20 - Xuejian flower

422 89 2
                                    

အပိုင်း ၂၀ ။  ။ ရွှယ်ကျန့်ပန်း


‘အာဇာနည် လူစွမ်းကောင်း’သည် ဂုဏ်သတင်းမွှေးလို့နေသည်၊ ဒီလို ခေတ်ကြီးထဲမှာတောင်မှ နာမည်ကြီးလို့နေပေ၏။

ထင်ပေါ်ကျော်ကြားမှုနှင့်အတူ ပရိတ်သတ်များစွာလည်း ရှိလို့နေပေသည်။ ချင်လော့လော့က နေ့တိုင်း ပိုက်ဆံရေနေရပြီး ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေလေသည်။ ချန်းယိုဝမ်က ဘဝင်ခိုက်လျက် ဒီဇာတ်ညွှန်းက ဘယ်လောက်ကောင်းကြောင်းကို လေလုံးထွား ကြွားဝါနေတော့သည်။ ဝုဖ်ဂိန်းက တိတ်ဆိတ်နေဆဲဖြစ်ပြီး သူသည် ယခုကဲ့သို့ ကျော်ကြားမှု အရှိန်အဟုန်ကို အခွင့်ကောင်းယူ၍ ဝင်ငွေနည်းနည်းပါးပါး ရရှိစေရန် အခြားသော ဖျော်ဖြေရေးခန်းမများကို ငှါးရန်းလိုက်သည်၊ ထို့အတူ ကာမအားတိုးဆေးအဆီကလည်း သုံးလစာ ဆက်၍ ကြော်ငြာထည့်သွင်းလာသည်။ ရှဖန်းကတော့ သူ၏ တစ်မူထူးခြားသည့် ဘဝမှာ နေထိုင်မြဲပင်ဖြစ်ကာ သရုပ်ဆောင်လိုက် ဘားတွင် ယောင်္ကျားများနှင့် တွေ့ဆုံလိုက်နှင့် ဘဝကို ဖြတ်သန်းနေသည်။ သူသည် ယခုအချိန်အထိ ပိုက်ဆံမရှိကြောင်း ညည်းတွားနေဆဲဖြစ်သော်လည်း လကုန်ရက်တွင် ပေးလာသည့် များပြားလှသော အပိုဆုကြေးများက သူ့ပါးစပ်ကို ပိတ်ပစ်လိုက်တော့သည်။

သက်ဝင်တက်ကြွနေပါသော ဖျော်ဖြေမှုနှင့်အတူ အမှောင်ထဲ၌ ရှိသော ရာနှင့်ချီသည့် ပရိတ်သတ်များစွာက စိတ်လေးဖွယ်ရာ မြင်ကွင်းပင်။

စင်ပေါ်တွင် ရှိနေစဉ်က ရှီယွမ်၏ ဖျော်ဖြေမှုများက ပုံမှန်ပင်ဖြစ်သော်လည်း သူ စင်ပေါ်မှ ဆင်းလာသည့်အခါတွင်တော့ သူ့အမြီးလေးက အကြောက်တရားကြောင့် ထုံးလို့နေပြီ။

လူသားများကို သူ အခုထိ ကြောက်နေဆဲပင်။

ရှီယွမ်သည် အစကတော့ အိမ်ကိုပြန်၍ လုထင်းဟန်ကို ပြန်ဖြည်ခိုင်းမည်ဟု တွေးခဲ့သော်ငြား သူ လူအုပ်ကြီးအနောက်မှလိုက်၍ ပြဇာတ်ရုံအပြင်ဘက်သို့ ထွက်ထွက်လာခြင်းမှာပဲ သူ့နာမည်ကို ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည် “ရှီယွမ်”

ရှီယွမ် သူ့ခေါင်းလေးကို လှည့်လိုက်ချိန်တွင် သူ့အနောက်မှာ ရှိနေသည့် လုထင်းဟန်ကို တွေ့လိုက်ရသည်၊ လုထင်းဟန်သည် ကိုယ်နှင့်ကွက်တိဖြစ်နေပါသော အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ လုထင်းဟန်သည် သူ၏ အင်္ကျီလက်များကို သေသပ်စွာ ခေါက်တင်ထားပြီး သူ့လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်လို့ထားလေသည်။ သူသည် ထင်ရှားသိသာစွာဖြင့် လူအုပ်ကြီး၏ကြားထဲ၌ မတ်တပ်ရပ်လို့နေပြီး အရပ်ရှည်ကာ အလွန်ချောမောလွန်း၍ လူအများက သူတို့၏ မျက်လုံးများကို လုထင်းဟန်ဆီမှ မခွါနိုင်ဖြစ်ကုန်ကြသည်။

