
Start from the beginning
                                    

Chapter (9) – ထိတ်လန့်မျက်ရည်တို့ ယိုစီးချိန်

"စီနီယာ.. ဘယ်လိုလုပ်ပြီး ဒီစက္ကူရုပ်တုတွေက ကျွန်တော်တို့ကို လိုက်ကြည့်နေတယ်လို့ ခံစားနေရတာပါလိမ့်.."

He San က သစ်သားတံခါးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အခန်းထဲဝင်ဖို့ တွန့်ဆုတ်နေသည်။

"ကျွန်တော် နောက်နေတာမဟုတ်ဘူး.. အဲ့ဒါတွေက တစ်ခုခုတော့ဖြစ်နေပြီ.. အဲ့ဒီထဲမှာ လူတွေဝင်နေပြီး ဒီလိုဝတ်စားပြီး ခြောက်လှန့်နေတာဖြစ်နိုင်လား.. Fuck.. ခဏနေရင် သူတို့တွေ လှုပ်ရှားလာတော့မယ်လို့ ခံစားနေရတယ်ဗျ.."

ဒီစက္ကူအရုပ်များက Chen Ge ၏ အလောင်းမိတ်ကပ်ပညာကိုသုံးပြီး လိမ်းခြယ်ထားပေးသဖြင့် ဒီအရုပ်တွေက အရာဝတ္ထုပစ္စည်းဖြစ်ပေမယ့် အသက်ရှိနေသလို ထင်နေရသည်။

Gao Ru Xue က He San ကို ဒေါသနှင့်လှမ်းကြည့်လိုက်မိသည်။ ဒီနေ့မှ သူ ဘာကြောင့် ဒီကောင့်ကိုခေါ်လာမိသလဲဆိုတာ ပြန်စဉ်းစားနေမိသည်။ ကြောက်စိတ်ဆိုတာ ကူးစက်တတ်သည်။ ပထမ သူမ မကြောက်ပေမယ့် သူ့ကြောင့် သူမလည်း ကြောက်သလိုခံစားလာရသည်။

"မင်းစိတ်ထဲကထင်တာကို ကိုယ့်ဘာသာ သိမ်းထားလို့မရဘူးလား.. တကယ်လို့ ဒီလိုမြင်မြင်သမျှ လျှောက်ကြည့်ပြီး ပြောဆိုနေမယ်ဆိုရင် နင့်ကို ငါ ဒီနေရာမှာ ချန်ထားပစ်လိုက်တော့မယ်.."

သူမက အခန်းကို သေချာအကဲခတ်ပြီး ခြေချလိုက်သည်။ အိမ်မကြီးထဲက ပြတင်းပေါက်များက အလှတပ်ဆင်ထားတာဖြစ်ပြီး တကယ်ဖွင့်လို့မရပေ။

"စီနီယာ.. ဒီအဆောက်အဦးထဲက ထွက်ရအောင်ပါ.. ဒီနေရာက ယင်စွမ်းအင်တွေ အရမ်းသိပ်သည်းပြီး နေရာတစ်ခုလုံးက စည်းနဲ့ချိတ်ပိတ်ထားတယ်.. ဒီမှာ သေချာပေါက် ထွက်ပေါက်မရှိပါဘူး.."

"ဒီသရဲအိမ်ပိုင်ရှင်က လူတွေရဲ့စိတ်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကောင်းကောင်းသိထားပြီး တွက်ချက်နိုင်တဲ့ ဆရာတစ်ယောက်ပဲ.. ဒါကြောင့် ငါတို့သာမန်လူတွေ စဉ်းစားပြီးလုပ်တာနဲ့ ပြောင်းပြန်လုပ်ကြည့်ရအောင်.. ထွက်ပေါက်ကို ဖုံးကွယ်ထားပုံမရတဲ့ ဒီလိုနေရာမျိုးက ငါတို့ သေသေချာချာ စစ်ဆေးကြည့်ရမယ့်နေရာပဲ.."

