ကျွန်မ အခုတလော အရင်ကလို အထီးကျန်တဲ့ခံစားချက်တွေကို ပြန်ပြီးခံစားနေရပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ အကြောင်းအရင်းမရှိဘဲ ကျွန်မကို ရှောင်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်း ကြောင့်ပါ။
ပထမနေ့တုန်းကတော့ သူ့စိတ်ထဲမှာမကြည်တာတွေရှိနေလို့ ကျွန်မကို စကားသိပ်မပြောတာ လို့ထင်ခဲ့တာ။
ဒါပေမယ့် ဒုတိယနေ့လည်းရောက်ရော ကျွန်မကို အရင်လိုစကားတွေမပြောတော့တဲ့အပြင် ကျွန်မနဲ့ မျက်လုံးချင်းမဆုံဖို့ပါ ကြိုးစားနေပြန်ရော။
ဟော..တတိယနေ့လည်းရောက်ရော မနက်စာတောင်ကျွန်မနဲ့အတူမစားတော့ဘဲ အပြင်က ဒန်းမှာဘဲသွားထိုင်နေတော့တယ်လေ။
ကျောင်းမှာကတော့ တစ်မေဂျာတည်းသူတွေမဟုတ်တဲ့အတွက် သူကျွန်မကိုရှောင်နေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမခံစားရပေမယ့် အဆောင်မှာကျတော့ သူနဲ့ ကျွန်မက တစ်ခန်းထဲအတူ တူနေကြတဲ့ အခန်းဖော်တွေမဟုတ်လား။
အဲ့တော့ အရင်လို ကျွန်မကို ဖော်ဖော်ရွေရွေနဲ့ စကားတွေမပြောဘဲ တစ်ခုခုကြောင့်စိတ်ညစ်နေ သလိုဖြစ်နေတဲ့ သူ့ပုံစံက သူမကြိုက်တာတစ်ခုခုကို ကျွန်မလုပ်ခဲ့လို့များလားဆိုပြီး တွေးပူစေတယ်လေ။
သူနဲ့မဆုံခင်အချိန်ထိ ကျွန်မမှာ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းဆိုတာတွေမရှိခဲ့ဘူး။အဲ့တော့ သူငယ်ချင်းတွေကြားက ဆက်ဆံရေးတွေ ပြောဆိုမှုတွေကလည်း ဘယ်လိုအခြေအနေ ဘယ်လိုအနေအထားထိ ရှိတယ်ဆိုတာ ကျွန်မသေချာနားမလည်ပါဘူး။
ဒါပေမယ့် မနေ့တစ်နေ့ကအထိ ကျွန်မနဲ့ အဆင်ပြေနေတဲ့သူငယ်ချင်းတစ်ယောက်က နောက်တစ်နေ့မနက်လည်းရောက်ရော ချက်ချင်းဆိုသလိုစိမ်းကားသွားတယ်ဆိုတာက သေချာ ပေါက် သူကျွန်မကိုစိတ်ဆိုးနေလို့ဘဲဖြစ်မှာပေါ့နော်။
ဟုတ်တယ်မလား။ ဘာဘဲဖြစ်ဖြစ် ကျွန်မကတော့ အဲ့လိုထင်တယ်။
အဲ့တာကြောင့်မိုလို့ ကျွန်မကို သူဘာကြောင့် စိတ်ဆိုးပြီးစကားမပြောရတာလဲဆိုတာကို ကျွန်မသိအောင်လုပ်ရမယ်။
တကယ်လို့ သူ့ဘက်က ထုတ်မပြောဘူးဆိုရင်တောင် သူထုတ်ပြောလာအောင် ကျွန်မဘက်ကတော့ ကြိုးစားရတော့မှာမဟုတ်လား။
အင်း..အခုတော့ ကျွန်မဘက်ကို ကျောပေးပြီး ရှစ်နာရီမထိုးခင်ကတည်းက အိပ်ရာဝင်သွားတဲ့ သူ့ကို ကျွန်မဘယ်ကနေ ဘယ်လိုစကားစရမလဲ စဉ်းစားမရတော့ဘူး။
.
.
*ရေဆာလိုက်တာ...
