
Start from the beginning
                                    

Chapter (15) တိုက်ခန်းပိုင်ရှင်

Chen Ge က Wang Qi ဆိုတဲ့လူပုံစံကို ပုံဖော်ရမယ်ဆိုရင် ငြီးငွေ့စရာကောင်းပြီး ကြောက်စရာကောင်းသည်ဟုသာ ပြောနိုင်သည်။ Chen Ge က ဒုတိယထပ်ကိုရောက်လာတော့ ပထမထပ်ထက်ပင် ဟောင်းနွမ်းစုတ်ပြတ်လို့နေသည်။ နံရံထောင့်တွင် မလဲှကျင်း၊ မသိမ်းဆည်းသောကြောင့် ပင့်ကူအိမ်တွေ ထူထပ်လို့နေသည်။ ဒီနေရာတစ်ခုလုံး မှောင်မိုက်ပြီး စိုစွတ်လျက်ရှိသည်။
နံရံတွင် ဓားနှင့်ခြစ်ထားသလို အစင်းရာများ ထင်လျက်ရှိသည်။ ခြေထောက်ထော့နေသောလူက ကော်ရစ်တာအဆုံးကအခန်းကို ဦးဆောင်ခေါ်လာခဲ့သည်။ ထိုလူက တံခါးသော့ဖွင့်ရန် သော့အများကြီးတွဲထားသည့် သော့တွဲကြီးကိုထုတ်ကာ ပြောလိုက်သည်။

"တစ်ညကို ဒေါ်လာ 50.. ဒီအထပ်က မင်းကြိုက်တဲ့အခန်းမှာ နေလို့ရတယ်.."

"တစ်ညကို ဒေါ်လာ 50 ဟုတ်လား.. ဈေးကြီးလိုက်တာ.."

"ငါ့တိုက်ခန်းက ဒီနေရာက ပတ်ဝန်းကျင်တစ်ဝိုက်မှာ တည်းခိုလို့ရတဲ့ တစ်ခုတည်းသော အဆောက်အဦးပဲ.. မင်း တစ်ညကို 50 နဲ့ တည်းလို့ရတာ ကံကောင်းတယ်မှတ်.."

"ဘာကြောင့် ပထမထပ်နဲ့ တတိယထပ်က အခန်းတွေမှာ တည်းလို့မရတာလဲ.."

"မင်းက အတော်စကားများတာပဲ.. ဘာကြောင့် တည်းလို့မရသလဲဆိုတော့ ကန့်သတ်ချက်ရှိနေလို့ပေါ့.. ရော့.. ဒီသော့ကပါတဲ့ နံပါတ်ရှိတဲ့အခန်းကို ကိုယ့်ဘာသာလိုက်ရှာလိုက်.."

ဒီလူက ပြောရင်း Chen Ge ရဲ့နောက်ကို သံသယဖြင့်လှည့်ကြည့်ပြီး Chen Ge လက်ထဲက Dollar 50 ကိုလှမ်းယူပြီး သော့တွဲထဲက ကြုံရာသော့တစ်ချောင်းဆွဲယူပြီး ပေးကာ အခန်းထဲ အမြန်ဝင်သွားတော့သည်။

အခန်းတံခါးပိတ်သွားချိန်မှာ ထိုလူဝင်သွားသည့်အခန်းထဲမှ အသက်ကြီးကြီးလူတစ်ယောက်ရဲ့ လည်ချောင်းထဲက တစ်ခုခုနင်နေတဲ့အသံလို အသံထွက်လာတာ ကြားလိုက်ရတာကြောင့် Chen Ge က တံခါးကို လက်နှင့်ပုတ်ကာ အမြန်ပြောလိုက်သည်။

"ခဏစောင့်ပါဦး.."

"ဘာလုပ်မလို့လဲ.."

