LATTE-21 (Unicode)

665 147 7
                                    

ယနေ့ နေသာနေ၏။တိမ်ဖြူဖြူတို့က ပါးလျစွာပင် ကောင်းကင်ထက်၌ လေနှင်ရာလွင့်နေကြသည်။ဗုဒ္ဓဟူးနေ့၏ သာယာသောအခြေအနေအောက်တွင် ဂျွန်နှင့်လတ်တေးနှစ်ဉီးသား အိမ်အဝင်က မြက်ခင်းထက်မှာ အားရပါးရထိုင်နေခဲ့ကြတာဖြစ်သည်။

"မင်းဘယ်တွေရောက်နေတာလဲ"

ဂျွန်က စကားစကိုဖော်ရင်း မြက်ခင်းပေါ်ထောက်ထားသည့်လက်ကို ထောင်ထားသည့်ဒူးထက် နေရာရွှေ့လိုက်သည်။ထိုအပြုအမူကိုကြည့်နေသည့်လတ်တေးက မသိမသာပြုံးရင်း ဖြေ၏။

"ကျွန်တော်လား ပင်လယ်ကမ်းခြေမှာရောက်နေတာ ..... "

ထိုစကားကြားသည့်အခါ ဂျွန်သည် ခပ်လျှောလျှောမှ မတ်မတ်ထိုင်သည့်အနေအထားကို ပြောင်းသွားလေ၏။မျက်ခုံးနှစ်ဖက်မှာမူ တွန့်ကွေးနေလျက်။အညိုဖျော့ရောင် နှုတ်ခမ်းပါးတို့မှာ မသိမသာစူနေရာမှ လှုပ်ရှားလာသည်။

"သြော် မင်းကတော့ ကမ်းခြေတွေသွားပြီး ပျော်ပါးနေတယ်....ငါ့မှာတော့ မင်းပျောက်သွားပြီဆိုပြီး စိတ်ပူ...."

ဂျွန်က စိတ်ဆိုးဟန်ဖြင့် အော်နေရာမှ ရုတ်တရက်စကားစရပ်သွားပြီး လတ်တေးဖက်သို့ ခိုးကြည့်သည်။ထိုအချိန် နူးညံ့သောအပြုံးတစ်ခုနှင့် လတ်တေးက သူ့မျက်နှာကို တည့်တည့်ကြည့်နေသည့်အခါ သူခိုးလူမိသည့်နှယ် ရှက်သွားရပြန်သည်။

ရုတ်တရက် အကြည့်ကိုလွှဲပြီး ဘေးနားတွင်အိပ်နေသည့်မိုဂျို့ကို နားရွက်သွားဆွဲနေပြန်သော ဂျွန့်အားကြည့်ရင်း လတ်တေးက ရယ်မောလေတော့သည်။

"ဆက်ပြောလေဂျွန်....ခင်ဗျားဘေးနားမှာ ကျွန်တော်မရှိတော့မှာကို ခင်ဗျား...စိတ်ပူခဲ့တယ်မလား"

လတ်တေးက သူ့ကိုကြည့်မနေခဲ့သော ဂျွန့်အနားသို့ အနီးကပ်ဆုံးထိရောက်အောင် ခန္ဓာကိုယ်ကိုစောင်းလိုက်ရင်း ခပ်တိုးတိုးဆိုသည်။သေချာမကြည့်မိလျှင်တော့ လတ်တေး၏နှုတ်ခမ်းများက ဂျွန်၏နားရွက်ဖျားလေးကို ထိကပ်နေသည်ဟုပင် ထင်ရ၏။အသေအချာကြည့်လျှင်မူ ဂျွန်၏အသက်ရှူနှုန်းက ပုံမှန်ထက်မြန်နေသည်ကို တွေ့ရမည်ဖြစ်သည်။

LATTE Where stories live. Discover now