LATTE -7-

175 27 0
                                    


"John's"ဟု အမည်ရှိသော ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိသည်။အပင်အုပ်အုပ်များအစီအရီတည်ရှိနေသည့် လမ်းထဲတွင်ရှိနေသော ထိုဆိုင်လေးက လူအဝင်အထွက်သိပ်မများလှပဲ ခပ်သေးသေးသာဖြစ်သည်။အုတ်အနီရောင်များဖြင့်ဆောက်လုပ်ထားသည့်ဆိုင်ကလေးတွင် မှန်တံခါးများ၊မှန်ပြတင်းပေါက်များသာ အသုံးပြုထားသောကြောင့် အတွင်းပိုင်းကိုပါ ထိုးဖောက်မြင်နိုင်ပေသည်။ဆိုင်ကလေး၏အတွင်းပိုင်းသို့ဝင်သွားကြည့်မည်ဆိုလျှင် အဝါရောင်မီးများ၏အစွမ်းဖြင့် ပိုမိုနွေးထွေးသောပတ်ဝန်ကျင်တစ်ခုက စောင့်ကြိုနေလိမ့်မည်။ခပ်တိုးတိုးပျံ့လွင့်နေသော ဂီတသံအကြားတွင် အပြုံးချိုချိုတစ်ခုနှင့် နှုတ်ဆက်စကားသံတစ်ခုကလည်း စောင့်ကြိုနေမည်ဖြစ်သည်။

"မင်္ဂလာပါ...ဘာများသုံးဆောင်ပါမလဲ"

ဧည့်သည်တစ်ဦးဝင်လာတိုင်း ထိုသို့နှုတ်ဆက်တတ်သူသည် တစ်ဦးတည်းသောဝန်ထမ်းတဖြစ်လဲ ဆိုင်ရှင်ဖြစ်သည့် ဂျွန်(John)ဖြစ်သည်။ဂျွန်၏အရောင်ရင့်ရင့်ဆံပင်တို့က နားရွက်အောက်ရောက်သည်အထိရှည်ပြီး အမြဲတစေလှန်တင်ထားတတ်သည်။ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ကာ ကော်ဖီဆိုင်အတွင်းလှုပ်ရှားနေတတ်သောဂျွန်၏ ကော်ဖီအရသာက ဒီဆိုင်လေး၏အဓိကဆွဲဆောင်မှုပင်။

ဂျွန်ဖျော်သောကော်ဖီကိုသောက်ဖူးသူတိုင်းက မချီးကျူးပဲမနေနိုင်။တချို့ကတော့ မသောက်ရမနေနိုင်ပါဟုတောင် ပြောတတ်ကြသေးသည်။ထိုသို့အခြေအနေရောက်အောင် ဂျွန့်ဖက်ကရင်းနှီးခဲ့ရသည်မှာလည်းမနည်းလှပေ။

အထက်တန်းပြီးချိန်တွင် မတော်တဆမှုဖြင့်ဆုံးပါးသွားကြသော မိဘနှစ်ပါးကြောင့် ဂျွန်သည်ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ခဲ့ရသည်။ရင်းနှီးသည့်အမျိုးအဆွေဟူ၍လည်းမရှိသောကြောင့် တက္ကသိုလ်ဆက်တက်မည့်အခွင့်အရေးကိုလက်လွှတ်ကာ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာခဲ့ရတာပင်။သို့သော် အထက်တန်းသာအောင်သေးသည့်လူငယ်တစ်ဦးအတွက် အလုပ်အကိုင်အခွင့်အရေးသည် ထင်သလောက်တော့မများခဲ့ပါ။

ကံတရားက အမြဲတစေတော့လည်း ရက်စက်နေသည်မဟုတ်ပါ။ဂျွန်၏ ခက်ခဲ့သောအခြေအနေကြားတွင် အားကိုးရာတစ်ခုက ပေါ်လာခဲ့သည်။သူ့ဘဝအတွက်လမ်းစတစ်ခုဖြစ်လာမည့် ကော်ဖီဆိုင်တစ်ခု၏တံခါးချပ်ကို ဖွင့်လိုက်မိခဲ့ခြင်းသည် ကံတရား၏အကောင်းဆုံးဖန်တီးမှုတစ်ခုဖြစ်သည်။ထိုတံခါး၏နောက်ကွယ်မှ အပြုံးတစ်ခုက သူ့အတွက်ခွန်အားတွေကို မျှဝေပေးနိုင်ခဲ့တာပင်ဖြစ်သည်။

LATTE Where stories live. Discover now