လင်းရှ ကမူ ယုဇီကျွေး ဖက်သို့ စိုးရိမ်စွာလှည့်ကြည့်ကာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားလိုက်သော်လည်း ကံကောင်းစွာပင် ထိုကောင်လေးသည် ရေပြင်ကိုသာ ငေးကြည့်နေကာ ဒေါသအရိပ်အယောင် နည်းနည်းလေးမျှပင် ရှိမနေပေ။

ထို့နောက် လင်းရှ သည် အဆင်ပြေသယောင်ဆောင်ကာ " အင်း၊ ငါတို့တွေ လှေကူလှော်ပေးနိုင်ပါတယ်လို့ ပြောပြီး လှေသမားတွေဆီမှာ အကူအညီတောင်းရင်တော့ ရရင်ရမှာပါ။ " ဟု ပြောလိုက်မိသည်။

တစ်ခုပဲရှိတယ်။ အခုရှိနေတဲ့ လှေသမားတွေအကုန်လုံးက သန်သန်စွမ်းစွမ်းနဲ့ အားကောင်းမောင်းသန်တွေချည်းပဲ ဖြစ်ပြီး ယခုလို အခွင့်အရေးမျိုးမှာ ပိုက်ဆံများများရအောင် ရှာနေကြသူများသာ ဖြစ်လေရာ မည်သူကများ ကလေးတွေရဲ့ အကူအညီကို ယူပြီး သူတို့ကို အလကား ပေးစီးချင်ကြမှာလဲ ?

လင်းရှ စကားပြော၍ မပြီးသေးမီမှာပင် အလတ်စားလှေပေါ်မှ လှေသမားသည် သူ့လက်များကို စိတ်မရှည်စွာ ယမ်းရင်း ဟိန်းဟောက်လိုက်၏။ " မင်းတို့က ပိုက်ဆံမရှိပဲနဲ့များ အလကား စီးချင်နေတာလား ? ငါ့အလုပ်ကို ဝင်ရှုပ်မနေကြနဲ့။ ရှုး...ရှုး ! "။ ထိုအချိန်တွင် လူအနည်းငယ်သည် လှေငှားရန် အနီးသို့ရောက်လာရာ ယင်း လှေသမား သည် မျက်နှာပေါ်တွင် အပြုံးကြီးကြီးတစ်ခုဖြင့် ငှားသူခေါ်ရန် အလျင်အမြန် ပြေးသွားလေသည်။ လှေခုနစ်စီး ရှစ်စီးမျှလောက်ကို မေးပြီးသောအခါတွင်လည်း ထိုသို့တူညီသည့် တုံ့ပြန်မှုများသာ ရခဲ့လေရာ လင်းရှ သည်ပင် အားလျော့ချင်သလိုလို ဖြစ်လာသည်။ အကယ်၍ အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်မည့် နေရာကို တွေ့လျှင်တောင်မှ သူတို့တွင် အချိန်မရှိတော့ပေ !

ရုတ်တရက်၊ အနောက်ဖက်မှ ကြည်လင်ကာ သာယာလှသည့် အသံတစ်သံထွက်ပေါ်လာရာ လင်းရှ သည် ချက်ချင်းပင် ကိုယ်ကိုလှည့်ပြီး ကြည့်လိုက်မိပြီး မြင်ကွင်းကြောင့် အံ့သြသွားရသည်။ အလွန့်ကို ထူးခြားသည့် သတ္တဝါတစ်ကောင်သည် ကျောပေါ်တွင် ခုနစ်နှစ် ရှစ်နှစ်မျှသာ ရှိဦးမည့် ကလေးမလေးတစ်ဦးကို တင်ဆောင်ကာ သူတို့ရှိရာဖက်သို့ ဖြည်းဖြည်းချင်း လျှောက်လာပေ၏။ သူကြားလိုက်ရသည့် အသံမှာ ထိုသတ္တဝါကြီး၏ လည်းပင်းတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းအသံပေ။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now