက်ထပ်ပေးလိုက်ချင်သည်။လူကြီးတွေအားလုံးကဝိုင်းဝန်းစီစဉ်ကြတာမို့ စေးစက်မှာ ဖြတ်၍ အတွန့်မတက်ရဲဘဲ အသာလေး ငြိမ်နေလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် မမဇွန်ဇူးသည် တံဆိပ်ခတ်ပြီးသားဖြစ်ပြီမို့ စေးစက်အကိုအတွက်စေးစက် စိတ်ချလို့ရပါပြီ။
ကားဟွန်းတီးသံများ အဆက်မပြတ်ကြားနေရပုံထောက်လျှင် စေးစက်တာဝန်ကျရာမြို့သို့ရောက်ပြီဟု ထင်မိပါသည်။
ရောက်လျှင်လည်းရောက်ပါမှဖြင့် စေးစက်လည်း လူမမာတစ်ယောက်လိုနုံးချိလှပြီ။ကားမူးနေခဲ့သည်မှာ စစီးကတည်းက။
စေးစက်ကားမူးတတ်တာ သိသောမေမေနှင့်အကိုက ကားမူးပျောက်ဆေးတွေကြိုတိုက်ပေးသည်။ရှူဆေးဘူး၊သံပုရာသီး၊စေးစက်အန်ချင် အန်လို့ရအောင်ကျွတ်ကျွတ်အိတ်ကအစထည့်ပေးလိုက်ကြတာ။
ကားမူးပျောက်ဆေးသောက်ထားလည်းစေးစက်က ကားမူးတာပါပဲ။စေးစက်ဘေးကထိုင်တဲ့လူကိုအားနာလို့ မအန်မိလေအောင်ရှူဆေးဘူးထုတ်ရှူလိုက်၊သံပုရာသီးအလုံးကြီးကိုလက်သည်းနှင့်ထိုးဆိတ်ပြီးရှူရတာဆိုလည်းအမော။
စေးစက်မနည်းကို တောင့်ခံပြီးတင်းထားရသည်။အန်လို့မဖြစ်ဘူး ဟုရေရွတ်နေမိသည်မှာလည်း အကြိမ်ပေါင်းမနည်း။ကြာလာသည်နှင့်အမျှ တင်းထားသောစိတ်တို့သည် ပြတ်ထွက်လုမတတ် ပျို့ပျို့လာသည်။တစ်ခါတစ်ခါ လည်ပင်းဝထိစိုက်ရောက်လာသောအချဉ်ဓာတ်တွေကြောင့်မျက်ဖြူပင်စိုက်မတတ်။
တစ်ယောက်ထဲ ကမ္ဘာပျက်နေသော စေးစက်ကို ဘေးကလူက ရိပ်မိသွားပုံရ၍
'အန်ချင်ရင်အန်ချလိုက်ပါ အားမနာပါနဲ့'ဟုပြောလာသောအခါ စေးစက် အားတင်းထားခဲ့လေသမျှ
ကျွတ်ကျွတ်အိတ်ထဲ စေးစက်အန်ဖတ်တွေဒလဟော ! ။
× × ×
စေးစက်တာဝန်ကျရာမြို့၏ ကားဂိတ်သို့
စိုက်စိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါပြီ။
လမ်းတစ်လျှောက်လုံး ဟိုဟို ဒီဒီအတွေးတို့ဖြင့် ရင်တုန်နေမိသည်မှာ ဂနာမငြိမ်။
ကားမူးနေသည့်ကြားက စိတ်လှုပ်ရှားမှုတို့သည်လည်း ထိန်းမနိုင်သိမ်းမရ။
စေးစက် မရောက်ဖူးသောအရပ်ဒေသသို့ သွားရောက်ကာတာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် စိုးရိမ်စိတ်တို့မှာ တဖွားဖွား။
