Part -54(Unicode)

9.6K 904 48
                                    

အိပ်နေရင်း ဒီနေ့မှအရမ်းနွေးနေသလိုပင်။ အရင်ကဆိုလျှင်
စောင်ထဲခွေကာ ဂူဂူးလေးကိုဖက်ပြီးအိပ်နေလျှင်တောင် ထိုသို့နွေးမ​နေပါ။ ယခုက ဖိုးသားလေးပါရှိသည်မို့ပိုနွေးနေသည်လား။ ကလေးတွေက အရှေ့မှာရှိသည်ပဲ။
ယခုကအနောက်ဘက်၊ ကျောဘက်ခြမ်းဆီမှ
မတရားနွေးနေခြင်းပေ။ အိပ်ရေးဝပြီမို့ နိုးထရပေမည်။
ကိုဇေ့ ကိုလည်း ဖုန်းဆက်နှိုးပြီး လမ်းသွားလျှောက်ရမည်။
ကိုဇေ့အား ပြောစရာများစွာရှိပါသည်။

ဆံပင်တွေကို ခေါင်းအုံးပေါ်ပို့ကာအိပ်တတ်သည့်အကျင့်ရှိသည်မို့ ယခုပူနွေးနေမှုက ဆံနွယ်တွေဆီမှတော့မဟုတ်နိုင်ပေ။ တစ်ချက်တစ်ချက်တိုက်ခတ်နေသည့် လေနွေးငွေ့လေးများပင်။ မျက်ဝန်းများကိုဖွင့်လိုက်ပြီး စောင်ထဲမှထကာထိုင်ရန် လှုပ်လိုက်မိ၏။

"ညီ...အိပ်ဦးလေ....ထတော့မလို့လား......"

မျက်ဝန်းများကမဖွင့်သေးပါပဲ ထိုသို့ပြောကာ ပိုမိုဖက်တွယ်လာသည့် သူ။ ဘယ်အချိန်တည်းက ကပ်သီးကပ်သပ်နေရာလေးကို လာအိပ်နေသည်လဲမသိ။ ကုတင်အစွန်အဖျားလေးသာကျန်တော့သည့် နေရာလေးကို ရအောင်လာကပ်အိပ်နေသည်လား။

"ကို....ခါးတွေနာကုန်တော့မယ်......
ဘယ်လိုဖြစ်လို့ ဒီလိုလာအိပ်နေတာလဲ......"

ဖိုးသားလေးဘေးသို့ အနည်းငယ်ကပ်လိုက်တော့ သူပါကပ်ပါလာသည်။

"လန့်နိုး​​ပြီး အိပ်မပျော်တော့ဘူး.....ရေထသောက်တဲ့အချိန်
ညီက မရှိတော့ အခန်းထဲပတ်ရှာရင်း အဝတ်ခန်းထဲအိပ်ပျော်နေတာတွေ့လို့ ချီလာတော့ ဂူဂူလေးက ကိုယ့်အိပ်ယာဘက်ကိုရောက်နေတယ်လေ...ဖိုးသားက ဂူဂူးနေရာရောက်နေတော့ ညီ့ကိုကုတင်ပေါ်တင်ပြီး ကိုယ်ပါဖက်အိပ်နေလိုက်တာ......"

မျက်နှာချင်းဆိုင်ဘက်သို့လှည့်ထားသည်မို့ ကိုဉာဏ်ပြောသမျှအား နားထောင်ရင်း ကြည့်နေမိသည်။ ကျွန်တော်လမ်းလျှောက်ပြန်သည်ဆိုခြင်းကြောင့် နားထင်ကိုပဲကုတ်ကာ အားနာရပြန်သည်။ ချီမပြီးသယ်လာရတာ လွယ်သည်မှမဟုတ်ပဲလေ။

"ပြန်အိပ်ပါဦးလား ညီ......ကိုယ်ဖက်ထားချင်သေးတယ်....."

သူ့ကိုကြည့်တော့လည်း တောင်းဆိုသလိုမျက်ဝန်းတို့ဖြင့်ကြည့်ကာ ဖက်ထားသည်က မဖယ်သေးပေ။ ငြင်းကောင်းသည့်အရာမဟုတ်လေသည်မို့လဲ မငြင်းတော့ပါ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now