တံခါးပြန်ပွင့်လာတော့ Chen Ge က အပေါက်ဝမှာရပ်နေတဲ့ ခြေထောက်မသန်တဲ့လူကိုကျော်ပြီး အခန်းထဲကို လှမ်းပြီးအကဲခတ်လိုက်သည်။ အခန်းထဲက သိပ်မကျပ်ဘဲ တံခါးနှင့်ဆန့်ကျင်ဘက်ကို မျက်နှာမူထားသည့် ဘီးတပ်ကုလားထိုင်ပေါ်က အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ခုနက ကြားလိုက်ရသည့်အသံက ဒီအဘိုးအိုဆီက အသံဖြစ်ရမည်။

"ကျွန်တော် ရေငတ်လို့.. ဒီမှာ ရေရောင်းတဲ့စက်တွေများ မရှိဘူးလား.."

"မရှိဘူး.."

"ဟေ့လူ.. ခင်ဗျားတို့ ဧည့်သည်ကို ဒီလိုပုံစံ ဆက်ဆံတာလား.."

Chen Ge ပြောလို့မဆုံးခင် အခန်းတံခါးက ပိတ်သွားခဲ့သည်။

မှောင်မည်းနေသော ကော်ရစ်တာမှာ Chen Ge တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ခါတိုင်းပုံမှန်အဆောက်အဦးများမှာ Reception က ဝင်ပေါက်နားမှာရှိပေမယ့် ဒီအဆောက်အဦးက ဒုတိယထပ်နောက်ဆုံးမှာရှိနေတာ ထူးဆန်းသည်။ ပြီးတော့ ပထမထပ်နှင့် တတိယထပ်က တည်းခိုလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်က ဒုတိယထပ်ကအခန်းတွေပဲ တည်းခိုရန်အသင့်ဖြစ်နေလို့လား။ ကျန်နှစ်ထပ်ထက် ဒီနေရာက ပိုကောင်းနေလို့လားလို့ Chen Ge တွေးနေမိသည်။

ဒီအဘိုးကြီးက ဘယ်သူလဲ။ ဒီတိုက်ခန်းပိုင်ရှင်နဲ့ အဘိုးကြီးက ဘာကြောင့်အတူတူနေတာလဲ။

Chen Ge က သော့ပေါ်ကနံပါတ်ကို ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် တိုက်ခန်းပိုင်ရှင်နဲ့ ကပ်လျက်အခန်း '108' ဖြစ်နေတာ တွေ့လိုက်ရသည်။

"ဘာပဲဖြစ်ဖြစ်.. ငါ့ပစ္စည်းတွေကို အခန်းထဲ အရင်နေရာချထားရမယ်.."

Chen Ge က အခန်းသော့ဖွင့်ပြီး ဝင်သွားလိုက်တော့ လူမနေတာကြာပြီး လှဲကျင်းသန့်ရှင်းခြင်းမရှိသဖြင့် ဖုန်နံ့က နှာခေါင်းထဲ လုံးခနဲဝင်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် ဖုန်တွေထူနေပြီး အိပ်ယာက ထူးဆန်းစွာ မှိုတက်နေလို့ Chen Ge က လက်နဲ့စမ်းကြည့်ပြီး ဒီမှာ ညအိပ်လို့ရနိုင်ပါ့မလားဆိုတာ သံသယဝင်သွားသည်။ တကယ်တမ်းပြောရရင် ဒီညတော့ သူ အိပ်ပျော်ဖို့ မဖြစ်နိုင်ပေ။

Chen Ge က သူ့ပစ္စည်းကို နေရာမချရသေးခင် ဘေးခန်းကနေ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရသည်။ ကြားရတဲ့အသံအရ ပန်းကန်ပြားကျကွဲသံနဲ့ တူနေလို့ Chen Ge က တံခါးကိုပိတ်လိုက်ပြီး နံရံမှာ နားရွက်ကိုကပ်ကာ နားစွင့်လိုက်သည်။ ထိုတစ်ဖက်ခန်းထဲမှ ခြေထောက်ထော့နေသူရဲ့ ဆဲဆိုသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ သူက နိုင်ငံခြားဘာသာစကားနဲ့ ဆဲဆိုနေပြီး လေသံကြားရတာ ဒီဒေသသားဖြစ်ပုံမရပေ။ အသက်ကြီးတဲ့လူက ဗလုံးဗထွေးပြန်ပြောလိုက်သံကို ကြားလိုက်သည်။ ခြေထောက်ထော့နေတဲ့သူက အကြာကြီး ဆူပူအော်ငေါက်နေပြီး ရုတ်တရက် TV သံကိုချဲ့လိုက်တာ ကြားလိုက်ရသည်။ Chen Ge က ဘာတွေဖြစ်နေလဲဆိုတာ ဆက်နားစွင့်ပေမယ့် TV သံပဲ ကြားလိုက်ရတော့သည်။ တစ်ဖက်ခန်းက ဘာတွေဖြစ်နေတာလဲ။