ဘယ်ခရီးပင်သွားသွား မေမေသည် စေးစက်နှင့်ထက်ကြပ်မကွာ လိုက်စမြဲ။စေးစက်သည်လည်း မေမေ မပါလျှင် ဘယ်မှပင်မသွားတတ်တော့သည့် ကလေးတစ်ယောက်နှယ်။
တာဝန်ကျရာမြို့ကိုတော့ မေမေသည် စေးစက်နှင့် လိုက်ပါခဲ့ခြင်းမရှိပါ။စေးစက်ကိုယ်တိုင် အရာရာကို ကြုံဆုံဖြတ်သန်းပြီးရင်ဆိုင်စေချင်သောကြောင့်မေမေသည်စေးစက်နှင့် တမင်မလိုက်ခဲ့ခြင်းဖြစ်သည်။
သူ့ကိုပဲအားကိုးပြီး မလုပ်တတ်မကိုင်တတ်၊မပြောတတ်မဆိုတတ်ဖြစ်မှာကို စိုးရိမ်၍ လူရည်လည်ရန်အလို့ငှာ စေးစက်တစ်ယောက်ထဲ လွှတ်ခြင်းဖြစ်သည်။
စေးစက်သည်လည်း ငါအရွယ်ရောက်ပြီအရာရာကိုထက်မြက်သည့်လူကြီးတစ်ယောက်ကဲ့သို့confidenceရှိရှိ နေမည်ဆိုသည့်စိတ်ကတစ်ဖက်၊ငယ်ချိန်မှယခုချိန်ထိမေမေနှင့်အကို၏အရိပ်တကြည့်ကြည့်ဂရုစိုက်ခြင်းခံရသည့်စေးစက်က ကလေးတစ်ယောက်လိုဖြစ်နေတဲ့စိတ်ကတစ်ဖက်။
သို့သော် သူများအရပ်ဒေသတွင်ကျောင်းဆရာဆိုသည့်ဂုဏ်ပုဒ်နှင့်အညီ အပြုအမူကအစ တည်ငြိမ်ရင့်ကျက်သူတစ်ဦးအသွင်၊ယဉ်ကျေးသိမ်မွေ့သောလူငယ်တစ်ဦးအသွင် ပြောဆိုနေထိုင်ရန် စေးစက် ကြိုးစားရပါအုံးမည်။
စေးစက်မလာခင် တာဝန်ကျရာမြို့လေးအကြောင်း၊စေးစက်တာဝန်ကျရာကျောင်းတည်ရှိသည့် ရွာလေးအကြောင်း လက် လှမ်းမှီသလောက် စုံစမ်းတီးခေါက်မိပါသည်။
အေးချမ်း သာယာသောနယ်မြေလေးဖြစ်သည်ဟုအားလုံးကမှတ်ချက်ပြုကြသည်။အစားအစာလည်းပေါသလို၊သောက်ရေသုံးရေလည်း ပေါသည်ဟုပင်ထပ်မံဆိုကြသေးသည်။အားလုံးသောသူတို့သည် အကြမ်းဖျင်းသာပြောကြသဖြင့်ကိုယ်တိုင်ရောက်မှသာ အလုံးစုံသိမြင်နိုင်မည်ဟုစေးစက် ထင်မိသည်။
ကားရပ်ထားသော နေရာနားကကျောက်ခုံတန်းတွင် အထုပ်အပိုးများဖြင့် စေးစက်ရပ်နေမိသည်။
စေးစက်တာဝန်ကျသည့်ရွာက အုပ်ချုပ်ရေးမှူးနှင့် မလာခင်ကဖုန်းအဆက်အသွယ်ရခဲ့သည်။စေးစက်ကိုကြိုဖို့ လူလွှတ်ထားမည်ဖြစ်၍ ကားဂိတ်ရောက်လျှင်သာ စေးစက်ကသူတို့ပေးထားသောဖုန်းနံပါတ်ကိုဆက်ရုံသာဖြစ်သည်။
