
Start from the beginning
                                    

Chapter (22) – သန်းခေါင်ယံညမှ လူသတ်သမား

Chen Ge က နံရံထဲမြှုပ်ထားသည့်အလောင်းကို တွေ့လိုက်ချိန်မှာ အသံမထွက်မိဖို့ ပါးစပ်ကို လက်နှင့်အုပ်ထားမိလိုက်ပြီး He San ကို စာပို့လိုက်သည်။

"ရဲကို ချက်ချင်းခေါ်လိုက်.."

လှေကားဘက်နားမှာ မီးလုံးမရှိတဲ့အတွက်ရယ် သူတို့နှင့် Chen Ge ကြားမှာ တံခါးရွက်ကြီးရှိနေတာကြောင့် Viewer တွေက ဒီမြင်ကွင်းကို မတွေ့ကြပေ။ ဒီတခဏ Chen Ge လည်း ပြောပြဖို့အချိန်မရှိခဲ့ပေ။ Chen Ge က တံခါးကြားကို ငုံ့ကိုင်းပြီး သေချာစွာ စူးစိုက်ကြည့်လိုက်သည်။

အလောင်းက နံရံထဲမြှုပ်ထားလို့ သူတို့က တူးထုတ်ချင်ကြတာလို့ Chen Ge တွေးလိုက်သည်။ သူ နည်းနည်းလေးတောင် မလှုပ်ဝံ့ပေ။ သူက တကယ့်ကို အရဲကိုးပြီး စွန့်စားရာကျနေသည်။ အိမ်ခန်းငှားသူတချို့က သူနှင့် ခြေလှမ်းတချို့အကွာမှာ ရှိနေကြသည်။ တကယ်လို့ သူတို့သာ နောက်လှည့်ပြီး အခန်းထဲဝင်လာရင် သူ့ကို ပက်ပင်းကြီးတွေ့သွားနိုင်သည်။

"မင်း ကမ်းခြေမှာ သဲတွေနဲ့ ကစားနေရတယ်များ မှတ်နေလား.. အားနည်းနည်းစိုက်စမ်းပါ.."

တိုက်ခန်းပိုင်ရှင်က ဆဲဆိုပြောရင်း အလောင်းရှိရာဆီ လျှောက်သွားပြီး ဂုန်နီအိတ်ကိုဘေးချကာ အလောင်းပတ်လည်က ဘိလပ်မြေကို ဖယ်ချဖို့ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူတို့က အခြားလူတွေနိုးကုန်မှာစိုးလို့ အသံမထွက်အောင် အသာအယာပဲ လုပ်ကိုင်နေကြသည်။

နံရံကွာကျသွားပြီး ဘိလပ်မြေမှုန့်တွေ ပြိုကျလာခဲ့သည်။ လူတိုင်းက ချွေးတလုံးလုံးဖြစ်နေပြီး နံရံကိုတူးသည့်လူက ပင်ပန်းလို့ကျသည့်ချွေးနှင့် စိတ်လှုပ်ရှားပြီး ကျသည့်ချွေးတို့ ရောလို့နေသည်။ သူတို့က အလုပ်ကို အားလုံးမျှပြီးလုပ်ခဲ့ကြပေမယ့် ပထမဆုံးလုပ်တာဖြစ်လို့ လူတိုင်း စိတ်ပျက်နေကြသည်။ ဒါကြောင့် သူတို့အလုပ်ပြီးစီးဖို့ အတော်လေး နှေးကွေးလို့နေသည်။

10 မိနစ်ကြာတော့ သူတို့ နံရံထဲကအလောင်းကို ထုတ်ယူလိုက်နိုင်သည်။

"ဖက်တီး.. မင်းက ဒီဘိလပ်မြေတွေကို ရှင်းဖို့ ကျန်နေခဲ့လိုက်.. ငါတို့က ဒီအလောင်းကို တောင်ကုန်းပေါ်မှာ မြှုပ်ဖို့ ယူသွားလိုက်မယ်.."

