ထိုအခါမှသာ ရဲ့လင်းချန် ထလာပြီး အနားသို့ လျှောက်လာသည်။

"သခင်လေးရဲ့၊ နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ"

ဝမ်ယွီက သူ့အား အားအင်မရှိစွာ ကြည့်လာပြီး သူမပုံစံက အပြစ်လုပ်ထားမိသည့် ကလေးတစ်ယောက်နှင့် တူနေ၏။ သူမ ကြံရာမရ ဖြစ်နေသည့်ပုံပင်။

တစ်ဖက်တွင်မူ ဟူရီဖေးက လျှာလေးထုတ်၍ ငြိမ်နေသည်။

"မင်းတို့အားလုံးလည်း ခံစားမိတယ် မဟုတ်လား၊ ဒီစကားစမြည် ပြောနေတာက အရမ်း နေရခက်နေပြီးတော့ ဟန်လုပ် ပြုံးဖို့တောင် ခက်နေတယ်လို့ မထင်ဘူးလား"

ရဲ့လင်းချန်က အေးအေးလူလ မေးလိုက်သည်။

"အာ ... ဟုတ်တယ်၊ နည်းနည်းပေါ့"

ဟူရီဖေး ခေါင်းညိတ်လိုက်သည်။ သူမသည် မိန်ကျားက လျှို့ဝှက်ချက်တစ်ခု မျှဝေလာသည်ကို နားထောင်ရမည် ဖြစ်သည်။ သို့သော် ဇာတ်ညွှန်းကို သိထားသဖြင့် သူမက လျှို့ဝှက်ချက်က ဘာလဲ သိနေ၏။ သင့်လျော်သော အမူအရာတစ်ခု ဖန်တီးရန် တကယ် အခက်တွေ့နေ၏။

"သခင်လေးရဲ့ ပြုံးရလွန်းလို့ ကျွန်တော့်မျက်နှာ တောင့်နေပြီ"

လုရှောင်ပုက သူ့ပါးကို ပွတ်၍ ညည်းညူလိုက်သည်။

"မင်း ဘာသင်ယူလိုက်ရလဲ"

လုရှောင်ပုက တစ်ခဏမျှ စဉ်းစားလေသည်။

"ပင်ပန်းတာကိုရော ထည့်တွက်လို့ရလား"

ရဲ့လင်းချန်က ခေါင်းခါ၍ ညင်သာစွာ ပြောလိုက်သည်။

"ခုနက အခန်းမှာ မင်းတို့ အပြုံး ခြောက်မျိုး လုပ်ဖို့ လိုအပ်တယ်"

"အပြုံးခြောက်မျိုး ဟုတ်လား"

လူတိုင်း အံ့ဩသွားသည်။

*အဲ့လောက် အပြုံးအမျိုးအစား အများကြီး ရှိလို့လား*

"ဟုတ်တယ်၊ ဒါပေမဲ့ အစကနေ အဆုံးအထိ မင်းတို့ အပြုံးတစ်မျိုးတည်းကိုပဲ ပြခဲ့တယ်၊ အဲ့ဒါက အဲ့တစ်ခန်းလုံးကို အရမ်း တောင့်သွားစေပြီးတော့ အတင်း လုပ်ယူနေရသလို ဖြစ်သွားစေတယ်"

သူ တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။

"ဥပမာ ပြောရရင်၊ မိန်ကျားနဲ့ ဟူရီဖေးက အတင်း ပြောနေတာ၊ ပြောတဲ့လူက ထူးဆန်းတဲ့ အပြုံးမျိုး ပြနေသင့် ပြီးတော့ နားထောင်တဲ့သူက မျှော်လင့်ချက်တွေ ပြည့်နေတဲ့ အပြုံးမျိုး ဖော်ပြသင့်တာ၊ သူ့လျှို့ဝှက်ချက်ကို ကြားတာနဲ့ အံ့ဩတဲ့ အပြုံးမျိုးကို ပြောင်းသွားသင့်တာ"

ကျုပ်က ပါရမီရှင် (Chapter 401-600)Место, где живут истории. Откройте их для себя