နှစ်ချက်တီးကျော်သောနေမင်းသည်အမြင့်ဆုံးနှုန်းထားဖြင့် ပူနေသလားဟုပင်အောက်မေ့မိသည်။စေးစက်လည်း တုံ့နှေးမနေတော့ဘဲ သူတို့ပေးထားသောနံပါတ်ကို နှိပ်၍ခေါ်လိုက်သည်။
တတူတူမြည်နေရာမှ ရပ်တန့်သွားသည်မှာတစ်ဖက်လူက ဖုန်းကိုင်လိုက်ခြင်းကြောင့်ပင်။
"ဟယ်လို!ကျွန်တော် ကားဂိတ်ရောက်ပြီခင်ဗျ"
ထိုသို့ပြောပြီး တစ်ဖက်ကလူအပြောကို စေးစက် ခဏစောင့်လိုက်သည်။
ဖုန်းထဲတောင် ထင်းထွက်နေသောအသံပိုင်ရှင်သည် အသက်လတ်ပိုင်းလောက်ရှိနိုင်သည်ဟု စေးစက်ခန့်မှန်းမိလိုက်သည်။
"ဆရာလေး ကျုပ်တို့လည်းရောက်နေပြီ၊ဘယ်နားလေးလဲ"
စေးစက်လည်း ကိုယ်ရပ်နေသောနေရာကိုသိစေရန် အနီးအကမ်း ဝေ့ကြည့်ရင်း
"ဟို! ဝင်းနားဆိုတဲ့ expressကားရပ်ထားတဲ့နားလေးက ခုံတန်းမှာ၊တွေ့လားခင်ဗျ"
စေးစက်လည်း တစ်ခါမှမမြင်ဖူး၊မတွေ့ဖူးသူတို့ကိုခေါင်းလေးပြူကာအနီးအနားတစ်လျှောက်ဝေ့ဝဲကြည့်ရင်း ထစ်အအပြောနေမိသည်။
"လျှာထိုးဦးထုပ်အနက်နဲ့မိုးပြာရောင်အင်္ကျီလက်ရှည်ဝတ်ထားတဲ့ တစ်ယောက်လား"
ကိုယ်ကသူတို့ကိုမတွေ့သေးပေမယ့် သူတို့က ကိုယ့်ကိုတွေ့ပြီဖြစ်၍ စေးစက်မှာခေါင်းတဆတ်ဆတ်ဖြင့်
"ဟုတ်တယ်!ဟုတ်တယ်!အဲ့တစ်ယောက်!"
လူနှစ်ယောက် စေးစက်ဆီ ဦးတည်၍ လျှောက်လာနေသည်မှာ အလျင်အမြန်။
"တွေ့ပြီ ဆရာလေး"
ထိုတစ်ခွန်းပြောအပြီး ဖုန်းချသွားသည်မှာတောက်လျှောက်။
ထိုလူနှစ်ယောက် စေးစက်အနား မရောက်သေးခင် ကြို၍ ပြုံးစစ လုပ်ထားမိသည်မှာအသင့်အနေထား။
စေးစက် ထင်သည့်အတိုင်း အသက်လတ်ပိုင်းအရွယ်ရှိယောကျာ်းနှစ်ယောက်သည် စေးစက်ဆီလျှောက်လာနေသည်မှာအတက်ကြွဆုံးနှင့်အလျင်မြန်ဆုံး။
ထိုလူကြီးနှစ်ယောက် စေးစက်ရှေ့တည့် တည့်ရောက်လာချိန်မှာတော့ ပြုံးစစလုပ်နေမိသည့် စေးစက်နှုတ်ခမ်းသားတို့သည်ပွင့်ဟကာ ဖြူလွလွသွားတန်းလေးများပေါ်သည်ထိ ရယ်သွေးမိတော့သည်။
စေးစက်ကပင် ဦး၍ နှုတ်ခွန်းဆက်လိုက်သည်။
"စောင့်နေတာ ကြာပြီလား ကိုကြီးတို့"
