LATTE -15-

149 19 0
                                    

မိုးသားပြာပြာထက်တွင် တိမ်မျှင်ဖြူဖြူတို့က ဟိုတစ်စဒီတစ်စ မျောလွင့်လျက်ပင်။ထိုကောင်းကင်ကြီးအောက်တွင် တည်ရှိနေသော လောကကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် ကော်ဖီဆိုင်ကလေးထဲတွင် ပျော်ရွှင်စရာ သီချင်းသံတစ်ခုက ပျံ့လွင့်လို့နေခဲ့သည်။ရုတ်တရက် ဆိုင်ကလေး၏တံခါးကို ဖွင့်လိုက်သည့်အခါ အဖြူရောင်ရှပ်အင်္ကျီလက်တို ၊အညို​ရောင်ဘောင်းဘီရှည်နှင့် ခပ်ငယ်ငယ်ကောင်လေးတစ်ဦးက အထုပ်ကြီး၊အထုပ်ငယ်တို့ကိုဆွဲပြီး ဆိုင်ထဲမှ မနိုင်မနင်းထွက်လာနေခဲ့၏။

“ဂျွန်...မင်းတစ်ယောက်ထဲ နိုင်ရဲ့လား... အဖော်ခေါ်သွားဦးလေ”

ထိုကောင်လေးအမည်က ဂျွန်ဖြစ်သည်။ ဂျွန်သည် သူ့အနောက်မှပါလာသည့် အသံတစ်ခုကို လက်ခါပြရင်းသာ တီးတိုးတုံ့ပြန်လိုက်သည်။သဘောက အကူအညီမလိုသည့်သဘော....။ထို့နောက် ဂျွန်သည် အမည်းရောင်အမှိုက်ထုပ်ကြီးထဲတွင် အားလုံးကိုပြည့်ကျပ်နေအောင် စုထည့်လိုက်လေ၏။

ဆိုင်အရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း အမှိုက်ထုပ်များနှင့် အလုပ်ရှုပ်နေသည်မှာ ဆိုင်မြင်ကွင်းကို အကျည်းတန်စေသော်လည်း ဂျွန်မှာမူ ဂရုမစိုက်ပဲ ဆက်ထည့်နေမြဲပင်။သူသည် ပတ်ဝန်းကျင်မှ ဖြတ်လျှောက်သွားသူများကိုပင် ဂရုမပြုနိုင်ပဲ အသည်းအသန်ကြိုးစားနေခဲ့ပေသည်။

“ကဲ တစ်ထုပ်ထဲကို စုထည့်ပြီးပြီ”

အမှိုက်ထုပ်အသေးလေးများအား အကြီးကြီးတစ်ခုအသွင် ပြောင်းပြီးသည့်အခါ ဂျွန်က လက်နှစ်ဖက်ကိုခါလိုက်ရင်း ခါးကိုင်းကာမဖို့ပြင်သည်။ပခုံးပေါ်သို့ ပစ်တင်ရန်တွေးလိုက်သည့် ထိုအထုပ်ကြီးသည် လေးလွန်းသောကြောင့်  သူ့ပခုံးကိုကျော်ကာ အနောက်ဖက်သို့ လည်ထွက်သွား၏။

ထိုအမှိုက်ထုပ်ကြီးမှ တစ်စုံတစ်ခုကိုတိုက်လိုက်မိသံဖြစ်သည့် ဘုတ်ခနဲမြည်သံကိုကြားလိုက်ရသည့်အခါတွင် ဂျွန်သည် အနောက်ကို အလန့်တကြားလှည့်ကြည့်လိုက်မိသည်။သူ၏အနောက်တွင်  သက်တူရွယ်တူဟုထင်ရသည့် ကောင်လေးတစ်ယောက်သည် ပေကျံသွားသော ဂျူတီကုတ်အဖြူလေးကို ငုံ့ကြည့်နေခဲ့ပေ၏။

LATTE Where stories live. Discover now