၇နာရီလေးဆယ်လောက်ကတည်းက စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအစောကြီး အိပ်ရာဝင်ခဲ့တာ။
ကိုးနာရီခွဲလောက်ကျတော့ ရေဆာလို့နိုးလာခဲ့တယ်။
*ဇင်ရော အိပ်သွားပြီလားမသိ။
အင်း...မီးတွေမှိတ်ထားပုံထောက်ရင်တော့ အိပ်နေပြီထင်တယ်။
ဇင့်ကို မျက်လုံးချင်းမဆိုင်ရဲတာနဲ့ အိပ်ရင်တောင် ဇင့်ဘက်ကိုကျောပေးပြီး အိပ်နေခဲ့ရတဲ့ ကျွန်မ။
ဇင် အိပ်လောက်ပြီလို့ ထင်မှ ကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်တော့။
"ဇင်..!!!!."
"အင်း..နင် အခုတော့ ငါ့နာမည်ခေါ်ပြီပေါ့"
ဒါက ဘယ်လိုအခြေအနေကြီးလဲ?
အခန်းမီးတွေပိတ်ထားတော့ ဇင့်ကိုအိပ်ပြီထင်ထားတာ။အခုတော့ ဇင်က မအိပ်သေးဘဲ ကုတင်ပေါ်မှာ ငုတ်တုပ်လေးထိုင်ပြီး ကျွန်မကို ကြည့်နေတာတဲ့လား။
နေပါဦး...ဇင်က ကျွန်မကို ကြည့်နေတာရော ဟုတ်ပါ့မလား။ပြီးတော့ အခု ဇင်က ကျွန်မကို 'နွေး'လို့လည်းမခေါ်ပါလား။
"နင် ဘာလုပ်မလို့ ထလာတာလဲ?"
"ဟင်...ဟို...ရေသောက်မလို့ပါ"
"အင်း...နင်ထိုင်နေ...ငါခပ်ပေးမယ်"
ဇင်က အခု ကျွန်မ သောက်ဖို့ ရေခပ်ပေးနေတယ်။ မဟုတ်သေးပါဘူး...ကျွန်မ အိပ်ရာကနေ မနိုးသေးဘဲ အိပ်မက်များမက်နေတာလား။
"နင် ရေဆာလို့ဆို..မသောက်ဘူးလား"
"ဟမ်..သောက်..သောက်မှာပါ"
အိပ်မက်လား တကယ်လား ကျွန်မမစဉ်းစားတတ်တော့တဲ့အတွက်ဇင်ကမ်းပေးတဲ့ ရေခွက်ထဲက ရေတွေကိုသာ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်တော့တယ်။
"နင်တကယ်ကို ရေအရမ်းဆာနေတာဘဲ"
ဇင်ကထိုသို့ ပြောရင်းနဲ့ ကျွန်မကုတင်ပေါ်မှာထိုင်ရင်းပြောလိုက်တဲ့စကားတွေကြောင့် ဇင့်ကို ရှောင်နေခဲ့မိတာကို ကျွန်မတော်တော်နောင်တရမိသွားတယ်။
"ငါ..ငါတောင်းပန်ပါတယ်။ နင် ငါ့ကိုစိတ်ဆိုးနေလို့ ဒီရက်ပိုင်းငါနဲ့ စကားမပြောတာမလား။ ဒါပေမယ့်လေ နင်ငါ့ကို အကြောင်းတစ်ခုခုကြောင့် စိတ်ဆိုးပြီးစကားမပြောတာဆိုရင်လည်း ဘာကြောင့်လဲဆိုတာကို နင်ပြောပြလို့ရတယ်မလားဟင်။ မဟုတ်ရင် နင်နဲ့ ငါနဲ့ကအခန်းဖော်သူငယ်ချင်းတွေဖြစ်ပြီး ဒီလိုမျိုး စကားမပြောဘဲနေနေကြတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေလို့လေ"
ကျွန်မမျက်နှာကိုမကြည့်ဘဲ အနဲငယ်တိုးဝင်နေသည့် လေသံဖြင့် တောင်းပန်စကားဆိုနေတဲ့ ဇင်။
တကယ်ဘဲ ဘယ်လိုအကျိုးမရှိတဲ့ လုပ်ရပ်တွေကို ဒီသုံးရက်လုံးလုံး ကျွန်မလုပ်နေခဲ့ရတာလဲ?
