Chapter Five - ဆစ်ဗယ်ဗိန်း

223 25 0
                                    

Zawgyi

--------------------


Chapter Five – Sibyl Vane (ဆစ်ဘယ်ဗိန်း)

"မေမေ...မေမေ၊ ကျမတော့ အရမ်းပျော်တာပဲ" ဆစ်ဘယ်က သူ့မျက်နှာကို ပေါင်ပေါ်အပ်ထားကာ ပင်ပန်းနေပုံရသော အမျိုးသမီးထံ တီးတိုးပြောလေသည်။

Mrs Vane ကတော့ မျက်နှာတချက်ရှုံလိုက်ရင်း "ပျော်တယ်...! အမေကသာပျော်ရမှာပါ။ ဆစ်ဘယ်.. သမီး သရုပ်ဆောင်နေတာကို မြင်ရလို့လေ။ သမီးက သရုပ်ဆောင်ဖို့ကလွဲပြီး တခြား ဘာမှ မတွေးရဘူးနော်။ မစ်စတာ အီဆတ် က တို့အပေါ်ကောင်းလွန်းပါတယ်ကွယ်။ တို့တွေ သူ့ကို အကြွေးလည်း တင်နေသေးတယ်လေ။ "

ဆစ်ဘယ် က ငိုညည်းသံလေးနဲ့ ပြောလေသည်။

"ငွေက ဘာအရေးပါလို့လဲ။ အချစ်က ငွေထက် ပိုအရေးကြီးတာကို "

" မစ်စတာအီဆတ်က တို့တွေကို ဂျိမ်းစ် အတွက် ဝတ်စုံကောင်းကောင်းဝယ်ဖို့ ပေါင်ငွေ ငါးဆယ်တောင် ကြိုပေးထားတာလေ။ သမီး အဲ့ဒါကို မမေ့သင့်ဘူးနော်။ ပေါင်ငွေငါးဆယ်ဆိုတာ နည်းတဲ့ငွေ မဟုတ်ဘူး။ မစ်စတာအီဆတ်က အများကြီး ထောက်ထားညှာတာပေးထားတာ။ "

"သူက လူကြီးလူကောင်းတစ်ယောက် မဟုတ်ပါဘူး မေမေ။ သူ ကျမကို စကားပြောတဲ့ ပုံစံကို အရမ်းမုန်းတာပဲ။" မိန်းကလေးက ပြတင်းပေါက်ဘက် ခြေဦးလှည့်ရင်းပြောလေ၏။

"သူသာမရှိရင် မေမေတို့တော့ ဘယ်လို စီစဉ်ရမှန်းတောင် မသိပါဘူးအေ။" အမျိုးသမီးကြီးက ငြီးငြူလေသည်။

ဆစ်ဘယ်ဗိန်းက ခေါင်းကို မော့ရင်း ရယ်လိုက်သည်။ "ကျမတို့ သူ့ကို ထပ်မလိုတော့ပါဘူး မေမေရဲ့။ မင်းသားချောလေးက အခု ကျမတို့ဘဝအတွက် အုပ်စိုးတော့မှာ။ ကျမ သူ့ကို ချစ်တယ်။" သူမက ရိုးရိုးရှင်းရှင်းပဲ ပြောလေ၏။

"မိုက်လိုက်တဲ့ကလေးမ၊ မိုက်လိုက်တဲ့ကလေးမလေး။ " မိခင်ဖြစ်သူက ငိုတော့သည်။

"ညည်းက ချစ်ဖို့ အရမ်းငယ်ပါသေးတယ်ကွယ်။ ဒါ့အပြင် သူ့အကြောင်း ဘာမှလည်း မသိသေးဘူး။ ဒါက အရမ်း မိုက်မဲတာပဲပေါ့။ ညည်းရဲ့အစ်ကိုက သြစတျေးလျကို သွားရတော့မှာ။ အဲ့ဒါကိုလည်း အများကြီး ထည့်စဉ်းစားဦး။" မိခင်ဖြစ်သူက စိတ်ဆိုးစွာ ပြောနေ၏။ သရုပ်ဆောင်မင်းသမီးကြီးရဲ့ မျက်နှာတွင် စိုးရိမ်ပူပန်နေပုံပေါ်နေ၏။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now