Gao Ru Xue က အခန်းထဲလှည့်ပတ်ပြီး လျှောက်ကြည့်လိုက်တော့ သူမသွားလာတဲ့အရှိန်ကြောင့် ကြမ်းပြင်ပေါ် စက္ကူရုပ်တွေလဲကျသွားစေပြီး ပုံမှန်မဟုတ်တဲ့ အစင်းကြောင်းတွေ ထွက်ပေါ်လာစေသည်။

He San ရဲ့နှလုံးသားက လည်ချောင်းဝမှာလာပြီး တစ်ဆို့နေသလို ခံစားလိုက်ရသည်။ သူက တံခါးအပြင်တွင် ရပ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် ဒီအခန်းထဲမှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး.. အစ်မလည်း နေရာတိုင်းကြည့်နေတာပဲ.. ထွက်ပေါက်က ဘယ်နေရာမှာ ဝှက်ထားနိုင်မှာလဲ.."

"ဖုံးကွယ်ထားစရာနေရာမရှိဘူးလို့ ဘယ်သူကပြောတာလဲ.."

သူမက အခန်းအလယ်တည့်တည့်က အနီရောင်ခေါင်းတလားရှေ့မှာ ရပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို လာကူစမ်းပါ.. ငါတို့ ဒီခေါင်းတလားကို ဖွင့်ကြည့်ကြမယ်.."

"ဒီဟာကို ဖွင့်မယ်.."

He San ရဲ့ ဖြူရော်နေသည့် နှုတ်ခမ်းများက တုန်ယင်သွားသည်။

"ဒီဟာက အရိုအသေတန်ရာ မရောက်ဘူးလား.."

"နင့်ဘဝတစ်ခုလုံးကို ဒီသရဲအိမ်မှာပိတ်မိပြီး အချိန်ကုန်သွားချင်လို့လား.."

Gao Ru Xue ရဲ့ အဆက်မပြတ်တိုက်တွန်းမှုကြောင့် He San က အခန်းထဲကို တရွေ့ရွေ့ဝင်လာခဲ့သည်။ သူက စက္ကူလူရုပ်တွေနဲ့ ဝေးရာမှာနေပြီး ခေါင်းတလားရဲ့နှုတ်ခမ်းသားတစ်ဖက်မှာ ဆုပ်ကိုင်လိုက်သည်။

"သုံးထိရေပြီးရင် တွန်းမယ်.."

"အိုကေ.."

"one.. two.."

Gao Ru Xue က ရေတွက်လို့မပြီးခင် အခန်းထဲက 'ဒုန်း' ခနဲ အသံအကျယ်ကြီး ကြားလိုက်ရသည်။

"အဲ့တာ ဘာလဲ.."

He San ရဲ့ဝိညာဉ်က သူ့ကိုယ်ထဲက ခုန်ထွက်သွားပြီလားဟု ထင်လိုက်ရသည်။

"ရှူး.."

Gao Ru Xue က လက်ညှိုးကို နှုတ်ခမ်းတွင်ထိကပ်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အခန်းကိုဝေ့ဝဲကြည့်ကာ နောက်ဆုံး အနီရောင်ခေါင်းတလားကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒီအသံက ဒီခေါင်းတလားထဲက လာတာလို့ထင်တယ်.."

သူမပြောတာကြားလိုက်တာနဲ့ He San ရဲ့မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး ခေါင်းတလားအဖုံးရဲ့ အစွန်တစ်ဖက်ကို ကိုင်ထားမိတဲ့လက်က သံပူပြားကိုကိုင်လိုက်မိသလို တဆတ်ဆတ် တုန်သွားတော့သည်။

"စီနီယာ.. ကျွန်တော် တောင်းပန်ပါတယ်.. ဒီနေရာမှာ ဘာမှမရှိပါဘူး.. ကျွန်တော်တို့ အခု ထွက်သွားကြတော့မလား.."

"စိတ်အေးအေးထားစမ်းပါ.. ဒီအသံက ငါတို့ ခေါင်းတလားကို ဖွင့်ဖို့ကြိုးစားတာနဲ့ ဒီလိုအသံထွက်လာအောင် လုပ်ထားတာ.. ဒါက ထူးဆန်းတယ်လို့ နင် မထင်ဘူးလား.."

"စီနီယာ.. ခေါင်းတလားက အသံထွက်နိုင်တယ်ဆိုတာ ငရဲပြည်ထက်တောင် ထူးဆန်းနေပြီ မဟုတ်လား.."