ကျွန်မဘက်က တစ်ဖက်သက်ခံစားချက်တွေရဲ့အကျိုးဆက်ကြောင့် ဘာမှမသိဘဲ စိတ်မကောင်းဖြစ်နေခဲ့ရမှာက ဇင်ဆိုတာကို ကျွန်မထည့်မစဉ်းစားခဲ့မိဘူး။
ဇင့်ကို ချစ်ပါတယ်ဆိုပြီး ကျွန်မကိုယ်ကျွန်မ မှတ်ယူထားတာ
အခုတော့ ဘာမဟုတ်တဲ့ ကျွန်မရဲ့ တစ်ကိုယ်တော်ခံစားချက်တွေက ဇင့်ကို ၀မ်းနည်းစေခဲ့တယ်ဆိုတော့
ကျွန်မက တော်တော်ကို စိတ်ပျက်ဖို့ကောင်းတာဘဲ။
"နင်က ငါ့ကို ဘာစကားမှမပြောဘဲရှောင်နေတော့ ငါလည်း နင့်ကို ဘယ်လိုကနေ စမေးရမှန်း မသိခဲ့ဘူး။ အဲ့ဒါကြောင့်မို့ နင်အိပ်သွားကတည်းက ငါတစ်ယောက်တည်းထိုင်တွေးနေခဲ့တာ။ ဒါပေမယ့် ငါဘာအမှားလုပ်မိလို့လဲဆိုတာကိုလည်း ငါစဉ်းစားလို့မရဘူးဖြစ်နေတယ်။"
"ဇင်က ငါ့အပေါ်မှာ ဘာအမှားမှမလုပ်ထားပါဘူး။ "
"အဲ့တာဆို နင်ငါ့ကိုဘာလို့ရှောင်နေတာလဲ...နင်ပြောပြလို့ရတယ်မလား?"
"အဲ့တာက...ဟို..."
ဘယ်လိုလုပ်ရမလဲ...အဲ့လိုဖြူစင်ပြီး အပြစ်ကင်းနေတဲ့ မျက်ဝန်းတွေနဲ့ဇင်က မေးလာတော့ ကျွန်မ ဘယ်လိုလုပ်ပြီးလိပ်ပြာသန့်သန့်နဲ့ ဖြေနိုင်တော့မလဲ?
ကျွန်မကို ဇင် မမုန်းသွားစေချင်ဘူး။
ရှင်းရှင်းပြောရရင် ဇင့်အချစ်ကိုကျွန်မ မရရင်တောင် ဇင့်အမုန်းကိုတော့ ကျွန်မဘယ်လိုနည်းနဲ့ မှမခံယူရဲတာ အမှန်ပါ။
အဲ့တာကြောင့်မို့ ဒီတစ်ကြိမ်မှာတော့ ကျွန်မရဲ့ခံစားချက်တွေကို ခဏလောက်မျက်ကွယ်ပြုပြီး လိမ်ညာပါရစေ။
"ဒါက သူငယ်ချင်းအများစု ဆော့ကြတဲ့ ဂိမ်းတစ်မျိုးပါ ဟီးဟီး"
ကျွန်မရဲ့ ယုံနိုင်လောက်စရာမကောင်းသည့် အဖြေမှာ ဇင်ကတော့ မျက်လုံးလေးပြူးကာ အံ့သြနေပါတယ်။
"ဂိမ်း?"
"အွမ်း...သူငယ်ချင်းတွေအချင်းချင်းဘယ်လောက်ခင်လဲဆိုတာကို စမ်းသပ်ကြတာလေ။ တကယ်လို့ ကိုယ့်သူငယ်ချင်းဖြစ်တဲ့သူက ကိုယ့်ကိုအကြောင်းမရှိဘဲ ရှောင်နေတဲ့အချိန် ကိုယ့်ဘက်က ဘယ်လိုမှမနေဘူးဆိုရင် အဲ့သူငယ်ချင်းကို ကိုယ်ကတကယ်မခင်လို့ဘဲလေ ဇင်ရဲ့"
"အော်..အဲ့လိုလား...ငါက နင်ငါ့ကိုစိတ်ဆိုးပြီး စကားမပြောတာလို့ဘဲထင်နေတာ။ပြီးတော့ ငါက သူငယ်ချင်းအပေါင်းအသင်းတွေမရှိတော့ အဲ့လိုဂိမ်းမျိုးတွေကိုသိပ်မသိဘူးလေ"
"အွမ်း..အဲ့တာကြောင့် ဇင်ဘာမှမတွေးနဲ့တော့နော်။ဒါနဲ့လေ ခုနကငါ့ကိုပြောတုန်းက 'နွေး' လို့ ဘာလို့ မခေါ်တာလဲဟင်?"