Chen Ge က ကျောပိုးအိတ်ထဲက ပစ္စည်းတွေကိုထုတ်ပြီး အိတ်ဆောင်ဓားကို အိပ်ကပ်ထဲထည့်ထားလိုက်သည်။ အွန်လိုင်းပေါ်မှာ ပြောထားတဲ့စကားအရ ဒီ Pin An တိုက်ခန်းက နံရံဆေးတွေနောက်မှာ သွေးစက်တွေတွေ့ရတယ်ဆိုတာနဲ့ အနံ့ဆိုးတွေကိုပဲပြောထားပြီး လူသတ်မှုအကြောင်းတော့ ပြောထားခြင်းမရှိပေ။ ဒါ့အပြင် Pin An တိုက်ခန်းက နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိပုံရသည်။ ဒါကြောင့် ဖုန်းအနက်က မစ်ရှင်ရဲ့တည်နေရာအဖြစ် ဒီနေရာကို ရွေးလိုက်တာဖြစ်မည်။

Chen Ge က ဘက်စုံသုံးတူကို ထုတ်ပြီး အခန်းထောင့်တိုင်းကို အသာလိုက်ခေါက်ကြည့်ပေမယ့် ဘာမှ သံသယဖြစ်ဖွယ်မတွေ့ရဘဲ ပုံမှန်တည်းခိုခန်းတစ်ခုဖြစ်နေတာကို တွေ့လိုက်ရသည်။

တိုက်ခန်းပိုင်ရှင်က သူ့ကို ဒုတိယထပ်မှာပဲ နေလို့ရတယ်လို့ ပြောခဲ့လို့ ပထမထပ်နဲ့ တတိယထပ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ အတွင်းကျကျသိရဖို့ သူ့ဘာသာ လျှောက်ကြည့်ရုံပေါ့။ သူ့မစ်ရှင်က ည 11 နာရီမှ စမှာဆိုတော့ သူ့အတွက် အချိန် ၃နာရီရှိသေးသည်။ ဒီအချိန်ကို အခန်းထဲထိုင်ပြီး အချိန်မဖြုန်းချင်ပေ။ ဒီလိုတွေးပြီး Chen Ge က တံခါးရှိရာကိုလျှောက်သွားပြီး လက်ကိုင်ဘုကိုလှည့်ကာ တံခါးကိုဖွင့်လိုက်တော့ ရုတ်တရက် တံခါးအပြင်ဘက်မှာ ခြေထောက်တစ်ဖက်ထော့နေသည့် တိုက်ခန်းပိုင်ရှင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရလို့ Chen Ge ၏လည်ကုတ်မွှေးများ ထောင်ထသွားသလို ခံစားလိုက်ရသည်။ ဒီလူ သူ့တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်နေတာ ဘယ်လောက်ကြာပြီဆိုတာ ဘုရားမှသိနိုင်လိမ့်မည်။

Chen Ge က တံခါးကို တစ်ဝက်ပဲဖွင့်လိုက်ပြီး ကြောင်ပြီးကြည့်နေမိသည်။ Chen Ge ခုလို ရုတ်တရက် တံခါးဖွင့်လိုက်မည်ဟု ထိုလူကလည်း ထင်မထားမိပေ။

တံခါးတစ်ဖက်တစ်ချက်မှာရပ်ပြီး လူနှစ်ယောက်က ကြောင်ကြည့်နေကြသည်။

"အိမ်ပိုင်ရှင်.. ဘာကြောင့် ကျွန်တော့်အခန်းအပြင်မှာ ရပ်နေတာလဲ.."