"မကြာသေးဘူး ဆရာလေး၊ခုနလေးမှရောက်တာ၊ဒီမှာနေရှိန်တယ်ဆရာလေး ကားဆီသွားရအောင်၊ဆရာလေးအိတ်တွေကဘယ်ဟာလဲ ကိုကြီးတို့ သယ်သွားမယ်"
စေးစက်လည်းပြပြီးရော နှစ်ယောက်သားအိတ်တွေနှင့်အထုပ်တွေကို အလျှိုအလျှို ဆွဲယူနေကြသည်မှာ စေးစက်သယ်ဖို့ပင် မကျန်တော့သည်အထိ။
စေးစက်လည်းနိုင်သလောက်ကူသယ်ရန်ပြောသော်ငြား အကိုကြီးနှစ်ယောက်သည် အိတ်တွေကို လုံးဝအထိမခံဘဲ ရုတ်ခနဲယူသွားကြသည်မှာ ပေါ့ပေါ့ပါးပါး။
မတတ်နိုင်သည့်အဆုံး စေးစက်လည်း အားနာနာနှင့်သာ လိုက်ခဲ့မိတော့သည်။
ထိုအကိုကြီးနှစ်ယောက်သည် စေးစက် အိတ်တွေနှင့်အထုပ်တွေကို Light truckကား ၏နောက်ခန်းဆီ နေရာချထားပေးသည်မှာ ညင်သာမှုအပြည့်။
သူတို့ထက်အများကြီးငယ်သည့် စေးစက်အား ပြောဆိုဆက်ဆံပုံမှာရိုကျိုးမှုအပြည့်၊လေးစားမှုအပြည့်။
ဆရာဆိုသည့် ဂုဏ်ပုဒ်သည် အရှိန်အဝါတို့ဖြင့်ထွန်းတောက်နေသော ရတနာတစ်ပါးကဲ့သို့အဖိုးထိုက်လှပါဘိ ။
ရတနာပစ္စည်းတို့သည် ဆင်မြန်းထားသူကိုလှပဝင်းမွတ်သော အဆင်းသဏ္ဍာန်ကိုပေးစွမ်းသကဲ့သို့ ဆရာဆိုသည့်ဂုဏ်ပုဒ်သည်လည်း စေးစက်အား တန်ဖိုးတစ်ခုပိုင်းဖြတ်ပေးစွမ်းထားသည့်နှယ်။
ထိုအခိုက် စေးစက် ဒီအလုပ်ကို ရွေးချယ်ခဲ့မိတာ ဂုဏ်ရှိလိုက်လေခြင်း ဟု အောက်မေ့မိသည်မှာ အမှန်ပင်။
"ဆရာလေး !"
Light truckကားပေါ် တက်မည်အပြု ပျာယီးပျာယာဖြင့် ထအော်လိုက်သူမှာ စေးစက်နှင့် ဖုန်းပြောခဲ့သူပင်။
ပြူးတူးပြဲတဲဖြင့် ကြည့်နေကြသော ထိုအကိုကြီးနှစ်ယောက်ကြောင့် စေးစက်မှာ ရှေ့ဆက်တက်ရမလို၊နောက်ပြန်ဆုတ်ရမလို ကြောင်အမ်းအမ်းလေးဖြစ်လို့။
ခြေတက် သံပြားပေါ်ရောက်နေသော စေးစက်ခြေထောက်တစ်ဖက်သည်မြေပြင်ပေါ်သို့ ပြန်လည်ချလိုက် ရသည်။
စေးစက်ကို တားလိုက်ရသည့် အကြောင်း ရင်းမှာ
စေးစက်က ကားခေါင်းထဲတွင်လိုက်ရမည်!တဲ့။
သက်ပြင်းတစ်ချက်တော့ မသိမသာ စေးစက် ခိုးချလိုက်မိသည်။ကားမူးလာလျှင် အရန်သင့် အန်လို့ရအောင် လေဝင်လေထွက်အပေါက်များပါသည့် ကားနောက်ခန်းတွင် ထိုင်မည်ဟူသောအကြံသည် ပျက်ပြုန်းသွားခဲ့ရသည်။