"အော်...ဟုတ်သားဘဲနော်..ငါ့ကိုယ်ငါတောင် သတိမထားမိဘူး။အခု..နင်..အာ နွေးပြောမှဘဲ အဲ့တာကိုသတိထားမိတော့တယ်"
"အွမ်း...ဇင်မအိပ်သေးဘူးလား...ဆယ်နာရီထိုးတော့မယ်လေ။မနက်ကျောင်းသွားရဦးမှာမလား"
"အင်း....အဲ့တာဆို ငါအိပ်တော့မယ်"
ဇင်က ကျွန်မကုတင်ပေါ်မှာထိုင်ရာကနေ ထပြီးတော့မှ ကျွန်မမျက်နှာကိုပြန်လှည့်ကြည့်ရင်း နဖူးကို ခပ်နာနာလေးတောက်လိုက်တယ်။
"အ!!..ဇင်...ဘာဖြစ်လို့ ရုတ်တရက်ကြီး နဖူးကိုတောက်တာလဲ?"
"ငါ့ကိုစိတ်ညစ်အောင်လုပ်တဲ့သူတွေကိုဆို ငါမကြိုက်ဘူး။အဲ့တာကြောင့် နင့်ကိုအပြစ်ပေးတာ"
ဇင့်ရဲ့ အရှိကိုအရှိအတိုင်း ပြောလိုက်တဲ့စကားမှာ ကျွန်မ ပြုံးမိသွားပါတယ်။
ဒီအချိန်မှာတော့ ကျွန်မ ဇင့်ကိုမလိမ်ညာဘဲ အမှန်အတိုင်းပြန်ပြောခဲ့မိတယ်။
"ဇင်သာ အပြစ်ပေးမယ်ဆိုရင် ဒီကနွေးနေခြည်က ဘယ်အချိန်မဆို ကျေကျေနပ်နပ်ကြီး ခံယူလျက်ပါရှင်"
"တော်တော်အပြောကောင်းတယ်"
ဇင်ကတော့ ကျွန်မကို နောက်တီးနောက်တောက်ပြောတတ်တဲ့သူလို့ကြည့်ရင်း ဘုရားကန်တော့ပြီးနောက် အိပ်ရာဝင်သွားပါတော့တယ်။
တစ်ရေးလောက်အိပ်ပြီး တော်တော်နဲ့ပြန်မအိပ်နိုင်တော့တာက ဟော့ဒီက နွေးနေခြည်ဆိုတဲ့ ကျွန်မပါဘဲ။
ဘာဘဲဖြစ်ဖြစ် ဇင် ကျွန်မကို တကယ်ခင်မင်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့တင် ကျွန်မရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့က ထိုက်တန်နေပါပြီလေ။
ညတာက ပုံမှန်ထက်ရှည်လျားနေတယ်လို့ ထင်ရပေမယ့် ရှည်လျားတဲ့ အဲ့ဒီ့ညတာမှာဘဲ အိပ်ပျော်နေတဲ့ ကျွန်မရဲ့နတ်သမီးလေးတစ်ပါးကို တစ်စိမ့်စိမ့်ကြည့်နေရတာလည်း ကြည်နူးစရာတစ်ခုဘဲလေ။
.
.
"ငါ ဇင့်အကြောင်းတွေကို ဒီ့ထက်ပိုပြီးသိချင်တယ်ပြည့်"
"ဟင်.."
