Vol 1 : Chapter 25

3.9K 827 33
                                    

<Zawgyi>

ဆွ့ယွဲ့ သည် ယဉ်ကျေးစွာပင် လက်နှစ်ဖက်ကို ထပ်ကာ နှုတ်ဆက်လိုက်၏။ လင်းရှ သည် မတ်တပ်ရပ်နေဆဲဖြစ်ကာ သူ၏ မျက်စိရှေ့မှ မောင်နှမနှစ်ဦး ထွက်ခွာသွားပုံကို ကြည့်နေမိ၏။ သူ၏ စိတ်ထဲတွင်မူ ဤကဲ့သို့သော ကျွမ်းကျင်ပညာရှင် တစ်ဦးထံမှ ချီးကျူးခံလိုက်ရသည့်အတွက် အတော်လေး ပျော်ရွှင်မိနေလေသည်။ နေ့လည်ပိုင်းသို့ ရောက်သောအခါ ကျန်နေသည့် မှော်လက်နက် ကျောက်တုံးနှစ်မျိုးမှာလည်း ရောင်းထွက်သွားပြီဖြစ်ပြီး အဆင့် ၂ ကျောက်တုံးတစ်တုံးဆိုလျှင် စွမ်းအင်ငွေကြေးပြား ၃၀၀ အထိနှင့် ရောင်းနိုင်ခဲ့ပေသည်။ သူ သုံးခဲ့သည့် ငွေများကို ပြန်နှုတ်လိုက်ပါက လက်ရှိ သူ၏ သိုလှောင်အိတ်ထဲတွင် အဆင့် ၁ စွမ်းအင်ငွေပြား ၆၀၀ နီးပါးလောက် ကျန်ရှိနေလေသည်။

မျက်နှာဖုံးနှင့် လူသည် သူကြိုက်တတ်သည့် ဝိုင်အရက်မှာ စွမ်းအင်ငွေပြား ၃၀၀၀ တန်သည်ဟု ဆိုသော်လည်း လင်းရှ မှာ ထိုစကားသည် စနောက်သည့် သဘောဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်းကို သိ၏။ ဤထူးဆန်းလှသည့် ကမ္ဘာတွင် အကောင်းဆုံးသော ဝိုင်အမျိုးအစားသည် အလွန်တရာမှကို အမျိုးအစားကောင်းလှသည့် ကောင်းကင်ဘုံသစ်သီးများ သို့မဟုတ် ဝိညာဉ်သစ်ဖုများဖြင့် ချက်လုပ်ထားခြင်းဖြစ်ကာ တန်ဖိုးမဖြတ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများလည်း ဖြစ်သေးပေသည်။

သူသည် မြို့ထဲရှိ အကောင်းဆုံး သေရည်ဆိုင်အား လိုက်လံမေးမြန်းပြီးနောက် ကျန်နေသေးသည့် အချိန်ကို မှီစေရန် အလျှင်အမြန် သွားလိုက်၏။ ထိုဆိုင်မှ ဝန်ထမ်းသည် သူတို့၏ အမျိုးအစားစုံလင်လှသည့် ဝိုင်အမျိုးအစားများကို စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေကာ လင်းရှ သည် သူလိုချင်သည့် အမျိုးအစားနှင့် ကိုက်မကိုက်ကိုပင် အချိန်အတန်ကြာအောင် စဉ်းစားလိုက်ရလေသည်။ အဆုံးတွင်မူ သူသည် သန့်စင် ကြည်လင်ကာ ချိုမွှေးလှသည့် အဖြူရောင်သစ်တော်ပွင့် သေရည်အိုးလေးတစ်အိုးအား စွမ်းအင်ငွေပြား ၅၀၀ သုံး၍ ဝယ်လိုက်၏။

ယင်းမှာ အကောင်းဆုံး သေရည်တော့ မဟုတ်သော်လည်း သူလေးစားသည့် ဆရာအပေါ် ထားသည့် ကျေးဇူးကို ပြသခြင်းအနေဖြင့် ဖြစ်၏။ သူသည် ကြက်ကင်ဆိုင် အနီးမှ ဖြတ်သွားမိသောအခါ နှင်းမီးတောက်လေး အတွက်ပါ ကြာရွက်နှင့် ထုပ်ထားသည့် ကြက်ကင်နှစ်ကောင်ကို ဝယ်သွားလိုက်လေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now