ရှီယွမ်၏ မျက်ဝန်းလေးများက အရောင်တောက်လို့လာသည် : “ကျွန်တော်က ခင်ဗျားမှာ အချိန်မရှိဘူးလို့ ထင်ထားတာ!”

အရင်က လာရန် အချိန်မရှိသောကြောင့် ဤသည်က လုထင်းဟန်တစ်ယောက် ဖျော်ဖြေပွဲအပြည့်အစုံကို ကြည့်ရှုရသည့် ပထမဆုံးအကြိမ်ပင်ဖြစ်တော့သည်။

“ငါ့အလုပ်တွေက စောစောပြီးသွားလို့လေ ပြီးတော့ ငါရောက်လာတဲ့အချိန်မှာ မင်းက စင်ပေါ်မှာ ရောက်နေပြီ” လုထင်းဟန်မှ ပြောလိုက်သည်။

ရှီယွမ် : “ခင်ဗျား ကျွန်တော့်ကို ကြည့်ခဲ့လားဟင်?”

“အင်း” လုထင်းဟန်မှ ပြောလိုက်သည်။ “ဖျော်ဖြေသွားတာ ကောင်းတယ်” သူသည် ရှီယွမ်၏ ခေါင်းလေးကို ထိလိုက်ပြီး ကားပေါ်တက်ပြီးသည့်နောက် ရှီယွမ်၏ အမြီးထုံးလေးကို ကူဖြည်ပေးလိုက်သည်။

“ခင်ဗျားက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ” ရှီယွမ်က သူ၏ လူသားကို အကြိမ်ရေမီလီယံနှင့်ချီအောင်ကို မြှောက်ပင့်ပြောဆိုနေတော့သည်။

လုထင်းဟန်သည် ညင်ညင်သာသာလေး ရယ်လိုက်ပုံရသည်။

ပရိတ်သတ်များသည် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ဖြင့် သိပ်မဝေးသည့် လမ်းမပေါ်တွင် လမ်းလျှောက်နေရင်း ဇာတ်လမ်းဇာတ်ကွက်များအကြောင်းကို ပြောနေပြီး သူတို့အတွေးများက မဆုံးနိုင်အောင်ဖြစ်နေကြသည်။ လမ်းမီးများက ထွန်းလို့ထားပြီး အလင်းရောင်နှင့် အရိပ်များက ကားပြတင်းပေါက်အပြင်ဘက်မှ ရိပ်ခနဲရိပ်ခနဲဖြတ်သန်း၍ သူတို့နှစ်ယောက်အပေါ်သို့ ကျရောက်လို့နေသည်။ အလွန် ကောင်းမွန်သည့် နောက်ထပ် နေ့ရက်လေးတစ်ရက်ပင်၊ လုထင်းဟန်တွင် ရှားရှားပါးပါး အားလပ်ချိန်ရနေသည်ဖြစ်ရာ ရှီယွမ်၏ အမြီးလေးက ထပ်ပြီး ထုံးတော့မှာ မဟုတ်ပေ။ သူတို့က အိမ်ပြန်ခဲ့ကြပြီး ဒီညဘာစားရမလဲဟူ၍ သာမန်လူများကဲသို့ ပုံမှန်ဆန်စွာ ပြောဆိုနေကြသည်။

ဆောင်းရာသီ၏ ပထမဆုံးနေ့တွင်၊ ထရေစီက နေမကောင်းထပ်ဖြစ်၍ ရှီးဆွေ့ အမှတ် ၁ ဆေးရုံတွင် ဆေးရုံတင်လိုက်ရသည်။ ဝုဖ်ဂိန်းသည် သူမကို ဂရုတစိုက်ပြုစုပေးနေပြီး ဇာတ်အဖွဲ့သားများကလည်း အချိန်ရသည်နှင့် လာလည်ကြသည်။