'ရပါတယ်၊နောက်မှာထိုင်လည်း အဆင်ပြေပါတယ်' ဟုပြောလဲမရ။စေးစက်ကို အတင်း ကားခေါင်းထဲကလိုက်ခိုင်းနေကြတာ။သူတို့ကတော့ ဦးစားပေးပြီး ထိုင်ခိုင်းပေမယ့် စေးစက်မှာကကိုယ့်ဒုက္ခနှင့်ကိုယ်လေ။
နောက်ဆုံးတော့ စေးစက်ပဲ လက်လျှော့ပေးလိုက်သည်။စေးစက်က ဧည့်သည်မို့မရမက အတင်းဇွတ်ပြောနေလို့မှမဖြစ်တာ။
စေးစက်လည်း ဟိုစကားပုံအတိုင်း
'ပေါက်သည့်နဖူး မထူးတော့'မည့်အတူ ကားမူးလို့ထပ်အန်ချင်လည်း အန်ရုံသာရှိတော့သည်။ဖြစ်သမျှအကြောင်း အကောင်းသာ မှတ်လိုက်ပါ သည်။
အဆင်သင့်ကားတံခါးကို ဖွင့်ပေးလာသောကြောင့် မဆိုင်းမတွဘဲ တက်လိုက်မိသည်မှာ ဇိုးခနဲဇက်ခနဲ။ကားမမူးသူတစ်ဦးလို ဟန်ချီထားလိုက်မိသည်မှာ တစ်ခြားတစ်ယောက်ပြောင်းသွားသည့်နှယ်။
စေးစက်နှင့်ဖုန်းပြောသည့်အကိုကြီးသည်ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။နောက်ထပ်အကိုကြီးသည်စေးစက်ထိုင်သည့်ကားတံခါးနားကပ်လာပြီး
" ကွမ်းယာလေး ခဏသွားထုပ်လိုက်အုံးမယ်နော် ဆရာလေး ၊စျေးဆိုင်လည်းရှိတယ် ဆရာလေးမှာချင်တာများရှိလား"
ထိုအကိုကြီးသည် စေးစက်ဘေးတွင်ထိုင်နေသည့် အကိုကြီးထက် အသားရေပိုလတ်သည်။မျက်နှာက ဖြူတာထက်နီစပ်စပ်ဘက်ကိုပိုသွားသည်။ရယ်ကျဲကျဲပြောပုံကပြောင်ချောချောဘက်ကိုရောက်မသွားဘဲ နားထောင်ရတာ တစ်မျိုး တစ်မည်လေး။
"ဟုတ်..မမှာတော့ဘူး၊ရတယ် အေးဆေးလုပ်အကိုကြီး"
"ဆရာလေးက အေးဆေးဆိုပေမယ့်အုပ်ကြီးကအေးမှာမဟုတ်ဘူး၊နောက်ကျနေရင် ပွားနေလိမ့်မည် မြန်မြန်လုပ်ဟျောင့်"
ရိပ်ရိပ်လေး ပြုံးရင်း စေးစက်မှာ ဟိုကြည့််လိုက်ဒီကြည့်လိုက်။
'အေးပါကွာ'ဟုပြောပြီး ချာခနဲ လှည့်ထွက်သွားသည်မှာ ခပ်သုတ်သုတ်။
ကားမောင်းမယ့်အကိုကြီးက dash-board (ဒက်ရှ်-ဘုတ်)ပေါ်ကပစ္စည်းတစ်ချို့ကို ဟိုရွှေ့ဒီရွှေ့။'တိတ်နေလို့မဖြစ်ပြန်ရော'ဟုတွေးမိပြီး စကားစရမည်။'မာနကြီးတစ်ခွဲ သားနဲ့ မနေနှင့်'ဟုပြောခဲ့တဲ့ မေမေ့စကားကိုဖျတ်ခနဲအမှတ်ရပြီး နာမည်မေးမည် အပြု..