Chen Ge က စတင်မေးလိုက်သည်။ ဒီလူနဲ့နေတာ ကြာလာလေ ဒီလူက တကယ်မလွယ်ဘူးဆိုတာ ပိုသိလာလေဖြစ်သည်။

"မင်း ခုနက ရေငတ်တယ်လို့ ပြောတယ်မလား.. ဒါကြောင့် ငါ ရေလာပေးတာ.."

ထိုလူက ရေနွေးထည့်ထားသည့်ပုလင်းကို ကမ်းပေးရင်း ပြောလိုက်သည်။ သူ့အမူအယာက ပုံမှန်နှင့် လုံးဝမတူပေ။

"ကျေးဇူးတင်ပါတယ်.."

Chen Ge က စိတ်ရှုပ်နေတာကို မဖော်ပြဘဲ ပုလင်းကိုလှမ်းယူပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"တခြား ဘာရှိသေးလဲခင်ဗျ.."

"စောစောနားပါ.. ကော်ရစ်တာက မီးမဖွင့်ထားလို့ ညမှာ မှောင်မည်းနေတယ်.. ဒါကြောင့် မင်း နေဝင်ပြီဆိုတာနဲ့ အခန်းထဲကနေ ဘယ်မှမထွက်တာ ပိုကောင်းလိမ့်မယ်.."

Chen Ge က တံခါးပိတ်ပြီး သက်ပြင်းချလိုက်သည်။ တိုက်ခန်းပိုင်ရှင်က ဒေါသထွက်လွယ်ပြီး လူမှုရေးအားနည်းတယ်။ ဒီလူက ခြေထောက်မသန်စွမ်းရုံနဲ့ သူက စိတ်မကျန်းမာဘူးလို့တော့ ပြောလို့မရဘူး။ ဒီခြေထောက်မသန်တဲ့လူလောက်ကတော့ သူ တစ်ချက်တည်းနဲ့ မြေပေါ် လှဲသိပ်လိုက်နိုင်သည်။

Chen Ge က သဲလွန်စရှာတဲ့နေရာမှာ တော်တဲ့လူမဟုတ်ပေမယ့် သူကြည့်ခဲ့ဖူးတဲ့ လူသတ်ကားတွေအရ ဒီမှာရှိတဲ့အချက်အလက်တွေကို စုစည်းပြီး ကောက်ချက်ချကြည့်လို့ရသည်။

ဒီလူက ငယ်စဉ်ကတည်းက ခြေထောက်မသန်စွမ်းဘဲ ထော့နဲ့နဲ့ဖြစ်နေတာဆိုရင် ငယ်စဉ်ကလေးဘဝကတည်းက နှိမ်ချလှောင်ပြောင်ခံရလို့ သူ့ရဲ့ဖြူစင်တဲ့စိတ်က ပြိုပျက်သွားနိုင်သည်။ ဒါဆို သူက လူတွေကိုမုန်းတီးနေတဲ့ စိတ္တဇသမားတစ်ယောက်လည်း ဖြစ်လာနိုင်သည်။

Fuck..

ဒါဆို သူက လူသတ်သမားအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ လူတစ်ယောက်ပဲ။ Chen Ge က ရေပုလင်းကို ဘေးကိုတွန်းပို့လိုက်သည်။

ဒီလူသာ လူသတ်သမားဖြစ်နေမယ်ဆိုရင် သူက လူသတ်သမားနဲ့ တစ်ညလုံးနေရဖို့ သေချာနေလေပြီ။ Chen Ge ရဲ့အရေပြားပေါ်မှာ ကြက်သီးတွေ ထောင်ထသွားခဲ့သည်။

ဒီလူက တိုက်ခန်းပိုင်ရှင်ဖြစ်နေသောကြောင့် သူ့လက်ထဲမှာ အခန်းတိုင်းရဲ့သော့တွေ အကုန်ရှိထားပြီး ညအခါ သူ့အခန်းထဲကို သော့ဖွင့်ပြီး အလွယ်တကူ ဝင်လာနိုင်သည့် အဓိပ္ပါယ်ဖြစ်သည်။

====================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now