He San ရဲ့ကြောက်ရွံ့မှုက 'Black Friday' တီးလုံးသံကြောင့် ပိုပိုတိုးလာသဖြင့် ဒီတခဏ သူ တတ်နိုင်သလောက်မြန်မြန် ဒီနေရာက ထွက်သွားချင်တာပဲသိသည်။

"ဒီအကြောင်းကို စဉ်းစားကြည့်လိုက်.. ဒီလိုအသံထွက်စေတာ အကြောင်းအရင်း နှစ်ချက်ပဲရှိတယ်.. ပထမ.. ဒီမှာရှိတဲ့ဝန်ထမ်းက ခေါင်းတလားထဲပုန်းနေပြီး ငါတို့ကို ခြောက်လှန့်ဖို့ စောင့်နေတယ်..၊ ဒုတိယအချက်.. ခေါင်းတလားကို တွန်းဖွင့်ဖို့ကြိုးစားတာနဲ့ အသံမြည်စေတဲ့စက်ကို တပ်ဆင်ထားတယ်.. ဒီဟာက ဒီတစ္ဆေသတို့သမီး ခြောက်လှန့်တဲ့ပြကွက်မှာ လှုပ်ရှားနေတဲ့ အချက်တွေပဲဖြစ်မယ်.. ဒါကြောင့် ဒီခေါင်းတလားက အဓိကဖြစ်နိုင်တယ်.. တကယ်လို့ ငါတို့ ဒီနေရာက လွတ်မြောက်ချင်တယ်ဆိုရင် ဒီခေါင်းတလားကို ဖွင့်ကိုဖွင့်နိုင်မှရမယ်.."

Gao Ru Xue က ခေါင်းတလားအဖုံးကို ၂ကြိမ်တိတိပုတ်ပြပြီး ထပ်ပြောလိုက်သည်။

"တွန့်ဆုတ်မနေနဲ့.. ဆွဲဖွင့်လိုက်တော့.."

"အစ်မပြောနေတာက ဘာရယ်လို့ သေချာမသိပေမယ့် အသံထွက်လာပုံက ယုတ္တိရှိတယ်.."

He San နဲ့ Gao Ru Xue က တစ်ပြိုင်တည်း ခေါင်းတလားအဖုံးကို မ,ပြီး ဘေးကိုရွှေ့လိုက်သည်။ ခေါင်းတလားအဖုံးက လေးပုံတစ်ပုံပဲ ရွေ့သွားချိန် ရှေးခေတ်ပုံစံ ခေါင်းတလားဆီက ရုတ်တရက် အသံကျယ်ကြီး ထပ်ပြီး ထွက်ပေါ်လာပြန်သည်။

ခေါင်းတလားထဲက စက္ကူလူရုပ်တွေနဲ့ စက္ကူပိုက်ဆံတွေက ခေါင်းတလားထဲကနေ အပြင်ကို လွင့်ထွက်လာပြီး အခန်းထဲ ထူးဆန်းသည့် မိန်းကလေးရယ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပင်မအဆောက်အဦးကြီး၏ တံခါးက သူ့ဘာသာပိတ်သွားတော့သည်။

"နောက်မကျခင် ထွက်ကြစို့.."

He San က တွန့်ဆုတ်ခြင်းမရှိဘဲ ဝင်ပေါက်နားသို့ လွှားခနဲပြေးထွက်သွားပြီး သူ့စီနီယာကို လုံးဝမေ့သွားတော့သည်။ သူက ခြေလှမ်းကျဲကြီးနှင့် တံခါးနားကိုပြေးလာစဉ် တံခါးရှေ့မရောက်ခင် သူ့ရှေ့ အမျိုးသမီးတစ်ဦး၏မျက်နှာ လေထဲပျံဝဲရောက်ရှိလာတာ တွေ့လိုက်ရသည်။

"Fuck.."

ရေခဲတိုက်ထဲမှ အလောင်းကောင်ကဲ့သို့ ဖြူဖပ်ဖြူရော်နှင့် အံ့အားသင့်စရာကောင်းအောင် လှပသည့် မျက်နှာကို တွေ့လိုက်ရတော့ He San က ရုတ်တရက် သူ့လက်တွေဆန့်တန်းလိုက်ပြီး ဒီမျက်နှာကို တွန်းထုတ်လိုက်မိတော့သည်။

ဒါပေမယ့် ဒီမျက်နှာပိုင်ရှင်က သူ ဒီလိုတုံ့ပြန်မည်ကို သိသည့်ဟန်ဖြင့် အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

"သရဲ.. ကယ်ကြပါ.."