တိုက်ခန်းပိုင်ရှင်က တူကိုကမ်းပေးပြီး အမိန့်ပေးလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့နဲ့ အတူလိုက်ခဲ့မယ်.."

ဒီလူက ချက်ချင်းပြောလိုက်သည်။ ဒီလှုပ်ရှားမှုတစ်ခုလုံးက သူ့စိတ်အားကိုယ်အားကို ညှစ်ထုတ်ခဲ့ရလို့ ခုလိုအမှောင်ထဲမှာ တစ်ယောက်တည်း ကျန်ရစ်မနေချင်တော့ပေ။

"မင်း နည်းနည်းလေးတောင် ယောက်ျားစိတ်မမွေးနိုင်ဘူးလား.."

တိုက်ခန်းပိုင်ရှင်က သူတို့အုပ်စုထဲက တစ်ဦးတည်းသောအမျိုးသမီးကို ပြောလိုက်သည်။

"Juan Er.. မင်း သူနဲ့နေရစ်ခဲ့လိုက်.. ပြီးရင် ငါတို့ တောင်ကုန်းပေါ်ကဆုံရပ်မှာ တွေ့ကြမယ်.."

ပြီးတော့ သူနဲ့တက်တူးနဲ့လူက ဂုန်နီအိတ်ကိုသယ်ကာ အောက်ထပ်ကို ဆင်းသွားကြသည်။ သူတို့ရဲ့ခြေသံက ပြင်းတဲ့အတွက် မျက်နှာကြက်မှာတပ်ထားတဲ့မီးလုံးက လင်းသွားခဲ့သည်။ သူတို့က Chen Ge ပုန်းနေသည့် အခန်းရှေ့ကဖြတ်သွားချိန် ရပ်တန့်သွားကြသည်။

"ဘာကြောင့် ကြမ်းပြင်ပေါ်မှာ ဝါဂွမ်းတွေ ဒီလောက်အများကြီး ရှိနေတာလဲ.."

တိုက်ခန်းပိုင်ရှင်၏စကားကြောင့် Chen Ge ၏နှလုံးသားက လည်ချောင်းကနေ ခုန်ထွက်သွားသလို ခံစားလိုက်ရသည်။ သူ အစောပိုင်းက အရုပ်တွေကိုဖွင့်ကြည့်တုန်းက ဝါဂွမ်းစတွေနဲ့ စက္ကူစတွေ ထွက်ကျလာတာကို သတိရလိုက်သည်။ အဲ့ဒီအချိန်က မှောင်နေလို့ သတိမထားလိုက်မိပေမယ့် ခုတော့ ဒါကိုပြန်သိမ်းဖို့ နောက်ကျသွားလေပြီ။

"ဒါတွေက အမှိုက်တွေနေမှာပါ.. ဒီဟာကို နောက်မှရှင်းတာပေါ့.. လောလောဆယ်.. အိတ်ထဲကအလောင်းက အတော်လေးတယ်.. အရေးကြီးတာကိုပဲ အရင်ရှင်းရအောင်.."

တက်တူးနှင့်လူက သူ့နောက်ကနေ ဆော်သြလိုက်သဖြင့် တိုက်ခန်းပိုင်ရှင်က ခေါင်းညိတ်လိုက်ပြီး အလောင်းထည့်ထားသည့်အိတ်ကိုသယ်ကာ အောက်ထပ်ကို ဆင်းသွားကြတော့သည်။

"ဖက်တီး.. မတ်တပ်ရပ်မနေနဲ့.. အလုပ်စလုပ်တော့.."

