LATTE -10-

174 24 0
                                    

ဗုဒ္ဓဟူးနေ့မနက်ခင်း သုံးနာရီခန့်တွင်ဖြစ်၏။အများသူငါ အိပ်စက်နေကြချိန်ဖြစ်သော တိတ်ဆိတ်သည့်မနက်ခင်းတွင် ဂျွန်သည် ကုတင်ထက်၌ မတ်မတ်ထိုင်ရင်း သူ့အရှေ့ကတစ်စုံတစ်ဦးကို ကြည့်နေခဲ့သည်။ဖျော့တော့တော့အသွင်ရှိသည့် ထိုတစ်စုံတစ်ဦးက ဂျွန့်နှုတ်ဖျားမှထွက်လာမည့် တစ်စုံတစ်ရာကို သိလိုစိတ်ပြင်းပျနေသောမျက်ဝန်းများဖြင့် ငေးနေခဲ့ရင်း ဂျွန်နှင့်မျက်နှာချင်းဆိုင်တွင် မတ်တပ်ရပ်နေခဲ့၏။

“ခင်ဗျား ကျွန်တော့်ကိုမြင်ရတယ်မလား”

တိတ်ဆိတ်နေသည့်အခန်းကို စကားသံတိုးတိုးက ဦးစွာလွှမ်းခြုံလိုက်သည်။

“ငါမင်းကို မမြင်ရရင် ဒီမှာထိုင်ပြီးစကားပြန်ပြောနေပါ့မလား....”

ဂျွန်သည် မင်းနှင့်ငါဟုပြောင်းလဲခေါ်ဝေါ်မိသည့် ကိုယ့်အဖြစ်ကို သတိထားမိသွားသည်။ကော်ဖီလာသောက်နေကျလူတစ်ဦးမဟုတ်တော့ပဲ စိတ်ရှုပ်စရာသရဲတစ်ကောင်ဖြစ်နေခဲ့သည့်အတွက် ဒီလိုပြောင်းလဲသွားမိသလားဆိုတာ သူကိုယ်တိုင်မဝေခွဲတတ်ခဲ့။သူ့စိတ်ထဲတွင်  အံ့သြမှုမှအပ ကြောက်စိတ်အနည်းငယ်မျှ ရှိမနေတော့သည်ကိုတော့ သတိထားမိသည်။

“ကျွန်တော် ဘယ်သူလဲဆိုတာရော သိလား...”

အောက်ကျို့ဟန်ပါသည့် ထိုစကားအဆုံးတွင် ဂျွန်ထံမှ သက်ပြင်းတစ်ခုတိုးထွက်လာသည်။

“ငါမင်းကို သိတယ်...ဒါပေမယ့် မင်းဘယ်သူလဲဆိုတာတော့ မသိဘူး”

သူ့အဖြေကြောင့် ရှုပ်ထွေးသွားပုံရသူတစ်ဦးရှိပေသည်။သို့သော် သူလိမ်ညာခဲ့ခြင်းမဟုတ်ပါ။

“ခင်ဗျားက ဘာကိုဆိုလိုချင်တာလဲ...ကျွန်တော့ကိုမသိဘူးလား....ကျွန်တော်က ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဗျာ”

ထိုတစ်ဦးက လမ်းစပျောက်သွားဟန်ဖြင့် ခေါင်းကိုကုတ်ကာ ငိုက်စိုက်ချလိုက်သည်။‘လူတစ်ယောက်တောင်မဟုတ်တော့ပဲ ဘာတွေယူကျုံးမရဖြစ်နေတာလဲ’ဟု သူ့စိတ်ထဲက တွေးမိသွားသေးသည်။

“ငါပြောတာနားထောင်ပါဦး ... ငါမင်းကိုသိတယ်ဆိုတာက မင်းက ငါ့ဆိုင်မှာ လာသောက်နေကျ ဖောက်သည်တစ်ယောက်ပဲ မင်းကိုမသိဘူးဆိုတာက ငါ့အနေနဲ့ ဆိုင်မှာမြင်နေကျလူဆိုတာထက်  ပိုမသိခဲ့လို့ပဲ...”

LATTE Where stories live. Discover now