LATTE-20(Unicode)-

721 156 5
                                    

သာယာသောနေ့လေးတစ်နေ့ဖြစ်သည်။အစိုးရရုံးပိတ်ရက်လည်းဖြစ်သောကြောင့် လမ်းမထက်တွင် လူအများက အပြုံးကိုယ်စီ၊အပေါင်းအဖော်ကိုယ်စီဖြင့် ဟိုဟိုဒီဒီ လျှောက်သွားနေကြ၏။   ဧည့်သည်တစ်ဦးမျှမရှိသည့် တိတ်ဆိတ်သည့်ကော်ဖီဆိုင်လေးအတွင်းမှာမူ လူတစ်ယောက်က အထီကျန်ခြင်းတို့ဖြင့် ငြိမ်သက်စွာထိုင်နေခဲ့ပေသည်။မြေကြီးလက်ခတ်မလွဲပင် ၊ ထိုလူသည် ဂျွန်ဖြစ်၏။

ဆိုင်၏ကြမ်းပြင်ထက်တွင် ပြင်ပမှ လေနှင့်အတူလွင့်လာသည့် သစ်ရွက်ခြောက်တို့က ပြန့်ကျဲနေလျက်ပင်။ထောင့်စွန်းက စားပွဲဝိုင်းမှာမူ သုတ်လက်စ အဝတ်တစ်စက တင်နေလျက်သားရှိနေခဲ့သည်။တိတ်ဆိတ်နေသည့် ဆိုင်အတွင်းကအခြေအနေကို သီချင်းသံတို့နှင့်ဖြိုခွဲရန်အတွက်လည်း ဂျွန်သည်မေ့လျာ့နေပုံရပေသည်။

ခဏကြာသည့်အခါ လာနေကျစုံတွဲတစ်တွဲက ဆိုင်အတွင်းဝင်လာသည့်အခါ ငြိမ်သက်နေသာဂျွန်က ဆတ်ခနဲ ခေါင်းထောင်လာခဲ့သည်။ထိုစုံတွဲကိုမြင်သည့်အခါ ချက်ချင်းပင် မျက်နှာက သိသိသာသာညိုးနွမ်းသွား၏။ထို့နောက် စကားသံတိုးတိုးက နောက်ဆက်တွဲထွက်လာခဲ့သည်။

"ဘာသုံးဆောင်မလဲခင်ဗျာ"

ဝတ်ကျေတန်းကျေမေးလိုက်ဟန်ရသော်လည်း  ပြန်ဖြေမည့်အဖြေကို စိတ်ဝင်စားဟန်မရှိသည်က အတိုင်းသားပေါ်လွင်နေ၏။"Americano 2ခွက်"ဟူသောအဖြေကို ပြန်ရသည့်နောက် ခေါင်းတဆတ်ဆတ်ငြိတ်ကာ ကောင်တာနောက်သို့ဝင်သွားပြန်သည်။

မိနစ်ပိုင်းမျှကြာပြီးသည့်အခါ Americanoအစား Latteနှစ်ခွက်က ထိုစုံတွဲရှိရာစားပွဲဝိုင်းဆီ အစားထိုးရောက်လာခဲ့၏။သို့သော် ထိုဧည့်သည်စုံတွဲက အချင်းချင်းတစ်ချက်ကြည့်ကာ မည်သို့မျှ စောဒကမတက်တော့ပဲ လတ်တေးကိုသာမော့သောက်လိုက်သည်။သူတို့နှစ်ဦးသား ငွေရှင်းပြီးပြန်သွားချိန်အထိ အသိစိတ်ကပ်နေဟန်မရှိသော ဆိုင်ရှင်၏ပြောင်းလဲမှုအကြောင်းကိုတော့ ဆိုင်ပြင်ရောက်သည့်အခါ တီးတိုးပြောမိကြပါသည်။

_______________________________________

ရုတ်တရက်ရောက်လာတဲ့သူက ရုတ်တရက်ပြန်ထွက်သွားတတ်ပါတယ်။

LATTE Where stories live. Discover now