သူတို့နှစ်ယောက် အမှိုက်တွေကို စုစည်းလိုက်ပြီး လက်နက်တွေပေါ်မှာ ထင်နေတဲ့သွေးတွေကို သုတ်လိုက်သည်။ မိနစ်အတော်လေးကြာတော့ နှစ်ယောက်သား ဒီအရာတွေထည့်ထားသည့် အိတ်ကိုသယ်ကာ လှေကားအောက်ကို ဆင်းသွားကြတော့သည်။

သူတို့ရဲ့ခြေသံတွေ တိတ်သွားပြီး တတိယထပ်တစ်ထပ်လုံး တိတ်ဆိတ်သွားတော့မှ သူ အသက်ရဲရဲ ရှူရဲတော့သည်။ သူက တံခါးကြားကနေ သေချာချောင်းကြည့်လိုက်ပြီး တတိယထပ်တစ်ထပ်လုံး မှောင်မည်းပြီး ဗလာဖြစ်နေတာတွေ့တော့မှ ဒီလူတွေထွက်သွားပြီဆိုတာ သေချာသွားသည်။

"Fuck.. လန့်လို့သေတော့မယ်.."

သူက ၃ မိနစ်စောင့်ပြီး သူတို့ပြန်မတက်လာဘူးဆိုတာ သေချာတော့မှ Chen Ge က တံခါးနောက်ကနေ ခြေဖျားထောက်ပြီး ထွက်လာခဲ့သည်။ သူ့ကိုမတွေ့သွားဖို့ သူက ဖုန်းကဓာတ်မီးကို မဖွင့်ဘဲ နံရံကိုလက်နဲ့စမ်းပြီး တရွေ့ရွေ့နဲ့ ဖြည်းဖြည်းချင်း လာခဲ့သည်။

သူတို့ပြောစကားအရ ဒီလူတွေက လူကောင်းတွေမဟုတ်ဘူးဆိုတာ သိပေမယ့် နံရံထဲက အမျိုးသမီးအလောင်းက သူတို့နဲ့ မသက်ဆိုင်ဘူးထင်သည်။ ဒါပေမယ့် သူတို့ မပါဝင် မပတ်သက်ဘူးဆိုရင်တောင် သူတို့တွေ ကံမကောင်းကြပုံပဲ။ သူတို့က အဘိုးကြီးရဲ့ပိုင်ဆိုင်မှုကို သိမ်းယူပြီးနောက်ပိုင်း နံရံထဲမြှုပ်ထားသည့် ဒီအလောင်းကိစ္စကြီးကို တွေ့လိုက်ပုံရသည်။

ပုံမှန်ဆိုရင် ရဲကို အကြောင်းကြားရမှာဖြစ်ပေမယ့် ဒီလိုလုပ်ရင် သူတို့လုပ်ထားတဲ့ ရာဇဝတ်မှု ပေါ်သွားမှာစိုးသဖြင့် နောက်ဆုံး သူတို့က လူသတ်သမားအစစ်ရဲ့ သက်သေကို ကူညီဖျက်ဆီးပေးရဖို့ ဖြစ်လာပုံပင်။

တိုက်ခန်းပိုင်ရှင်က ညမှောင်လာရင် အပြင်မှာလျှောက်မသွားဖို့ သတိပေးတာ မထူးဆန်းတော့ပေ။ Chen Ge ၏မျက်လုံးက အမှောင်ထဲ ကျင့်သားရလာတော့ သူ့ခြေလှမ်းတွေ မြန်လာခဲ့သည်။ သူ ဒီအဆောက်အဦးထဲက ထွက်သွားချင်လှပြီ။ Chen Ge က သူ့ကျောပိုးအိတ်ကိုယူဖို့ ဆုံးဖြတ်လိုက်ပြီး ပထမထပ်ကို ဆင်းလာခဲ့သည်။

Fuck...