He San က ကြမ်းပြင်ပေါ် လဲကျသွားပြီး တွားသွားတစ်ဝက်၊ ပြေးတာတစ်ဝက်နှင့် အခန်းထဲ ခြေဦးတည့်ရာ ပြေးသွားလိုက်သည်။

"He San.. ခြေဦးတည့်ရာ လျှောက်ပြေးမနေနဲ့.."

Gao Ru Xue က အသံကုန်အော်ဟစ်လိုက်သည်။ ဘာကြောင့်လဲဆိုတော့ He San ပြေးပုန်းဖို့လုပ်နေတဲ့ အဆောက်အဦးနောက် အနီရောင်အရိပ်တစ်ခု လိုက်ပါသွားတာကို တွေ့လိုက်သောကြောင့်ဖြစ်သည်။

"ဘေးဘက်အိမ်ဆောင်တွေက သားနဲ့သမီးအတွက်ပဲ.. ဒါက မကောင်းဘူး.. He San ထွက်သွားတဲ့နေရာတွေက သရဲမ အသက်ရှိစဉ်အခါက နေထိုင်ခဲ့တဲ့နေရာတွေပဲ.."

Gao Ru Xue က အပြင်ကို အလောတကြီးထွက်လိုက်ပေမယ့် တံခါးက တကယ်သော့ခတ်လျက်သား ပိတ်ထားသည်ကို တွေ့လိုက်ရသည်။

သူမက သစ်သားတံခါးကို တဒုန်းဒုန်းထုကာ ကျိန်ဆဲလိုက်သည်။

"လူတွေကိုခွဲထုတ်ပြီး လိုသလို ထိန်းချုပ်တဲ့နည်းလား.. ဒီဟာက သရဲအိမ်ကို ဆွဲဆောင်မှုရှိအောင် လုပ်ရုံပဲမဟုတ်ဘူးလား.. တကယ်ကြီး ကြောက်လန့်အောင် လုပ်စရာလိုလို့လား.."

ခေါင်းတလားက တစ်စစီကျိုးပဲ့ပြီး အခန်းထဲကကြမ်းပြင်ပေါ်မှာ စက္ကူရုပ်တွေ ပြန့်ကျဲလို့နေသည်။ Gao Ru Xue က ထောင်ချောက်ထဲပိတ်မိနေပြီဖြစ်လို့ သူမစုစည်းထားတဲ့ သတ္တိတွေ ပျောက်ဆုံးသွားပြီး တံခါးကို ကန်ကျောက်တွန်းဖွင့်လို့ ခဏနေတော့ တံခါးပွင့်သွားခဲ့သည်။

ဒါပေမယ့် မိနစ်ပိုင်းအတွင်း အဓိကအိမ်မကြီးထဲက ပြောင်းလဲသွားသလိုပင်။

"Xiao San.. He San.."

Gao Ru Xue က နှစ်ခါတိတိ အကျယ်ကြီးအော်ခေါ်လိုက်ပေမယ့် ထူးသံမကြားရပေ။ စိတ်လှုပ်ရှားဖွယ် နောက်ခံတေးဂီတသံနှင့် ငွေစက္ကူတွေ တဖျပ်ဖျပ်မြည်နေသံက သူမခေါ်သံကို တုံ့ပြန်နေသလို ထွက်ပေါ်လာသည်။

ဘာတွေဖြစ်နေတာလဲ..။ သရဲအိမ်က ကြီးတယ်ဆိုပေမယ့် He San က သူမခေါ်သံကို မကြားရတာတော့ မဖြစ်နိုင်ပေ။ သူ မတော်တဆ တစ်ခုခုဖြစ်သွားခဲ့လို့လား။ ရှင်းပြလို့မရတဲ့ ရာဇဝတ်မှုအကြောင်းအရင်းတွေနဲ့ Gao Ru Xue က ကြောက်ရွံ့ဖွယ်မြင်ကွင်းတွေကို စိတ်ထဲ စတင်မြင်ယောင်လာတော့သည်။