သောကြာနေ့တွင် ရှီယွမ်သည်လည်း ချင်လော့လော့နှင့်အတူ အလုပ်ဆင်းတာနှင့် ဆေးရုံသို့ သွားခဲ့သည်။

ချင်လော့လော့သည် လက်တစ်ဆုပ်စာ ပန်းများကို ယူဆောင်လာပြီး စက္ကူဖြင့်ထုပ်ကာ ထရေစီကို လက်ဆောင်ပေးရန် ပြင်ဆင်ခဲ့သည်။

ရှီယွမ်သည် ပန်းများအကြောင်းကို မသိသော်လည်း ပန်းရောင်၊ အဖြူရောင်နှင့် ညက်ညက်ညောညော အဝါရောင်များက အတူရောနှောပြီး ပွင့်လန်းနေပုံကို မြင်သည့်အခါ သူ ထိုပန်းများက အရမ်းကို လှပသည်ဟု တွေးလိုက်မိသည်။
ရှီယွမ်က မေးမြန်းလိုက်သည် “ဒါလေးတွေက ဘာပန်းလေးတွေလဲဟင်?”

“ကြယ်ပန်း(Baby’s breath) နဲ့ ဟိုင်ယာဆင့်ပန်း(Hyacinth)လေ၊ ပန်းစကားအရဆို ‘ဂရုစိုက်ခြင်းနဲ့ လိုအင်ဆန္ဒ’ ပြီးတော့ ‘ပျော်ရွှင်မှုနဲ့ ချမ်းသာကြွယ်ဝခြင်း’ ဆိုပြီး အသီးသီး အဓိပ္ပါယ်ရတယ်” ချင်လော့လော့မှ ရှင်းပြလာသည်။
“အခုဆို ပန်းတွေက အရမ်းစျေးကြီးနေပြီ၊ ဒီပန်းတွေ ပွင့်တဲ့အချိန်က ဆောင်းရာသီမဟုတ်တော့ သူတို့ကို အခုနေဝယ်ရင် ပိုက်ဆံအရမ်းကုန်တယ်— ကြည့်ဦး ဒီကြယ်ပန်းတစ်ကိုင်းကို ၆ယွမ်ကျတယ်၊ ဒါတောင် လျှော့စျေးနဲ့ရလာခဲ့တာ”

ရှီယွမ်က ပန်းသေးသေးလေးများကို ကြည့်လိုက်ပြီး ပြောလိုက်သည် “တကယ်ကြီး စျေးကြီးတာပဲနော်”

“ဟုတ်တယ်မလား? စျေးကြီးပေမယ့်လည်း စျေးကွက်မရှိပါဘူးလေ။ လူချမ်းသာတွေကပဲ သူတို့ချစ်သူလေးတွေကို လက်ဆောင်ပေးဖို့ ဝယ်ကြတာ။ ကံကောင်းတာက ငါက ပန်းရောင်းတဲ့သူနဲ့ ကောင်းကောင်းသိနေတာပဲ၊ ဒါနဲ့ပဲ ငါ နည်းနည်း ဝယ်လိုက်နိုင်တာ”
ချင်လော့လော့မှ ထပ်ပြောလာပြန်သည် “ဒီအကြောင်းပြောခါမှ၊ အခုက ရွှယ်ကျန့်ပန်းတွေ ပွင့်မယ့်အချိန်ပဲ”

ရှီယွမ်က ရွှယ်ကျန့်ပန်းများအကြောင်းကို ကြားဖူးသည်။

ထို လှပရွှန်းစိုသော အဖြူရောင်ပန်းလေးများက ဆောင်းရာသီတွင်သာ ပွင့်လန်းသည်။ အအေးလွန်ကဲပြီး နှင်းအလွန်အကျွံကျဆင်းလေ ထိုပန်း၏ ရနံ့က မွှေးပျံ့လေ၊ တက်ကြွသွက်လက်စွာ ပွင့်လန်းလေဖြစ်သည်။ မဟာမိတ်စစ်တပ်က ထိုပန်းကို မဟာမိတ်စစ်တပ်ပန်းအဖြစ်သတ်မှတ်ခဲ့ပြီး အခက်အခဲများနှင့် အန္တရာယ်များကို မကြောက်မရွံ့ဘဲ ရှေ့သို့တက်လှမ်းမည်ဆိုသည့် အဓိပ္ပါယ်ရသည်။