"ဆရာလေးနာမည် ဘယ်လိုခေါ်လဲ"
ကိုယ့်ထက်အရင်ဦးသွားသူမှာ ထိုအကိုကြီး။
"စေး စက် ထင်"
တစ်လုံးချင်း ပီပီသသပြောလိုက်သည်။
"နာမည်က မိမိုက်နေပါရော ဆရာလေး"
မိန်းကလေးနာမည်နှင့်တူသည်ဟု ပြောချင်ပုံရသည်။ဒီနာမည်ကြောင့် ကျောင်းတုန်းက အစခံရတာ တစ်တန်းတက်တစ်ခါ။'မိန်းမနာမည်ကြီး'၊'အခြောက်နာမည်ကြီး'စသည်ဖြင့်။လူပေါင်းစုံဆိုတော့ ပါးစပ်သရမ်းတဲ့လူတွေလည်း တစ်နှစ်တစ်ခါ ပါစမြဲ။တော်တော်များများတော့ လျစ်လျူရှုလိုက်သည်။
မခံနိုင်အောင် စတာမျိုး၊ထိကပါးရိကပါးလုပ်တာမျိုးတော့ သည်းမခံပါ။သတိပေးတယ်၊တားတယ် မရရင်တော့ တွေ့တာနဲ့ ချထည့်လိုက်တယ်။ဆရာတွေဆီရောက်ရင် ဆရာတို့က စေးစက်ဘက်ကအမြဲ။ထိုအကြောင်းတွေတော့ အိမ်သို့ မပေါက်ကြားခဲ့ပါ။
ဖေဖေမှည့်ခဲ့သည့် ဒီနာမည်ကို ဘယ်သူတွေဘာပြောပြောစေးစက်ကြိုက်သည်။မြတ်နိုးပြီးတန်ဖိုးလည်းထားသည်။ဖေဖေပေးခဲ့သည့်အမှတ်တရဆိုလည်းမမှား။
စေးစက်စွဲစွဲမြဲမြဲ မှတ်မိနေတာက
'သားကြီး လင်းထက်ထင် နာမည်ကို ဖေဖေ့အမေ ၊မင်းတို့ဖွားဖွား ဒေါ်လင်းမေမှ 'လင်း'တစ်လုံး၊မင်းတို့ မေမေ ထက်ထက်ထင်မှ 'ထက်' တစ်လုံး ၊ထင်ကတော့ မင်းတို့မေမေရော ဖေဖေ့နာမည်အဆုံးမှာပါ ထင် တွေပါလို့ 'ထင်'ယူလိုက်တာ၊
သားငယ်နာမည်ကိုတော့ ဖေဖေ့အဖေ ၊မင်းတို့ဖိုးဖိုး ဦးစေးအောင်မှ 'စေး'တစ်လုံး ၊ဖေ့နာမည် စက်မင်းထင်မှ ' စက်'တစ်လုံး၊ဖေနဲ့မေရဲ့ နောက်ဆုံးလုံး 'ထင်'ကိုယူပြီး သားငယ်နာမည်ကို စေးစက်ထင် လို့ဖေဖေမှည့်ပေးလိုက်တာ'
ဖေဖေ ထပ်ပြောသေးသည်က
ဖေဖေနာမည်ပေးတာတော်တယ်မလား!တဲ့။
"ဖေဖေ မှည့်ပေးခဲ့တာ၊ကျွန်တော့်နာမည်ကိုဖိုးဖိုးနာမည်တစ်လုံး၊ဖေဖေ့နာမည်တစ်လုံး၊မေမေ့နာမည်တစ်လုံးစီယူပြီး ပေးထားတာ၊အကို့ နာမည်လည်း အဲ့လို ပဲ တစ်လုံးစီယူထားတာ"