သုံးရက်လုံးလုံး တမှိုင်မှိုင်တတွေတွေဖြစ်နေတဲ့ သူငယ်ချင်းရဲ့ ပါးစပ်ကထွက်လာတဲ့ စကားကြောင့် ပြည့်သိင်္ဂီရဲ့ အိပ်ငိုက်နေတဲ့မျက်လုံးတို့က ပြူးကျယ်လာခဲ့သည်။
"ဟုတ်တယ်။ ဇင့်ရင်ထဲမှာ သိုဝှက်ထားတဲ့ခံစားချက်တွေကို နားလည်လာအောင် ငါကြိုးစားရမယ် ပြည့်"
"ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ အဲ့တာတွေကိုနားလည်ချင်နေရတာလဲ"
"အဲ့တာမှ ဇင်က သူ့နှလုံးသားကိုဘာကြောင့်ပိတ်ထားရလဲဆိုတာ ငါသိမှာလေ"
"အင်း..အဲ့တော့ နင်ကဘယ်လိုလုပ်မလို့လဲ"
"အခုချိန်မှာတော့ ငါ ဇင့်အပေါ်ထားတဲ့ခံစားချက်တွေကို ဆက်ပြီးဖုံးကွယ်ထားရဦးမှာဘဲ။
မဟုတ်ရင် ငါ့ခံစားချက်တွေက ငါရော ဇင့်ကိုပါ ထိခိုက်စေလိမ့်မယ်"
"အေးပါ..နင်ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားပြီဆိုရင်လည်း အခုချိန်ကစပြီး ကြိုးစားတော့ သူငယ်ချင်းရေ...မကြာခင် ကျောင်းတွေပြန်ပိတ်ပြီး ငါတို့က နောက်ဆုံးနှစ်ကျောင်းသားကြီး တွေဖြစ်တော့မှာ။မဟုတ်ရင် နင့်အချစ်ဆုံးနဲ့ လွဲသွားဦးမယ်"
"အင်း...ငါသိပါတယ်။"
ပြည့်ကို ကျွန်မ ထိုစကားတွေပြောပြီးခဲ့တဲ့နောက်ပိုင်းကတည်းက ကျွန်မ ဇင့်ရဲ့ ခံစားချက်တွေကို နားလည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။
အဲ့လိုကြိုးစားဖို့ ဖန်လာတဲ့အကြောင်းတရားကလည်း တစ်ခါတလေ ကောင်းကင်ကြီးကို မော့ကြည့်ရင်း နာကျည်းရိပ်နဲ့ဝမ်းနည်းရိပ်တွေသမ်းနေတဲ့ဇင့် ရဲ့မျက်ဝန်းတွေကြောင့်ပါ။
ဒါပေမယ့် ခံစားချက်တွေကို သိုဝှက်လွန်းတဲ့နေရာမှာ ဇင်ကအရမ်းကိုဆရာကျနေခဲ့လား မသိ။ ဇင့်ရင်ထဲမှာ ဘယ်လိုခံစားချက်တွေရှိပြီး ဘာတွေဖြစ်နေလဲဆိုတာကိုတောင် ကျွန်မ မမှန်းဆနိုင်ခဲ့ပါဘူး။
ပြုံးလိုက်တဲ့အပြုံးသေးသေးလေးတစ်ခုမှာတောင် လျှို့ဝှက်ချက်နဲ့ အဓိပ္ပာယ်တွေအများအပြား ပါနေခဲ့တဲ့ ဇင်က အတိတ်မှာဘာတွေဘယ်လိုဖြစ်ခဲ့လို့လဲ။
အသက်နှစ်ဆယ်အရွယ် မိန်းမငယ်တစ်ယောက်ရဲ့ ဘ၀ခရီးမှာ ကျွန်မနဲ့မတွေ့ခင်အချိန်အထိ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်တောင် မရှိဘူးဆိုတာကရော ဘာကြောင့်လဲ?
ကျွန်မတကယ်ကို မစဉ်းစားတတ်တော့ပါ။
နားလည်ဖို့ကြိုးစားကာမှ အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အထိ ဘာတစ်ခုမှနားမလည်နိုင်တော့တဲ့ ကျွန်မက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေများလျော့နည်းသွားလို့လား။
"နင် ဘာတွေတွေးနေတာလဲ နွေး"
"ဟင်..ဘာ ဘာမှမတွေးပါဘူး။ ဇင့်ကို အိမ်က လာကြိုပြီလား"
"အင်း လာကြိုနေပြီ။နင်ရော မပြန်သေးဘူးလား"
"ငါက ဘယ်အချိန်ချိန်ပြန်ပြန်ရပါတယ်။ အဲ့တာကြောင့်မို့ ဇင့်ကို အိမ်ကလာကြိုပြီးသွားမှ ငါပြန်မှာ"
"ဒါနဲ့...နောက်နှစ်လည်း နွေးက ဒီအဆောင်မှာဘဲ နေမှာဟုတ်"
"အင်း...ဇင်လည်း ဒီမှာဘဲမလား"
" အွန်း..."
"ဇင်....ငါတို့ကျောင်းပိတ်ထားလို့ မတွေ့ဖြစ်ကြဘူးဆိုတော့ ငါ မက်ဆင်ဂျာမှာ ဇင့်ကိုစကားလာပြောမယ်နော်"
"အင်းရတယ်လေ.."