နှစ်များစွာကြာအောင်၊ ရွှယ်ကျန့်ပန်းသည် ပန်းများအားလုံးကြားတွင် အကြော်ကြားဆုံးဖြစ်နေသည်မှာ မလွဲဧကန်ပင်။

ချင်လော့လော့နှင့် ရှီယွမ်သည် Busကား စီးသွားလိုက်ကြသည်။ ချင်လော့လော့သည် လက်တစ်ဖက်က ပန်းစည်းကိုကိုင်ကာ နောက်တစ်ဖက်က လက်ကိုင်ကွင်းကို ကိုင်ထားလျက်ဖြင့် ရှီယွမ်ကို ပြောလာသည် “ငါ ပြဇာတ်ရုံမှာ ထားထားဖို့ ရွှယ်ကျန့်ပန်း နည်းနည်းလောက်ဝယ်ဦးမှပဲ။ ပန်းတွေပွင့်လာတဲ့အချိန်ရောက်ရင် ငါ ထရေစီကို ပေးရမယ်။ သူမက ရွှယ်ကျန့်ပန်းတွေကို ကြိုက်တယ်”

ဆေးရုံသို့ ရောက်ရှိသည့်အခါ နှစ်ယောက်သားက ပိုးသတ်ဆေးများ အပြည့်ဖြန်းထားသည့် စင်္ကြံလမ်းကို ဖြတ်၍ ငါးလွှာသို့ တက်သွားလိုက်သည်။ လူနာဆောင်တံခါးကို ဖွင့်လိုက်သည်နှင့် ထရေစီက ခေါင်းမော့ကြည့်လာပြီး ပျော်ရွှင်စွာ အော်ပြောလိုက်သည် “ရောက်လာကြပြီပဲ!”

လူနာဆောင်ထဲတွင် လူနာငါးယောက် နေထိုင်ရပြီး အနည်းငယ် ပြည့်ကျပ်နေသည်၊ အချို့သောလူများက ကျယ်ကျယ်လောင်လောင် ချောင်းဆိုးနေကြသည်။ ချင်လော့လော့က လူနာကုတင်ဘေးစားပွဲလေးပေါ်တွင် ပန်းများကို တင်လိုက်သည့်အခါ ထရေစီက ပန်းများကို ကြည့်လာပြီး သူမ၏ ကြောင်နားရွက်လေးများက အလွန်စိတ်လှုပ်ရှားစွာ ထောင်လာလေသည်။

ထရေစီ၏ ဘယ်ဘက်မျက်လုံးက ပုံမှန်ဖြစ်နေသော်ငြား ညာဘက်မျက်လုံးက တိရိစ္ဆာန်မျက်လုံးများကဲ့သို့ သူငယ်အိမ်မျက်စံက ဒေါင်လိုက်ဖြစ်နေပြီး သူငယ်အိမ်မျက်စံအောက်တွင် အနည်းငယ် မီးခိုးရောင်သန်းလို့နေသည်မှာ ကွဲပြားခြားနားစွာဖြင့် ထူးခြားဆန်းကျယ်လို့နေပေ၏။ ရှီယွမ်သည် အလွန်မသိသာသော ပြောင်းလဲမှု အတက်အကျကို ခံစားလိုက်ရသည်၊ ထိုအတက်အကျက ဖရိုဖရဲဖြစ်ကာ ဂနာမငြိမ်ဖြစ်နေပြီး စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်ပေ— ထိုအတက်အကျသည် ကူးစက်မှု၏ ဝင်သက်ထွက်သက်ဖြစ်ပြီး သူနှင့် တူညီသော ဇာစ်မြစ်ရှိသည့် ပုံစံပြောင်းလဲမှုပင်။