စေးစက်ပြောပြနေသည်ကို အကိုကြီးကသေချာစိုက်နားထောင်ရင်း ခေါင်းတညိတ်ညိတ်။
"အကိုကြီး နာမည်ကရော"
"နာမည်အရင်းက ထွန်းမောင်၊တစ်ရွာလုံးကတော့ ညိုကြီးလို့ခေါ်ကြတယ်ဆရာလေး၊တစ်ချို့ဆို နာမည်ရင်းတောင်မသိကြဘူး၊ခုန ကွမ်းသွားထုတ်တဲ့ ကောင်ကစိုးနိုင်ဆရာလေး ၊သူ့ကိုတော့ စိုးကြီးလို့ခေါ်ကြတာ၊မှတ်ထားပေါ့ ဆရာလေးရာ"
" ဟုတ် ၊အများခေါ်သလိုကိုညိုကြီးလို့ပဲခေါ်မယ် ရတယ်မလား"
"ရတယ်ဆရာလေး၊ကြိုက်သလိုသာခေါ် "
ကွမ်းသွားထုပ်တဲ့အကိုကြီးသည် တံခါးဘေးပြန်ရပ်လာ၍ စေးစက် ဖျတ်ခနဲ ကြည့်မိလိုက်သည်။
"ဆရာလေး ညိုကြီးကို ကွမ်းထုပ်လေးမရိုမသေ ပေး ပေးပါအုံး"
"ဟုတ် "
စေးစက်လှမ်းယူပြီး တန်းခနဲ ပေးလိုက်သည်။
"ဆရာလေးအတွက် အအေးဗူး"
စေးစက်မှာ နားမလည်သလို ပြုံးစနဲ့နဲ့။စေးစက် ဘာမှမမှာထားလို့ပင်။
"ယူပါ ဆရာလေး၊ကျွန်တော် ဝယ်တိုက် တာပါ"
အထင်လွဲသွားမည်စိုး၍ စေးစက်မှာဖျတ်ခနဲ
"မဟုတ်ပါဘူး၊မမှာထားတော့ နည်းနည်းကြောင်သွားလို့ပါ၊ဘယ်လောက်ကျလဲ"
"ဝယ်တိုက်တာပါဆို ဆရာလေးရာ"
"ဟုတ်ကဲ့၊ အားနာလို့ပါ"
စေးစက်ပြောလိုက်သည်က ရယ်ရယ်မောမော။
"အားမနာရပါဘူး"
လက်ထဲရောက်လာသော အအေးဗူးလေးကြောင့် စေးစက်လက်ဖဝါးလေး အေးခနဲ။
"ကိုကြီး ဒီဘက်ထိုင်လေ"
အလယ်ထိုင်ခုံနေရာ ဆတ်ခနဲစေးစက်ရွှေ့ထိုင်ပေးလိုက်သည်။
"ဆရာလေး ပြန်ထိုင်လိုက်ပါ၊ကျွန်တော် နောက်မှာသွားထိုင်မှာ၊ကျွန်တော်တို့နှစ်ယောက်ကြား ဆရာလေးညှပ်သွားလိမ့်မယ်"
ခပ်ဖိုင့်ဖိုင့်ကိုယ်ကြီးနှစ်ခုကြား စေးစက်ကိုယ်လေးမညှပ်တောင်မှ ကျပ်သွားမှာတော့ အသေအချာ။
ထိုအကိုကြီးလည်း နောက်သို့သွားရော စောနကထိုင်သည့်နေရာသို့ စေးစက် ပြန်ထိုင်လိုက်သည်။
ကိုညိုကြီးသည် ကားစက်နှိုးပြီး ထိုနေရာမှညင်ညင်သာသာမောင်းထွက်ခဲ့သည်။
စက်နှိုးရင်း စေးစက်ကိုပြောခဲ့သည်က
ရွာကို မောင်းပြီ!တဲ့။