စစ်ထူချင်းယွီက မှောင်မိုက်စွာပြုံးရယ်လိုက်လေ၏။

"ဝန်ကြီးချုပ်အိမ်တော်တစ်ခုလုံးက ဒီစစ်သူကြီးရဲ့ ငယ်သားတွေနဲ့ပြည့်နေပြီ။ မင်း လွတ်နိုင်ဦးမယ်လို့ ထင်နေတာလား? မင်းမှာ လျှို့ဝှက်သက်တော်စောင့်လေးတစ်ယောက်ရှိတာနဲ့ပဲ မရှုံးနိမ့်တော့ဘူးလို့ ထင်နေတာလား?"

နဉ်ရှု သူမမေးကို အနည်းငယ်မော့ကာ စစ်ထူချင်းယွီကို စိတ်ကြီးဝင်ကာ အထက်သေးသလို ကြည့်လိုက်သည်။

"ရှင်က စိတ်ပျက်စရာပိုးမွှားတစ်ကောင်သာသာပါပဲ။ မြင့်မားတဲ့နေရာကိုရောက်လာနိုင်တာနဲ့ပဲ ရှင့်ကိုယ်ရှင် သိပ်ပြီးကျီးကျယ်မြင့်မြတ်တယ်ထင်နေလား?"

စစ်ထူချင်းယွီက သူ့အတိတ်ကို လွန်စွာဂရုစိုက်၏။ သူ့ဒဏ်ရာဟောင်းကိုပြန်ဖြစ်စေကာ အနာပေါ်ဆားသိပ်လို့ ကောင်းကောင်းကြီး ဆွပေးဖို့ သူမဆုံးဖြတ်လိုက်သည်။

စစ်ထူချင်းယွီက နဉ်ရှုရဲ့အထင်သေးတဲ့အကြည့်ကြောင့် အလွန်ပင်ဒေါသထွက်နေပြီဖြစ်ကာ သူ့မျက်လုံးတွေက နီရဲလာပြီး သူ့မျက်နှာကကြွက်သားတွေပင် ရှုံ့မဲ့လာလေ၏။ သူက အံ့ကြိတ်ကာ ခပ်ဆတ်ဆတ်ပြောလာသည်။

"မင်းက သေချင်နေတာပဲ။"

"ဒင်! စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်က 15မှတ်ဖြစ်ပါတယ်။"

2333ရဲ့အသံက နဉ်ရှုခေါင်းထဲ ရုတ်တရက်ပေါ်လာသည်။

သူမရဲ့လှုပ်ရှားမှုက မှန်ကန်တယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ စစ်ထူချင်းယွီက သူ့အတိတ်ကို အတော်လေးဂရုစိုက်တာပင်။

"အကျိုးဆက်အနေနဲ့ သေရမယ်ဆိုရင်တောင် ကျွန်မကတော့ ရှင့်လိုလူမျိုးကို အထင်သေးနေဦးမှာပဲ။ အဲ့မိန်းမတွေအားလုံးက ရှင့်ကိုရွံရှာစက်ဆုပ်ပြီး နှိပ်စက်ညှင်းပန်းကြတာ အံ့သြစရာမရှိတော့ဘူး။ ရှင်က အရှက်ခွဲစော်ကားခံရတာနဲ့ပဲတန်တာကိုး။"

နဉ်ရှုမျက်နှာထက်မှာ အထင်သေးမှုတွေပြည့်လို့နေ၏။

"ရှင့်ကိုမွေးခဲ့တာအတွက် ရှင့်အမေကိုဘာလို့အပြစ်မတင်တာလဲ?"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now