ကူးစက်မှု နောက်ဆက်တွဲအကျိုးဆက်က ပြင်းထန်လို့လာသည်။

နာမကျန်းခြင်းက သူမကို စားသုံးလို့နေ၏။

အမှန်အားဖြင့်၊ လူနာခန်းထဲ၌ ရှိနေကြသော လူတိုင်းသည် ကူးစက်မှု နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ အချို့တွင် အမွှေးအမျှင်များရှိသည်၊ အချို့တွင် ရောင်ကိုင်းဖောင်းပွနေသော လည်ပင်းများရှိနေသည်၊ အချို့တွင်တော့ လှပသည့် အကြေးခွံများရှိသည်။ ထိုရောဂါလက္ခဏာများသည် ရှေးယခင်က ဖြစ်ပွါးခဲ့သော ‘ဓါတ်ရောင်ခြည်အဆိပ်သင့်ရောဂါ’နှင့် တူနေသော်ငြား ယခုက ပို၍ပြင်းထန်လေသည်။ သူတို့၏ မျိုးရိုးဗီဇများက ပြောင်းလဲသွားပြီး သူတို့၏ ပုံပန်းသွင်ပြင်နှင့် အကြိုက်များကပင် ကွဲပြားလာသည်။

ထို့အပြင် အားလုံးက နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ပေ။

စစ်တပ်၏ အကောင်းဆုံးသော ထိန်းချုပ်ဆေးများကတောင်မှ ကူးစက်မှုရောဂါကို ‘ဖိနှိပ်’ရုံသာလျှင် တတ်နိုင်မည်ဖြစ်ပြီး ကူးစက်မှုကို မကုသနိုင်ပေ။

သိုးမွှေးချည်လုံးလေးက ထရေစီ၏ ကုတင်ခြေရင်းတွင် ကျနေသည်— ထိုချည်လုံးလေးက ကြောင်မျိုးဝင် တိရိစ္ဆာန်များ အကြိုက်ဖြစ်ပြီး ထရေစီကလည်း သဘောကျနှစ်သက်သည်။ အဲ့ဒါအပြင် ပုံပြင်စာအုပ်အနည်းငယ်၊ သစ်သီးနှင့် သကြားလုံးများ အားလုံးသည် မွှေးပျံ့သော ပန်းရနံ့ဖြင့် ဖုံးလွှမ်းလို့နေလေသည်။

ဝုဖ်ဂိန်းက လေရှူရန် စင်္ကြံလမ်းဆီသို့ သွားကာ ချင်လော့လော့က ကုတင်ဘေးတွင် ထိုင်၍ ထရေစီနှင့်အတူ စာအုပ်ဖတ်ပေးနေသည်။ ရှီယွမ်က ခဏတဖြုတ်ထိုင်နေပြီး ရေဆာသွားသည်။ သူ ရေသွားယူရန် အပြင်သို့ ထွက်လာစဉ် စင်္ကြံလမ်း၏ အဆုံးတွင် မတ်တပ်ရပ်ကာ ပြတင်းပေါက် ကျဉ်းကျဉ်းလေးကို မျက်နှာမူထားသည့် ဝုဖ်ဂိန်းကို တွေ့လိုက်ရသည်။ ဝုဖ်ဂိန်းသည် ဝီရိယရှိရှိ လေ့ကျင့်ခန်း လုပ်သူဖြစ်သည်။ ပုံမှန်အားဖြင့်၊ ဝုဖ်ဂိန်းသည် မောဟိုက်ခြင်းမရှိဘဲ ရေဘူးဒါဇင်ကျော်ကို အတင်အချလုပ်လေ့ရှိသည်။ သူ့ခန္ဓာကိုယ်က တောင်အသေးလေးတစ်ခုလို အားသန်ပြီး သန်မာလှသည်။

ရှီယွမ်သည် လက်ထဲတွင် ရေခွက်လေးကို သယ်ကာ လမ်းလျှောက်သွားလိုက်သည် “မစ္စတာဝုဖ်ဂိန်း၊ ဘာတွေကြည့်နေတာလဲ?”

ဝုဖ်ဂိန်းက ခါတိုင်းကဲ့သို့ တိတ်ဆိတ်နေကာ ပြန်မဖြေလာဘဲ ရှီယွမ်ကို ပြုံးပြလာပြီး ခေါင်းယမ်းပြသည်။

ရှီယွမ်က ဝုဖ်ဂိန်း ခေါင်းယမ်းပြသည့် အဓိပ္ပါယ်ကို နားမလည်ပေ။ ထို့ကြောင့် သူသည်လည်း ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ကာ ဝုဖ်ဂိန်း၏ အကြည့်အတိုင်း အပြင်သို့ လိုက်ကြည့်လေသည်။ ပြတင်းပေါက်သည် ဆေးရုံနောက်ဖေးလမ်းကြားကို မျက်နှာမူထားသည်ဖြစ်ရာ အပြင်ဘက်တွင် လမ်းမီးများမရှိဘဲ မှောင်မဲလို့နေ၏။