သူမက အစောပိုင်းက စမ်းပြီးသွားခဲ့တဲ့ ကော်ရစ်ဒါကို စမ်းလာကြည့်ပြီးနောက် အိမ်ရဲ့ အနောက်ဆောင်ဘက်ကို သွားတဲ့လမ်းကို မှတ်မိသွားသည်။ အစောပိုင်းက Xiao San က ဒီလမ်းကြောင်းအတိုင်း ဦးတည်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။

သစ်သားတံခါးက ပွင့်ဟနေသောကြောင့် ကြမ်းပြင်ပေါ်တွင် အခမ်းအနားနဲ့ပတ်သက်ပြီး စက္ကူပေါ်ရေးသားထားသည့် စာရွက်များ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ Gao Ru Xue က အခန်းထဲကိုဝင်လိုက်တော့ အခန်းက အသစ်စက်စက် အလှဆင်ထားသည့် အခန်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒါပေမယ့် မင်္ဂလာရှိသည့်အနီရောင်ကို သုံးကာ ဆင်ယင်ရမည့်အစား တစ်ခန်းလုံး အဖြူရောင်ဖြင့် ပြင်ဆင်ထားသည်။ ဒီလိုအရောင်က တရုတ်အသုဘများတွင် အသုံးပြုသည့် အရောင်ဖြစ်ပြီး လူရဲ့စိတ်ကို မသက်မသာနှင့် ကြောက်ရွံ့လာစေသည်။

သူက ဘယ်ကိုထွက်ပြေးသွားတာလဲ..။ အခန်းထဲမှာလည်း လေတိုက်ခတ်မှုမရှိဘဲ ငြိမ်သက်နေသည်။ အပြင်ဘက်မှထွန်းထားသည့် အဖြူရောင်မီးပုံးမှ အလင်းတစ်ခုပဲ အခန်းထဲကို အလင်းပေးနေသည်။ Gao Ru Xue က သူမနောက်မှ လေအေးတစ်ချက် တိုးဝှေ့သွားသည်ကို ခံစားမိလိုက်သောကြောင့် ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။ လေထဲမှ မမြင်ရသောလက်များက သူမအရေပြားကို ပွတ်တိုက်နေသည့်နှယ် အေးခနဲ ခံစားလိုက်ရသည်။

သူမခြေထောက်အောက်မှ စက္ကူစတို့ တဖျပ်ဖျပ်လှုပ်ခါနေပြီး သူမက ဘာရယ်မသိသော တစ်စုံတစ်ခုကို ကန်လိုက်မိသည်။ အခန်းက မှောင်နေသောကြောင့် သူမ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

Gao Ru Xue က အခန်းထဲကလိုက်ကာကို ဆွဲဖယ်လိုက်ပြီး အခန်းထဲ အလင်းရောင်ဝင်အောင် လုပ်လိုက်သည်။ ဒီအခန်းလည်း အခြားအခန်းကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေပြီး ခြင်ထောင်ချထားသည့် အိပ်ယာတစ်ခုနှင့် မျက်နှာချင်းဆိုင်နံရံဘက်မှာ ချိတ်ထားသည့် မှန်တစ်ချပ်ကို တွေ့လိုက်ရသည်။

He San ဒီအခန်းထဲပြေးဝင်သွားတာ ငါ့မျက်လုံးနဲ့ သေချာတွေ့လိုက်ရပါတယ်..။ ၁မိနစ် ၂မိနစ်အတွင်း သူက ဘယ်ကိုပျောက်သွားတာလဲ..။ ဒီအခန်းက ထွက်ပေါက်မရှိဘူးဆိုရင် He San က ပျောက်သွားမှာမဟုတ်ဘူး။
Gao Ru Xue က အသက်ပြင်းပြင်းရှူလိုက်ပြီး အခန်းထဲကို အနီးကပ်စစ်ဆေးဖို့ ရှေ့တစ်လှမ်းတိုးလိုက်ချိန် သူမ၏နောက်က ဒုတိယခြေသံတစ်ခုကို ကြားလိုက်ရသည်။

"ငါ့နောက်က ဘယ်သူလဲ.."

သူမက နောက်ကိုလှည့်ကြည့်လိုက်ပေမယ့် နံရံကပ်မှန်ပေါ်မှာ အရိပ်ထင်နေသည့် သူမပုံရိပ်ကိုပဲ တွေ့လိုက်ရသည်။
===================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now