Rue စိတ်ပူမိတယ်။ သားလေးသာ အိမ်ထောင်ကျပြီမို့ ဒီမှာမနေတော့ဘူးလို့ပြောရင် ကိုယ်ပဲတစ်ချိန်လုံးစိတ်ပူနေရမှာ။ ကိုယ့်အမြင်မှာတော့ သားရော ရှိန်းနဲ့ရှိုင်းရောက ကလေးလေးတွေပဲ ရှိသေးတာ....

"ကဲကဲ အဲ့တာတွေနောက်မှပြောပါ...ဟိုဘက်က လူကြီးကိုလည်း မေးရဦးမယ်လေ....
လင်းသစ် မင်းရော ဘယ်လိုသဘောရလဲ..."

"ငါတော့ ဘာပြောရမှန်းကို မသိတော့ပါဘူး သူရိန်ရာ...အားလုံးက လွန်ပြီးပြီ...ဟူး....
လက်ထပ်ပေးဖို့ပဲ လုပ်ရမှာပေါ့....."

ဦးလင်းသစ် ရှေ့က နှစ်ယောက်ကို ကြည့်ပြီးခေါင်းခါမိတယ်။ ထိပ်တန်းလေးကလည်း လပြည့်ရဲ့ လက်ကို ဆုပ်ကိုင်ထားတာများ တင်းကျပ်လို့။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးက လွန်ပြီးပြီပဲ။ ထိပ်တန်းဆိုတာလဲ ကိုယ့်မျက်စိရှေ့တင် ကြီးလာတဲ့ ကလေးမို့ ထိုကလေးရဲ့ အကျင့်စရိုက် အားလုံးကို သူသိပြီးသားပဲ။

နည်းနည်းဆိုးပြီး ဂျစ်ကန်ကန်နိုင်တာကလွဲရင် အကျင့်စာရိတ္တပိုင်းကတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် သူစိုးရိမ်နေတာ တစ်ခုတော့ ရှိတယ်။

"ငါတစ်ခုတော့ မေးချင်တယ်..."

"မေး‌လေ လင်းသစ်..."

"ငါမင်းကိုမေးချင်တာ မဟုတ်ဘူး... ထိပ်တန်းကို မေးချင်တာ..."

"ဗျာ! ဟုတ်ကဲ့...မေးပါ..."

သူ့ကို မေးချင်တာ ဆိုတာနဲ့ ချက်ချင်းပြာပြာသလဲ ခေါင်းထောင်လာတဲ့ ကောင်လေးက အိမ်ထောင်တစ်ခုကို ဘယ်လို ဦးဆောင်မှာလဲ....

"လက်ထပ်ပြီးရင် ဘာလုပ်ဖို့ စိတ်ကူးလဲ...."

"ဗျာ! ဘာကိုပြောတာလဲ မသိဘူး...."

"ဖိုးဖိုးလင်း မေးချင်တာက ထိပ်တန်းက ခုမင်းအကိုလပြည့်ကို လက်ထပ်ပြီးပြီပဲ ထားပါတော့ မင်းသူ့ကို ဘယ်လို တာဝန်ယူမှာလဲ...
ကိုယ့်ကိုယ်ကို အိမ်ထောင်ဦးစီးကောင်း တစ်ယောက် ဖြစ်ပြီလို့ ထင်လား..."

"ကျွန်တော် အရင်ထဲက စီစဉ်ပြီးသားပါ။ ကျွန်တော့်ဘဘ ပေးထားတဲ့ club တစ်ခုလည်းရှိသလို အဲ့က ရတဲ့ အမြတ်တချို့နဲ့  ဆိုင်ကယ်နဲ့ ဆိုင်ကယ်ပစ္စည်းရောင်းချတဲ့ ဆိုင်ကိုလည်း စထားပြီးတာကြာပါပြီ။ ခု အဲ့တာကို တိုးချဲ့ပြီး စက်ရုံထောင်ဖို့ပဲ လိုတော့တာပါ...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now