ဘာမှလည်းမရှိဘူး။

ရှီယွမ်က ဝုဖ်ဂိန်းကို ဘာတွေကြည့်နေလဲဟု မမေးမြန်းနေတော့ပေ။ သူ့အတွက်တော့ လူသားများစွာ၏ အပြုအမူများကို နားမလည်နိုင်သည်ဖြစ်ရာ ယခု သူ၏ နားမလည်ခြင်းများထဲတွင် ဝုဖ်ဂိန်း၏ အကြည့်များကိုပါ ထည့်သွင်းလိုက်တော့သည်။ သို့ပေမယ့် ဝုဖ်ဂိန်း၏ နှလုံးသားက လေးလံနေသည်ဟု ရှီယွမ်ခံစားနေရသည်။

အတိအကျဆိုရပါလျှင်၊ ထရေစီ ဆေးရုံတက်နေရကတည်းကစ၍ ဝုဖ်ဂိန်းက အရင်ကထက်ပို၍ နှုတ်နည်းသွားခြင်းဖြစ်သည်။

ရှီယွမ်က နောက်ထပ် ရေနွေးခွက်လေးကို သွားပြေးယူလိုက်ပြီး ဝုဖ်ဂိန်းကို ကမ်းပေးလိုက်ကာ ဘေးတွင် မတ်တပ်ရပ်နေလိုက်သည်။

ဝုဖ်ဂိန်းက တစ်ငုံနှစ်ငုံလောက် သောက်လိုက်ပြီး အချိန်အတော်ကြာပြီးသည့်နောက် စကားပြောလာခဲ့သည် “…ငါ သူမနဲ့ ဖုန့်ယန်ကျွင့်က မိဘမဲ့ဂေဟာမှာတွေ့ခဲ့တာ”

ဖုန့်ယန်ကျွင့်သည် အဝေးတွင်ရှိသည့် နောက်ထပ်မြို့တော်တစ်ခုဖြစ်သည်။ မကြာသေးခင်ကပင် လုထင်းဟန်က ထိုမြို့တော်သို့သွားခဲ့သေးသည်။ ရှီယွမ်က ထိုမြို့တော်၏ နာမည်ကိုသာ ကြားဖူးခြင်းဖြစ်သည်။

ညာတာကရှည်ပြီး စကားစမြည်ပြောဖို့ရာ အံကိုက်ဖြစ်နေသည်။ ဝုဖ်ဂိန်းက ပထမဦးဆုံးအကြိမ် သူ၏ ဇာတ်လမ်းကို ပြောပြလာခြင်းဖြစ်ပြီး ဆက်လက်ပြောဆိုနေသည် “အဲ့ဒီ့အချိန်တုန်းက၊ ငါက ဖုန့်ယန်ကျွင့်မှာ ဖျော်ဖြေဖို့အတွက် အစ္စဘယ်လာနောက်ကနေလိုက်လာပြီး အဲ့ဒီမှာ ၆လလောက် နေခဲ့တယ်။ တစ်နေ့ကျ ငါတို့တွေ မိဘမဲ့ဂေဟာကို သွားဖြစ်ပြီး ထရေစီကို တွေ့ခဲ့တယ်”

ရှီယွမ် မေးမြန်းလိုက်သည် “ခင်ဗျား သူ့ကို မွေးစားခဲ့တာလား?”

“ဟုတ်တယ်၊ တခြားကလေးတွေက သူရဲ့ အသွင်အပြင်ကို ကြောက်ပြီး သူနဲ့ မကစားကြဘူးလေ။ ပထမဆုံး ငါသူ့ကို တွေ့တော့ သူက ပြတင်းပေါက်ဘေးမှာထိုင်ပြီး ပုံပြင်စာအုပ် ဖတ်နေခဲ့တာ။ သူက စာကြောင်းတစ်ကြောင်းချင်းစီတိုင်းကိုလိုက်ဖတ်တယ်၊ ပြီးတော့ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ အသံနေအသံထားအတိုင်း တုပပြီး အော်ဖတ်ရင်း သူ့ဘာသာသူ ရယ်နေတာလေ” ဟု ဝုဖ်ဂိန်းက ပြောပြလာသည်။ “ဂေဟာမှူးပြောပြတာကတော့ သူမက အဲ့ဒီလိုပဲ တစ်ယောက်တည်းဆော့နေတတ်ပြီး သိပ်မကြာခင်တုန်းကပဲ စာအုပ်တစ်အုပ်လုံးရဲ့ ဇာတ်ကွက်တွေကိုပါ လိုက်ပြီး သရုပ်ဆောင်နိုင်လာတယ်တဲ့လေ”

