LATTE-19-(Unicode)

714 155 16
                                    

ညသည် ယခင်ကထက်ပင် ပို၍မှောင်မိုက်နေပေသည်။အဝါရောင်မီးတချို့ ခပ်သဲ့သဲ့ဖြာကျနေသော အိမ်ရှေ့ကလမ်းမထက်တွင် အဖြူရောင်ကားတစ်စီးသည် ကန့်လန့်ဖြတ်ရပ်ကာ အိမ်တံခါးနှင့်မျက်နှာချင်းဆိုင်ရပ်ထား၏။သူငေးကြည့်နေခဲ့သည့် ခြံတံခါးရှေ့တွင်တော့ လူနှစ်ယောက်က ပူးကပ်စွာ မတ်တပ်ရပ်နေခဲ့ကြသည်။

"သူတို့ ဘာတွေပြောနေကြတာလဲ..."

လတ်တေး၏နှုတ်ဖျားမှ တီးတိုးရေရွတ်သံခပ်တိုးတိုးသည် လေထုထဲတွင် အချိန်ခဏလေးအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။မျက်လုံးတို့မှာမူ ထိုလူနှစ်ယောက်ကို အကြည့်မပျက်သေး။

ထိုအချိန်အတွင်းမှာပင် ကောင်းမွန်ထူး၏ခန္ဓာကိုယ်က ဂျွန့်အပေါ်သို့ ပြိုလဲကျသွားသည်ကို မြင်လိုက်ရသည်။ဂျွန်သည် အနည်းငယ်တွန့်ဆုတ်သွားဟန်ရှိသော်လည်း ကောင်းမွန်ထူးကို အသေအချာဆုပ်ကိုင်ထားခဲ့၏။ထိုမြင်ကွင်းကိုမြင်ရသည့်အခါ မသိမသာနာကျင်နေဟန်ရှိသည့် သူ့ရင်ဘတ်က သိသိသာသာစူးအောင့်သွားမှုတစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက်ဂျွန်သည် ကောင်းမွန်ထူး၏တောင့်တင်းသောခန္ဓာကိုယ်ကို မနိုင့်တနိုင်ပင်ဆွဲကာ အိမ်ဖက်ကိုဦးတည်လာခဲ့သည်။ထိုအခါလတ်တေးက အလိုလိုပင် နံဘေးသို့ရှောင်ဖယ်လိုက်မိ၏။အိမ်ထဲသို့ရောက်သည့်အခါ ဂျွန်သည် လတ်တေးအား တစ်ချက်သာလှည့်ကြည့်လာကာ အားလျော့စွာပြုံးပြရင်း ကောင်းမွန်ထူးကိုတွဲခေါ်သွားသည်။

ဧည့်ခန်းထဲက ဆိုဖာခုံရှည်ထက်တွင် ကောင်းမွန်ထူးကိုပစ်တင်လိုက်ရင်း ကိုယ်တိုင်ပါအမောဖြေနေသောဂျွန့်ကို လတ်တေးက ငြိမ်သက်စွာငေးနေလျက်ပင်။ဂျွန့်အနားသို့ပြေးသွားလိုက်ချင်သော်လည်း ဆိုဖာထက်တွင်လဲလျောင်းနေမည့် ထိုအမျိုးသား၏ရုပ်သွင်ကို မမြင်ချင်သောကြောင့် လတ်တေးသည် နေရာမှာပင် ကျောက်ရုပ်သဖွယ်ငြိမ်သက်နေခဲ့ပေသည်။

ဂျွန်သည်လည်း ထိုနည်းတူပင်။လတ်တေးကို တစ်ချက်မော့ကြည့်လာခဲ့ပြီး ဖရိုဖရဲအနေအထားဖြင့် လဲကျနေခဲ့သောကောင်းမွန်ထူးကို စိတ်ပျက်ဟန်ရှိသည့်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုနေခဲ့၏။ထိုမျက်ဝန်းတွေက... အင်း... စိတ်ပျက်ဟန်အပြည့်ဆိုသည်မှာ သေချာပါသည်။

LATTE Where stories live. Discover now