ရှေ့တံခါးကြီးက သော့ခတ်ထားပြီး သူက ဒီအဆောက်အဦးထဲ ပိတ်မိနေတော့သည်။

ဒီလူတွေက အလောင်းကိုသွားမြှုပ်ချိန်မှာ တိုက်ခန်းကြီးကို သော့ခတ်သွားဖို့ သတိရပုံပေါ်သည်။ Chen Ge ရဲ့နှလုံးသားက ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားတော့သည်။ ပထမထပ်က ပြတင်းပေါက်တွေက သူခိုးရန်ကာကွယ်ဖို့ သံတိုင်တွေတပ်ဆင်ထားပြီး တတိယထပ်က တံခါးတွေက သစ်သားတန်းတွေနဲ့ အသေရိုက်ပိတ်ထားသည်။ ဒါဆိုရင် သူ အဆောက်အဦးအပြင်ကိုထွက်ဖို့ ဒုတိယထပ်ပြတင်းပေါက်က တွယ်ဆင်းရုံသာ ကျန်တော့သည်။

ဒီတိုက်ခန်းမှာ ကြာကြာနေလေ စိတ်လှုပ်ရှားလေ ဖြစ်လာသည်။ Chen Ge က လက်ထဲမှာ ဘက်စုံသုံးတူကို တင်းတင်းဆုပ်ကိုင်ပြီး ဒုတိယထပ်ကို ပြန်တက်လာတော့ ကော်ရစ်ဒါတလျှောက်လုံး မှောင်မည်းနေပြီး မကောင်းဆိုးဝါးတစ်ကောင်က ချောင်းကြည့်နေသလို ခံစားလိုက်ရသည်။

ဒီနေရာကြီးက အရမ်းကို တိတ်ဆိတ်လွန်းလှသည်။ Chen Ge က တိုက်ခန်းပိုင်ရှင်၏ အခန်းဘေးကပ်လျက်မှာ နေထိုင်ပြီး ဒီဟာက ကော်ရစ်ဒါ၏ ဟိုးဘက်ထောင့်ဆုံးမှာရှိနေသည်။ သူက အခန်းတစ်ခန်းခန်းက ရုတ်တရက် ပွင့်သွားမှာစိုးလို့ စိတ်တွေတင်းကျပ်နေသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကော်ရစ်ဒါတလျှောက် တိတ်တဆိတ်လျှောက်လာကာ သူ့အခန်းဆီကို လျှောက်လာခဲ့သည်။

တကယ်လို့ အိပ်ယာခင်းစတွေကို တွဲဆက်ပြီး ကြိုးလိုလုပ်ပြီး တွယ်ဆင်းရင် ပထမထပ်ကို ရောက်သွားနိုင်သည်။ သူက အခန်းတံခါးကို ဖွင့်ဖို့သော့ကို နှိုက်ထုတ်လိုက်ပြီး သော့ပေါက်ကိုထိုးဖို့ ဖုန်းက မီးကိုဖွင့်ပြီး သော့ပေါက်ထဲ ထည့်ထားသည့် ဆံပင်ကို ကြည့်လိုက်သည်။ သူ့အခန်း လူဝင်မဝင် သိအောင် တမင်ထည့်ထားသည့် ဆံပင်တချောင်းက လုံးဝမတွေ့ရတော့ပေ။


 ဒါဆို တစ်ယောက်ယောက်က သူ့အခန်းတံခါးကို သော့ဖွင့်ပြီး ဝင်ကြည့်ထားတာလား။ ဒါဆိုရင် အထဲမှာ သူမရှိတာကို တွေ့ပြီးလောက်ရောပေါ့။ ဒီအတွေးကြောင့် သော့ဖွင့်ဖို့လုပ်နေသည့် သူ့လက်တွေ အေးခဲသွားတော့သည်။ သူ့ဆံပင်တွေ ထောင်ထလာပြီး တစ်ကိုယ်လုံး ကြောက်ရွံ့မှုတွေ ပြန့်နှံ့သွားသလို သူ့ကလီစာတွေလည်း အေးခဲသွားခဲ့သည်။

Chen Ge အသက်ရှူမြန်လာပြီး အဆုတ်ထဲ ရေခဲတုံးထည့်ထားသလို ခံစားလိုက်ရသည်။

သူတို့ ဘယ်အချိန်က ငါ့အခန်းထဲကို ဝင်ခဲ့တာလဲ..?

