Chapter Seventeen - သူ ပြန်လာပြီ

161 26 0
                                    

Zawgyi

---------------

Chapter Seventeen – He's Back ( သူပြန်လာပြီ)

ဘိန်းခန်းနားမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုက တစ်ပတ်ခန့် ကြာသွားလေပြီ။ ဒိုရီယန်က ဆယ်လ်ဘီရှိ သူ့အိမ်မှာ ဧည့်သည်အချို့ကို ဧည့်ခံနေ၏။ လော့ဒ်ဟင်နရီလည်း ရှိနေသည်။ အခါတိုင်း ကဲ့သို့ပင် သူ့အနီးနားတဝိုက်ရှိ လူများကို လေ့လာ အကဲခတ်နေလေ၏။ ဒိုရီယန်နဲ့ မွန်မောက် မြို့စားကတော်တို့ စကားလက်ဆုံ ကျနေသည်ကို သူသတိပြုမိလိုက်သည်။ ထိုစကားဝိုင်းထဲ သူလည်း ဝင်ပါဖို့ ဆုံးဖြတ်လိုက်၏။ မကြာမီ သူတို့ ပြောနေကြတဲ့ အကြောင်းက အချစ်ဘက်သို့ ဦးတည်သွားလေသည်။ လော့ဒ်ဟင်နရီက ပုံမှန်လိုပင် သည်စိတ်ခံစားချက်တွေ အကြောင်းကို သူ့ရဲ့ အပြစ်မြင်တဲ့ ရှုထောင့်မှ အမြင်တွေကို ပြောလာလေ၏။

ဒိုရီယန်က သူ့ရဲ့ ထင်မြင်ချက်တွေအတိုင်း အတူတူပင် သံယောင်လိုက်နေ၏။

"မြို့စားကတော်၊ ကျတော်က ဟယ်ရီပြောတာ အမြဲ သဘောတူတယ်ဗျ"

" သူပြောတာ မှားနေရင်တောင်မှလား" မြို့စားကတော်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

" ဟယ်ရီက ဘယ်တော့မှ မမှားဘူး " ဒိုရီယန်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလေ၏။

"ဒီတော့ ၊ သူ့ရဲ့ အတွေးအခေါ် ၊ အယူအဆတွေက မင်းဘဝကို နေပျော်အောင် လုပ်ပေးလို့လား"

" ကျတော်က ပျော်ရွှင်မှုဆိုတာကို ဘယ်တုန်းကမှ မရှာပါဘူး မြို့စားကတော်ကြီးရယ်၊ ကျတော် ရှာနေတာက သာယာငြိမ်းချမ်းမှုကိုပါ။ နောက်ပြီး.. ကျတော် အဲ့ဒါကို အကြိမ်ပေါင်းများစွာ ရှာတွေ့ခဲ့ပြီးပြီ" ဒိုရီယန်က လျှို့ဝှက်တဲ့ အပြုံးလေးနဲ့ တုံ့ပြန်ပြောလာ၏။

မြို့စားကတော်က ညနေပွဲအတွက် အဝတ်ပြန်လဲရဦးမည် ဖြစ်တာကြောင့် သူမ ပြန်တော့မည် ဟု ကြေငြာလိုက်သည်။ ဒိုရီယန်က သူမအတွက် ပန်းခူးပေးလိုက်မည် ဖြစ်ကြောင်း ကမ်းလှမ်းလိုက်သည်။ ဒိုရီယန်ထွက်သွား လိုက်သည့် အချိန်တွင် လော့ဒ်ဟင်နရီက မြို့စားကတော်ကို ဒိုရီယန်နဲ့ ကလူကျီစယ်နေကြတာလားဟု နောက်ပြောင် ပြောဆိုနေလေ၏။ သူက ဒီကောင်လေးမှာ သူ့ကို အားကျ၊ ချစ်မြတ်နိုးနေတဲ့သူတွေ အများကြီးပဲ ဟုလည်း ထပ်ပြောလိုက်သေးသည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now