LATTE- 25 (Zawgyi)

154 11 0
                                    

ဆိုင်ပိတ်ရက်မှာ ဂျွန့်အနေနှင့် ထွေထွေထူးထူးလုပ်စရာလည်း ရှိမနေပါ။ တစ်ပတ်လုံး ပစ်ထားမိသည့် အိမ်သန့်ရှင်းရေးကိစ္စတွေကို အာရုံစိုက်ပြီးနောက် ခြံထဲက ပန်းပင်တွေကို ရေလောင်းနေခဲ့သည်။ထိုအခါ လတ်တေးနှင့် ဆော့နေသည့် မိုဂျိုက သူ့အနားရောက်လာပြီး ရေပိုက်ကရေကို ပါးစပ်နှင့် ဖမ်းနေပြန်၏။

"မိုဂျို့ကို ရေချိုးပေးနေတာလား ကိုကြီး"

သစ်သားခြံစည်းရိုးအပုလေးကိုကျော်ကာ တစ်ဖက်ခြံကထွက်လာသည့် ဒီဒီ့အသံကြောင့် ဂျွန်က ခေါင်းမော့ကြည့်ရင်း ပြုံးပြလိုက်သည်။ မိုဂျိုက ဒီဒီ့ကို ဟောင်သံလေးနှင့် နှုတ်ဆက်လေတော့ တစ်ဖက်က အပုလေးနှစ်ကောင်ကလည်း အားကျမခံ နှုတ်ဆက်ကြပြန်လေ၏။

"ကျောင်းမသွားဘူးလား ဒီဒီ"

"ဒီး နေမကောင်းလို့ ခွင့်တိုင်ထားတယ် "

ဂျွန်ကမေးတော့ အပြာရောင်ဝမ်းဆက်လေးနှင့်ဒီဒီက ခေါင်းကို ဖြည်းညင်းစွာခါလျက် ဖြေသည်။ ထိုအချိန်မှာပဲ မိခင်ဖြစ်သူက အိမ်ထဲကနေ လှမ်းခေါ်လိုက်တာမို့ ဒီဒီက နှုတ်ခမ်းကိုစူ၊ ခြေကိုဆောင့်ပြိး ထွက်သွားလေရဲ့။ သွားနေရင်းမှ ဂျွန့်ကိုလှည့်ပြီး နှုတ်ဆက်စကားပြောဖို့ကိုလည်း မေ့မသွားခဲ့ပေ။

"ကိုကြီးတို့လည်း အပြင်မှာပဲ နေမနေနဲ့ဉီးနော်၊ ဒီးလို ပျင်းစရာအိမ်ထဲမှာနေပြီး ဆန်ပြုတ်တွေသောက်နေရလိမ့်မယ်"

ဒီဒီးရဲ့ အသံရော ပုံရိပ်ပါ ပျောက်ကွယ်သွားသည့်အခါ လတ်တေးက အနားသို့ ကပ်လာလေ၏။

"ဂျွန် … ကျွန်တော် သူနဲ့ မျက်လုံးချင်းဆုံသွားသလိုပဲ"

လတ်တေး၏စကားကြောင့် မျက်ခုံးတွန့်မိသွားရသူက ဂျွန်ဖြစ်သည်။ ဒီဒီနှင့် မျက်လုံးချင်းဆုံသွားသည်တဲ့လား။

"မင်း အထင်မှားတာ ဖြစ်မှာပါ"

ဂျွန်က စကားစကို အမြန်ဖြတ်ချရင်း လက်ထဲက ရေပိုက်ကိုပိတ်လိုက်၏။ အိမ်ထဲကိုလှည့်ဝင်ဖို့ပြင်လိုက်သည့်အခါ လတ်တေး၏ခေါ်သံက နောက်ပါးက လိုက်ပါလာသော်လည်း သူလှည့်မကြည့်ခဲ့။ လတ်တေးကို မဖြစ်နိုင်သောမျှော်လင့်ချက်တွေပေးပြီး မနာကျင်စေချင်ပါ။

LATTE Where stories live. Discover now