အလောင်းတူးပြီးတဲ့အချိန်လား.. ဒါမှမဟုတ် သူတို့ ကြမ်းပြင်ပေါ်မှာ ဝါဂွမ်းစတွေကို တွေ့တဲ့အချိန်ကလား..?

တကယ်တော့ ဒီအဖြေက တကယ်ကို အရေးကြီးပါသည်။ သူက နောက်ကို ခြေလှမ်းတချို့ဆုတ်လိုက်ပြီး စိတ်ကိုငြိမ်အောင်ထားကာ ပိတ်ထားသည့်တံခါးကို စိုက်ကြည့်လိုက်သည်။

ငါ အခန်းထဲကို ဝင်သွားလို့မရတော့ဘူး။ သူတို့က အထဲမှာ ငါ့ကိုစောင့်နေလောက်တယ်။

Chen Ge က ကြံခိုင်သည့်သူ့စိတ်ကြောင့် အခြေအနေကို အမြန်ဆုံး သုံးသပ်နိုင်ခဲ့သည်။ အသက်ဘေးကြုံနေရပြီဖြစ်လို့ ဒီနေရာက တတ်နိုင်သမျှ မြန်မြန်ခွာမှဖြစ်မည်။

Chen Ge က အသံမထွက်စေဘဲ နောက်ကိုဆုတ်လိုက်သည်။ ဒီတိုက်ခန်းမှာ ဒုတိယထပ်က ပြတင်းပေါက်တွေကလွဲပြီး ထွက်ပေါက်မရှိဘူးဆိုတာ သူသိထားသည်။

ခြေသံတချို့ ထွက်အောင်လုပ်ပြီး သူ့အခန်းနဲ့အဝေးဆုံး ကော်ရစ်ဒါရဲ့ ညာဘက်ထောင့်နားကို သူပြန်လာခဲ့လိုက်သည်။

ဒီတိုက်ခန်းမှာ နေထိုင်သူတွေက သူထင်ထားတာထက် ပိုပြီး အန္တရာယ်ရှိသည်။ သူ ဒီတိုက်ခန်းကနေ ကနေ့ည အသက်ရှင်လျက် ထွက်သွားနိုင်မလား၊ မထွက်သွားနိုင်ဘူးလားဆိုတာ လောင်းကစားလုပ်ရတော့မှာပဲ။ Chen Ge က အံကြိတ်လိုက်ပြီး လက်ထဲကိုင်ထားသည့်တူဖြင့် ညာဘက်ဆုံးလှေကားနှင့်ကပ်လျက်အခန်းတံခါးကို လွှဲရိုက်လိုက်တော့သည်။

တိတ်ဆိတ်နေသည့် Fu An တိုက်ခန်းကြီးက တူနှင့်ထုလိုက်သည့် ဆူညံသံကြောင့် ပြိုကွဲသွားရတော့သည်။ သူက အရူးလိုမျိုး တံခါးကို တူနှင့်ထုလိုက်ပြီးနောက် ကျယ်လောင်သည့်အသံနှင့်အတူ သူငှားရမ်းထားသည့် အခန်း 208 ၏တံခါး ပွင့်သွားပြီး သူမမြင်ချင်သည့်လူတွေ ထွက်လာသည်။

တက်တူးနှင့်လူငယ်နှင့် တိုက်ခန်းပိုင်ရှင်က သူ့အခန်းထဲကနေ သံတူတွေ၊ တူရွင်းတွေကိုင်ပြီး ကြောက်စရာအမူအယာဖြင့် သူ့ကို ကြည့်နေကြသည်။

"ကျေးဇူးပြုပြီး ပွင့်စမ်းပါ.."

သူထုရိုက်လိုက်တဲ့အရှိန်ကြောင့် တံခါးက ပွင့်သွားခဲ့သည်။ Chen Ge က တုံ့ဆိုင်းခြင်းမရှိ တံခါးကို ခြေနှင့်ကန်ဖွင့်လိုက်သည်။

=======================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now