"အ..အလွန်ဆုံး ၅ နှစ်ပါ အရှင်"

ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ထဲမှာ အသက်ရှူသံသဲ့သဲ့ကိုတောင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားတယ်။

အတန်ကြာတော့မှ စုတ်တံပစ်ချလိုက်တဲ့အသံ ထွက်လာပြီး။

"ဒီရက်ပိုင်း မောင်မင်းကို ဧကရီခေါ်တွေ့သေးလား?"

"တွေ့..တွေ့ပါတယ်.. နှစ်ရက်ဆက်တိုက် ခေါ်တွေ့တာပါအရှင်"

"အင်း"

ဝမ်ရိပေါ်က နေရာကနေထပြီး၊ ရေးထားတဲ့စာရွက်ကို ဘေးမှချထားလိုက်တယ်။

"ဘာပြောရမလဲဆိုတာ မောင်မင်းသိတယ်မလား?"

"ကျွန်တော်မျိုး ရှင်းရှင်းလင်းလင်းသိကြောင်းပါ အရှင်"

"နောက်တစ်ခု.. ဟိုတစ်ခါ ဧကရီအတွက်လုပ်ပေးထားတဲ့ ခြေထောက်ဆေးပတ်တီးက အဆင်ပြေတယ်.. အခုသုံးနေတာ ကုန်သလောက်ရှိနေပြီ.. မြန်မြန်အသစ်ထပ်လုပ်ပြီး ပို့လိုက် ကြားလား"

အသစ်တက်တဲ့ဧကရာဇ်က နန်းတက်ပြီးပြီးချင်း သူ့ဧကရီရဲ့ခြေထောက်ဒဏ်အဟောင်းကို ပျောက်ကင်းအောင် ကုသပေးနိုင်မဲ့သမားတော်ကို တိုင်းပြည်အနှံ့ ကြေညာမောင်းခတ်ပြီး ရှာဖွေခဲ့တယ်ဆိုတာ လူတိုင်းသိကြတယ်၊ နောက်တော့ ကျေးလက်မှာနေထိုင်တဲ့ သမားအိုတစ်ယောက်က ထူးခြားတဲ့မြေစေးကို ပတ်တီးမှာမံပြီး ကပ်ဖို့ဆေးနည်း ထုတ်ပေးလာတယ်၊ ဒီဆေးနည်းက ဧကရီနဲ့ အတော်လေးအဆင်ပြေတဲ့အတွက် ဧကရာဇ်က သမားအိုကြီးကို ရွှေစင်ထောင်ပေါင်းများစွာ ဆုတော်ငွေ ချီးမြှင့်ခဲ့တယ်။

"နာခံလျက်ပါအရှင်"

တော်ဝင်သမားတော်ပြန်ထွက်သွားတာနဲ့ ဝမ်ရိပေါ်က တင်းတောင့်နေတဲ့ လည်ပင်းကုပ်ပိုးကို ဘယ်ညာချိုးကာ အညောင်းအညာဖြေလိုက်ပြီး။

"တော်ဝင်ဥယျာဉ်တော်ကို သွားမယ်"

ဝမ်ရိပေါ်ရဲ့အပါးတော်မြဲက ဧကရာဇ်ဘယ်ကိုသွားချင်တယ်ဆိုတာသိနေတာမို့ လျှောက်တင်လာတယ်။

"ဒီနေ့ ဧကရီအရှင် ဥယျာဉ်တော်ကို မသွားပါဘူး အရှင်.. မယ်တော်ကြီး မြောက်ပိုင်းကနေ ကြွရောက်လာတာကြောင့် ကြိုဆိုဖို့ အစောတည်းက ထွက်သွားတာပါ"

He Dufo [何渡佛] •COMPLETED•Tahanan ng mga kuwento. Tumuklas ngayon