"ဗီဒီယိုကောလည်း ခေါ်လို့ရတယ်မလား"
"ရပါတယ်"
"အဲ့ဒါဆို ငါဇင့်ကိုသတိရတိုင်း စကားဘဲလာပြောနေတော့မှာနော်။ နောက်မှ စိတ်ရှုပ်လိုက်တာလို့မပြောကြေး"
"မပြောပါဘူးရှင်"
"၀င့်ဖူးသဇင်..ရှေ့မှာ သမီးတို့အိမ်က ကားရောက်နေပြီနော်"
"အော်..ဟုတ်ကဲ့..ဦးလေး..သမီးအခုထွက်လာခဲ့မယ်"
"ဇင်..."
"ဟင်..."
"ငါ့ကို သတိမရရင်တောင် မမေ့သွားနဲ့နော်"
"ဟုတ်ပါပြီ နွေးရယ်..မမေ့ပါဘူး။ ငါသွားတော့မယ်နော်"
"အင်း"
*ဇင်ကတော့ ကျွန်မကို တာ့တာပြရင်း အခန်းထဲကနေ ထွက်သွားပြီ။
ကျွန်မကတော့...ကျွန်မကတော့ ပထမဦးဆုံးအကြိမ် ကျောင်းပိတ်တဲ့ကာလကြီးကိုမုန်းတီးနေရင်း အခန်းထဲမှာဘဲရပ်ကျန်နေခဲ့ပါတယ်။
"နွေး.."
*ဟင်..ဇင်က မသွားသေးဘဲ ကျွန်မအနားကို နောက်တစ်ခေါက်ထပ်လာတာလား။
ဇင် ဘာပစ္စည်းများမေ့ကျန်ခဲ့လို့ပါလိမ့်။
"ဇင်..ဘာကျန်ခဲ့တာရှိလို့လဲ"
"ကျန်ခဲ့တာမရှိပါဘူး...နှုတ်ဆက်ဖို့ကျန်နေသေးလို့ပါ"
"ဟင်..ဘယ်သူ့ကိုနှုတ်ဆက်ဖို့ကျန်နေသေးလို့လဲ"
"နွေးကိုလေ"
"ခုနက တာ့တာဆိုပြီး..နှုတ်ဆက်သွား,,,,,"
*အခု..အခု ဇင်က ကျွန်မကို ဖက်လိုက်တာလား။
မဟုတ်သေးပါဘူး...ကျွန်မ ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား
အား...ဒီအနံ့ ဇင့်ဆီက အမြဲတမ်းရနေတဲ့ သင်းပျံ့ပျံ့အနံ့တစ်ခု။
ဒါဆို ဒါက ဇင် ကျွန်မကို တကယ်ဘဲ ဖက်ထားတာပေါ့။
"သူငယ်ချင်းတွေက ကျောင်းပိတ်လို့ ခွဲရခါနီးဆို တစ်ယောက်နဲ့တစ်ယောက်ဒီလိုမျိုးဖက်ရင်း နှုတ်ဆက်ကြတာကို ငါတွေ့ဖူးလို့လေ။ အခု နှုတ်ဆက်တာပြီးပြီဆိုတော့ ငါသွားပြီနော်"
ကျွန်မ ဇင့်ကို ပြန်ဖြေလိုက်လား မဖြေလိုက်လားဆိုတာကိုတောင် မသိတော့ပါဘူး။
စက္ကန့်ပိုင်းလောက် ရလိုက်တဲ့ ရနံ့တစ်ခုနဲ့ အထိအတွေ့တစ်ခုကြောင့် ကျွန်မ စိတ်နဲ့ ခန္ဓာ ခတ္တ ကွာခြားသွားခဲ့ပါတယ်။
ကျွန်မ သတိပြန်ရလာတဲ့အခါမှာတော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းဘဲ ရှိပါတော့တယ်။
,
,
နွေးနေခြည် - ပြည့် နင့်မှာ အနံ့တွေကိုမပျောက်သွားဘဲ သိမ်းထားလို့ရတဲ့ဗူးတစ်ဗူးလောက်မရှိဘူးလားဟင်?
ပြည့်သိင်္ဂီ - နင်ငါ့ကိုဖုန်းဆက်ပြီး ဘာတွေပြောနေတာလဲ နေခြည်မ? နင်ကဘာထည့်ချင်လို့ ဗူးတွေဘာတွေမေးနေတာလဲ
နွေးနေခြည် - ခုနက ဇင်ငါ့ကို ဖက်လိုက်တဲ့အချိန် ရလိုက်တဲ့ ရနံ့သင်းသင်းလေးကို ထည့်သိမ်းထားချင်လို့
ပြည့်သိင်္ဂီ - 😖🥴
🍬✨🍬✨🍬