“အိုး…” ရှီယွမ်က ရုတ်တရက် နားလည်သွားသည်။ “ပြဇာတ်ကသလိုပေါ့?”

“ဟုတ်တယ်၊ ပြဇာတ်ကသလိုပဲ။ အစ္စဘယ်လာရော ငါရော နှစ်ယောက်စလုံးက၊ ထရေစီက ပါရမီရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာကို မြင်နိုင်တယ်လေ” ဝုဖ်ဂိန်းက မဲမှောင်နေသည့် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေဆဲဖြစ်သည်။

သူ၏ အကြည့်များက အချိန်များကို ဖြတ်သန်းကာ မြို့တော်၏ နံရံတံတိုင်းများကိုပါ ဖြတ်သန်းသွားပြီး လွန်ခဲ့သော ၆နှစ်က ဖုန့်ယန်မြို့တော်ဆီသို့ ရောက်ရှိသွားသလိုပင်။

ထိုအချိန်က နေသာသည့် နေ့ရက်လေးတစ်ရက်ဖြစ်ပြီး မိဘမဲ့ဂေဟာကို နေရောင်ခြည်နုနုက လွှမ်းခြုံထားပြီး ဒန်းလေးသည် လေထဲတွင် တကျွိကျွိနှင့် လွှဲယမ်းလို့နေသည်။ ထရေစီက ကလေးများဝတ်ရသည့် အဖြူစွတ်စွတ်ဝတ်စုံလေးကို ဝတ်ထားပြီး သူမ၏ ကြောင်နားရွက်လေးများက ထောင်နေကာ ပြတင်းပေါက်ဘေးတွင်ထိုင်၍ စာအုပ်ထဲမှ စာကြောင်းများကို အော်ဖတ်နေလေသည်။

ထရေစီမှ “ငါမင်းကို ရိုက်လိုက်ရ! ငါက သူရဲကောင်းဖြစ်လာမှာကွ!”

ထရေစီက အသံလေးကို တစ်ဖန်တိုးလိုက်ပြန်ကာ : “မဟုတ်ဘူး၊ ငါဆိုတဲ့ ကြီးမြတ်လှတဲ့ ရှဉ့်မှော်ဆရာက မင်းနဲ့ မင်းရဲ့ မြင်းကို လိပ်ဖြစ်အောင် ပြောင်းပစ်လိုက်မှာ!”

သူမက လက်လေးနှစ်ဖက်ကို လှုပ်ကာ ကနေပြီး ကျစ်ထားသော ကျစ်ဆံမြီးလေးက အရှေ့တွင် တွဲလဲကျလို့နေကာ သူမဆံပင်တွင် ချည်ထားသော ဖဲပြားလေးက လှုပ်ရှားမှုနှင့်အတူလိုက်ကာ တဖျပ်ဖျက်လှုပ်ခတ်နေလေသည်။ ထရေစီနှင့် သူမ၏ မိဘများက မြို့တော်အပြင်ဘက်တွင် မတော်တဆထိခိုက်အန္တရာယ်ဖြစ်ခဲ့ကြောင်းကို ဘေးတွင်ရှိနေသော ဂေဟာမှူးက ရှင်းပြလာသည်။ မကောင်းဆိုးဝါးသတ္တဝါက ထရေစီတို့စီးလာသော ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး သူမ၏ မိဘများက ပွဲချင်းပြီးသေဆုံးသွားသည်။ ထရေစီက သူမ၏ လိမ္မော်ရောင် ကြောင်လေးကို ကိုင်ကာ ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးခဲ့သည်။

