LATTE -6(Unicode)

1.3K 213 58
                                    

သောကြာနေ့ညနေဖြစ်သည်။အပြာနုရောင်ကောင်းကင်ကြီးက ပုံမှန်ထက်ပင် ကြည်လင်နေသလိုခံစားရသည်။စနေနေ့ကစောင့်ကြိုနေသောကြောင့်လား၊ကျွန်တော်၏စိတ်ကပဲ ရှင်းလင်းနေသောကြောင့်လားဆိုတာတော့ သေချာမသိ။

ရုံးဆင်းချိန်ရောက်သည့်အခါ အားလုံးပြန်သည်အထိစောင့်ပြီး ဌာနတံခါးကိုပိတ်ပြီးမှ ထွက်လာခဲ့သည်။အိမ်ပြန်ချိန်ခြေလှမ်းမ​ျားသည် ရုံးတက်ချိန်ကထက် ပိုမိုသွက်လက်နေသည်ကို သိသိသာသာခံစားရ၏။သို့သော် ကျွန်တော်အိမ်ပြန်ဦးမည်မဟုတ်ပါ။ထုံးစံအတိုင်း ကော်ဖီဆိုင်လေးဆီ ခြေဦးလှည့်ဖြစ်ဦးမည်။သောက်နေကျ Latte တစ်ခွက်ကို စွဲလမ်းမိသောကြောင့်သာဖြစ်ပါလိမ့်မည်။

ကျွန်တော်တစ်ယောက်ထဲ လမ်းလျှောက်နေရင်း ပြုံးနေမိသည်ကို သတိထားလိုက်မိသည်။ဘာတွေကြောင့် အဲ့ဒီလောက်ပျော်နေရတာပါလိမ့်။နေ့စဥ်နီးပါးကော်ဖီသောက်မိခြင်းကြောင့် စိတ်ပြောင်းအလဲတွေ ဖြစ်သွားခဲ့တာလား။ကျွန်တော့်အတွေးကြောင့် ပြုံးနေရာမှ ရယ်မိသွားသည်။ကော်ဖီတစ်ခွက်က အဲ့သလောက်ပြောင်းလဲစေနိုင်ပါ့မလား။ကော်ဖီဆိုင်ပိုင်ရှင်ကြောင့် ပြုံးနေခဲ့မိတာလား။

ရိုးရှင်းသည့်အတွေးထဲသို့ ကော်ဖီဆိုင်ပိုင်ရှင်ကို ဆွဲထည့်မိသည့်အခါ ဘေးပတ်ဝန်းကျင်က ပန်းရောင်သမ်းသလိုဖြစ်သွားရသည်။နှာခေါင်းထိပ်ဖျားမှ သိသိသာသာပူနွေးမှုကိုလည်း ခံစားလိုက်ရပြန်သည်။လူကလည်း အယောင်ယောင်အမှားမှားဖြစ်ကာ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထုတ်လိုက်ထည့်လိုက် လုပ်နေမိသည်။

ကျွန်တော်ဘာတွေဖြစ်နေခဲ့တာလဲ...။အခုဖြစ်နေတဲ့ ခံစားချက်ကရော ဘယ်လိုမျိုးလဲ....။ဘာလို့ ဘယ်ဖက်ရင်အုံမှာ လှုပ်လှုပ်ရှားရှားဖြစ်နေရတာလဲ....။

အတွေးမျိုးစုံနှင့် လမ်းလျှောက်နေခဲ့ရင်းမှာပင် ခြေလှမ်းအစုံက ကော်ဖီဆိုင်လေးရှေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။လာနေကျဆိုင်လေးသို့ ရောက်လာခြင်းဖြစ်ပြီး ဖွင့်နေကျတံခါးတစ်ချပ်ကို ဆွဲဖွင့်လိုက်ခြင်းဖြစ်သော်လည်း ခံစားချက်ကတော့ အရင်ကနှင့်မတူစွာ ခြားနားနေခဲ့သည်။ဆိုင်အတွင်းပိုင်းနှင့် ကျွန်တော့်ကိုခြားနားထားသော မှန်တံခါးကို ဖွင့်လိုက်သည့်အခါ ကြားနေကျပင်ဖြစ်သည့် နှုတ်ဆက်သံတစ်ခုနှင့် အပြုံးတစ်ခုကို ရရှိလိုက်သည်။သို့သော် .... ကျွန်တော်၏နှလုံးခုန်နှုန်းသည် သိသိသာသာမြန်ဆန်သွားခဲ့ရပေသည်။

LATTE Where stories live. Discover now