LATTE -14(Unicode)

887 185 38
                                    

"မတွေ့ရတာကြာပြီနော် ဒါလင်...နေကောင်းတယ်မလား"

ထိုစကားသံ၏ပိုင်ရှင်သည် ကောင်းမွန်ထူးဟူသည့် အမျိုးသားပင်ဖြစ်သည်။ခပ်လတ်လတ်အသားအရေနှင့် ကျဥ်းရှည်ရှည်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်သော အမျိုးသားတစ်ဦး။ပြုံးလိုက်ချိန်တိုင်း ထိုမျက်လုံးများ မှေးကျသွားတတ်ပြီး ရိုးသားသည့်အသွင် အပြည့်ရှိသူတစ်ဦး။ပြီးတော့ ဂျွန်နှင့် ကြီးကြီးမားမားပတ်သတ်ခဲ့ဖူးသူတစ်ဦးပင်.....။

ဂျွန်သည် မည်သည့်တုံ့ပြန်မှုကိုမျှ ပြန်မလုပ်နိုင်သေးပဲ အချိန်အတော်ကြာသည်အထိ တွေဝေနေမိသည်။သူ့ကိုကြည့်ရင်း အရင်ကအတိုင်းပြုံးပြနေသည့် ကောင်းမွန်ထူးကို မမှန်းဆနိုင်သည့်အမူအရာတစ်ခုဖြင့် ငေးကြည့်နေခဲ့တာဖြစ်သည်။ခဏအကြာမှ အသက်ပြန်ဝင်လာသလို စကားသံတိုးတိုးက ထွက်လာခဲ့၏။

"ကောင်း .... မင်းဘယ်လိုရောက်လာတာလဲ"

"တိုက်ဆိုင်တယ်ပဲပြောရမလား မသိဘူး....ကံပါလာတော့လည်း ဖုန်းလေးဖွင့်ရုံနဲ့တန်းတွေ့တော့တာပဲ Facebook မှာ post တစ်ခုတွေ့လိုက်တာ ဒီဆိုင်ကကော်ဖီလည်းကောင်းတယ် ဆိုင်ရှင်လည်းချောတယ်တဲ့ ...မောင့်ဒါလင်က အရင်အတိုင်း မိန်းကလေးတွေကြားမှာ ရေပန်းစားနေတုန်းပဲလား ..."

ကောင်းမွန်ထူး၏ စကားစ ခဏပြတ်သွားချိန်တွင် ဂျွန်သည် သက်ပြင်းကိုခိုးချရင်း ပြုံးရိပ်သန်းနေသည့် ခပ်ပါးပါးနှုတ်ခမ်းများကို ကြည့်လိုက်မိသည်။ထိုနှုတ်ခမ်းမှထွက်လာသည့် စကားလုံးတို့က သူ့ကိုနောက်ကျောမလုံဖြစ်စေသည့် ခံစားချက်တို့ ပေးနိုင်နေဆဲပင်။

"ကျေးဇူးပြုပြီး အဲ့ဒီအသုံးအနှုန်းကို မသုံးပါနဲ့တော့လား...ငါ့အတွက် ကြားရတာ အဆင်မပြေဘူး "

"အိုခေ မောင်....အဲ...ကိုယ်ဆင်ခြင်လိုက်ပါ့မယ်..."

ကောင်းမွန်ထူးသည် နဖူးပေါ်ကျလာသည့် ဆံပင်ကို သပ်တင်လိုက်၏။မျက်နှာထက်တွင်မူ အလိုမကျဟန်တချို့ရှိသော်လည်း ဂျွန်က မသိချင်ယောင်သာဆောင်ထားလိုက်သည်။

"တကယ်အံ့သြဖို့ကောင်းတယ်နော် ဒါလင့်ကို အဲ... မင်းကို ....ကျွတ်စ် ဒီပါးစပ်က ပြောင်းလဲဖို့ကို ကျင့်သားမရနိုင်ဘူး ဒါလင် .... မင်းမသက်မသာခံစားရတယ်ဆိုလည်း တောင်းပန်ပါတယ်....အရင်ကလိုပဲ...."

LATTE Where stories live. Discover now