လင်းရှ သည် သူ့အား စောင့်ကြည့်နေသော ဂိုဏ်းသား၏ မကျေနပ်သည့်အကြည့်ကို တွေ့လိုက်ရသောအခါ အလျင်အမြန် တောင်းပန်လိုက်ပြီး တက်တက်ကြွကြွနှင့် ရေစ'လောင်းတော့၏။ သူအိမ်တွင်းပုန်း ဘဝဖြင့်နေစဉ်တုန်းက အပင်စိုက်ခြင်းသည် သူ၏ ဝါသနာများထဲမှ တစ်ခု ဖြစ်ခဲ့ရာ သူ့အိမ်ဝရံတာတွင်ပင် အနည်းဆုံး ပန်းအိုး ဆယ်အိုးခဲ့မျှ ရှိခဲ့လေသည်။ ယခု ဆည်းဆာမြူ စိုက်ခင်းများကို ရေလောင်းသောအခါ အေးချမ်းကာ သက်သောင့်သက်သာ ရှိစေသည့် သဘာဝ ရနံ့များကို အားရပါးရပင် ရှုရှိုက်၍ ရနေပေတော့သည်။ လင်းရှ သည် ထိုရေလောင်းသည့် အလုပ်ကို စိတ်ဝင်တစားဖြင့် လုပ်နေသော်လည်း ရေပုံးနှစ်ပုံးလုံး ကုန်သွားသည့် အချိန်မှာတောင် သူသည် စိုက်ခင်း၏ ပထမတစ်တန်းကို ရေလောင်း၍ မပြီးသေးချေ။
လင်းရှ သည် ကျောကိုဆန့်ကာ နှဖူးမှ ချွေးများကို လက်ဖြင့်သုတ်လိုက်၏။ အခြားသော တပည့်တပန်းများသည်လည်း ဤဆေးစိုက်ခင်းအနားတွင် ပေါင်းသင်သည့်သူကသင်၊ အပင်စိုက်သည့် သူကစိုက်ဖြင့် တကုပ်ကုပ် အလုပ်ရှုပ်နေကြလေသည်။ ဆန့်ကျင်ဖက် အနေဖြင့် သူတို့၏ အထွေထွေမန်နေဂျာကြီး ဖြစ်သည့် ကွမ်ရှုဇီ ကမူ မနီးမဝေးရှိ အဆောက်အအုံတစ်ခုတွင် ထိုင်ကာ အေးအေးလူလူပင် လက်ဖက်ရည်သောက်ပြီး အဆာပြေမုန့်များ စားနေချေသည်။ ယင်းပုံစံမှာ ဇာတ်လမ်းများထဲမှ လုယုတ်မာ အလုပ်ထိန်းခေါင်းဆောင်ကြီးနှင့် တစ်ပုံစံထဲပင်ဖြစ်ရာ လင်းရှ သည် မနေနိုင်ပဲ စိတ်ထဲမှနေ၍ လက်ခလယ်လှမ်းထောင်ပြမိလိုက်၏။
သူသည် နေ့လည်မရောက်ခင်အချိန်အထိ တောင်ပေါ် တက်လိုက်ဆင်းလိုက်ဖြင့် သွားနေရလေရာ လင်းရှ ၏ အဝတ်များမှာ လုံးဝစိုရွှဲနေပြီး အားလည်း တစ်စက်မျှ မရှိတော့သော်ငြား ထိုဆေးစိုက်ခင်းမှာမူ ဆယ်ပုံတစ်ပုံမျှသာ ရေလောင်း၍ ပြီးသေးပေသည်။
နေ့လည်စာစားရန် ခေါင်းလောင်းတီးသောအခါ လင်းရှ သည် သူ၏ ဆာနေသည့်ဗိုက်ကို လက်ဖြင့်ပွတ်ရင်း အခြားဂိုဏ်းသားများမှ လက်ဆေးရန် ထွက်သွားကြသည်ကို ခါးသက်သက်ဖြင့် ကြည့်နေမိလေသည်။ သူ့အား စောင့်ကြပ်ရသည့် ဂိုဏ်းသားသည် လင်းရှ သည်အတိုင်း မတ်တပ်ရပ်နေသည်ကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်ပြီး လှမ်းဟောက်လိုက်၏။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Start from the beginning
