ထိုင်ရက်ကြီးနှင့်ဆိုဖာကိုမှီကာ ခေါင်းတင်အိပ်နေရသည်မို့
အဆင်မပြေတော့ပေ။ အိပ်ရန်ကြိုးစားသော်လည်း အိပ်၍မပျော်တော့ချေ။ နာရီကိုကြည့်တော့ ၃နာရီခွဲကျော်နေလေပြီ။
လမ်းပေါ်ကြည့်ပြန်တော့လဲ ခွေးလေးတစ်ကောင်ပင် ဖြတ်ပြေးသွားသည်ကိုမတွေ့ရ။ ကုတင်ထက်တွင် အိပ်ပျော်နေသည့်ကောင်လေးကိုကြည့်ပြီးသာ သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိသည်။နိုက်ဂျူတီပြီး၍အိမ်ပြန်လာတော့ ၁၂နာရီကျော်နေလေပြီ။
အိမ်ရှေ့မြက်ခင်းပေါ်တွင် လူတစ်ယောက်ခွေခွေလေးအိပ်နေခြင်းအား တွေ့ခဲ့ရသည်။ အရက်သမားပဲနေမည်ဟုတွေးကာ မမြင်ချင်ယောင်ဆောင်ရင်း ခြံတံခါးရှေ့မှ အိမ်ထဲသို့အချက်ပေးမီးသုံးချက်ပြလိုက်သည်။ ဖုန်းဆက်ထားခြင်းမို့ အိမ်မှမမလည်း အိမ်ထဲတွင်စောင့်နေပြီး ခြံစောင့်ကြီးလည်းနိုးနေပါလိမ့်မည်။
ခြံရှေ့ကားရပ်ပြီးနောက် ဘက်မှန်မှမြင်လိုက်ရသည့် ကာတွန်းအကျီအစိမ်းရောင်ကြောင့် မှန်ထဲသို့သေချာကြည့်လိုက်သည်။"ဆံပင်တွေကလည်း အရှည်နဲ့ အရောင်ကလည်း
သေချာကြည့်မှ အစိမ်းရောင်တွေပါလား..."အသားအရည်ကလည်း အရက်သမားလိုမဟုတ်ပါပဲ ဝင်းဝင်းဝါဝါနှင့် စိုစိုပြေပြေ။ ခြံတံခါးဖွင့်ကာ မမနှင့် ခြံစောင့်ဦးလေးထွက်လာသည်။ ကျွန်တော်လည်းကားပေါ်မှဆင်းကာ ထိုအစိမ်းကောင်လေးနားမရောက်တရောက်သွားပြီး လှမ်းကြည့်လိုက်မိသည်။ မူးမူးရူးရူးအရက်သမားမဟုတ်ပါပဲ ချစ်စရာကောင်ငယ်လေးပင်။
"ညီလေး.....ညီလေး......"
မြက်ပေါ်တွင်ဒူးတစ်ဖက်ထောက်လျက် ပခုံးအားခပ်ဖွဖွဆုပ်ကိုင်ကာ လှုပ်နှိုးလိုက်သော်ငြား တုပ်တုပ်မလှုပ်ပါပဲ
ငေါက်ခနဲထ ထိုင်သည်။ လန့်သွားပြီး လူကိုယ်တိုင်ပင် နောက်ပြန် ဖင်ထိုင်ရက်သား မြက်ပေါ်သို့ပြုတ်ကျရသည်။
ထိုကောင်လေးက ဘာမှမပြောပါပဲ အိပ်နေရာမှ ထ၍ထွက်ကာ လမ်းလျှောက်သွားပြန်သည်။"ရရဲ့လား ကိုဇေ......"
လာကူပေးသည့် အမဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်သည်။
ထိုကောင်လေးအနောက်ကိုပြေးလိုက်ကာ ပခုံးအားလှမ်းဆွဲရင်း ကျွန်တော်ရှိရာအရပ်သို့
မျက်နှာလှည့်လိုက်မိချိန် မျက်ဝန်းများကမှိတ်လျက်သား မတ်တပ်ကြီးပင် ခေါင်းငိုက်သွားပြန်သည်။