ထိုအချိန်မှာပဲ လိမ္မော်ရောင်ကြောင်လေး၏ နောက်ဘက်ခြေထောက်အရိုးက အကာအကွယ်မဲ့နေသည်ကို သူမ ရှာတွေ့သွားသော်လည်း နောက်ကျသွားခဲ့ပြီ။

သိမ်မွေ့ကျိုးနွံသော တိရိစ္ဆာန်သေးသေးလေးက မကောင်းဆိုးဝါသတ္တဝါကိုက်တာကို ခံလိုက်ရပြီး ဖြည်းဖြည်းချင်း အသက်ထွက်သွားကာ သူမ၏ လက်များကြားမှာပဲ သန္ဓေပြောင်းလဲသွားလေသည်။

ထိုသန္ဓေပြောင်းကြောင်လေး၏ နောက်ကျိနေသည့် မျက်လုံးများကပွင့်လာပြီး ထရေစီ၏ ညာဘက်ပုခုံးကို ဓါးသွားသဖွယ် သွားများဖြင့် ကိုက်လိုက်သည်။

မဟာမိတ်စစ်တပ်မှ စစ်သားများက အချိန်မှီရောက်ရှိလာကာ ထရေစီကို ထိန်းချုပ်ဆေးထိုးပေးပြီး ကယ်ဆယ်လိုက်သည်။ သူမ၏ ကူးစက်မှုက ဖိနှိပ်ခံလိုက်ရပြီး သန္ဓေပြောင်းသွားသည့် ကြောင်နားရွက်များနှင့် အမြီး၊ ကျောပြင်နှင့် ခြေထောက်များမှ ရှုပ်ပွရှည်လျားသည့် အမွှေးများသာကျန်ရစ်ခဲ့ကာ သူမ တစ်ကိုယ်လုံးက နာကျင်နေရှာတော့သည်။

အစ္စဘယ်လာ ဂါစီးယာက ကြင်နာတတ်သူပီပီ ထရေစီ၏ အကြောင်းကို ကြားလိုက်ရသည့်အခါ မျက်ရည်ကျလုမတတ်ပင်ဖြစ်သွားသည်။ သို့ပေမယ့် သူမသည် ကျန်းမာရေးကလည်း မကောင်း၊ ဇာတ်အဖွဲ့တွင်လည်း အလုပ်များကရှုပ်နေကာ သူမတွင် နောက်ထပ်ကလေးတစ်ယောက်ကို ထပ်စောင့်ရှောက်ဖို့ရာ တကယ်ကို အင်အားမရှိတော့ပေ။ သူမက ကျဆင်းလာသည့် မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ပြောလိုက်သည် “ထရေစီက သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်လာမှာပါ၊ ဒါကို ငါတို့အားလုံး သိပါတယ်”

မထင်မှတ်ထားစွာဖြင့်၊ အမြဲ တိတ်ဆိတ်နေတတ်သော ဝုဖ်ဂိန်းက ထရေစီကို မွေးစားလိုက်သည်။

နောက်တော့၊ အစ္စဘယ်လာက ဖုန့်ယန်ကျွင့်၌ ထူထောင်အားဖြည့်ရန်သာ ဇောက်ချ လုပ်တော့သည်။ သူမက ဂါစီးယာကဇာတ်ပြဇာတ်ရုံနှင့် နှင်းဆီရိုင်းဇာတ်အဖွဲ့ကို ဝုဖ်ဂိန်းဆီသို့ လွှဲပြောင်းပေးခဲ့ပြီး ထရေစီက ထိုအချိန်မှစ၍ ယနေ့အချိန်ထိ ရှီးဆွေ့မြို့တော်၌ နေထိုင်ခဲ့သည်။

ဝုဖ်ဂိန်း၏ ဇာတ်လမ်း အစမှအဆုံး ပြီးသွားသည်အထိ ရှီယွမ် နားထောင်ခဲ့သည်။

စင်ပေါ်တွင် ဖျော်ဖြေနေစဉ်မှလွဲ၍ ဝုဖ်ဂိန်းတစ်ယောက် ဒီလောက်စကားတွေအများကြီး ပြောနေတာကို သူ ကြားဖူးတာ ဒါက ပထမဆုံးပင်။

ရှီယွမ် မေးမြန်းကြည့်လိုက်သည် “သူမ နာမကျန်းဖြစ်နေတာကို ကုသနိုင်ပါ့မလားဟင်?”

“မျှော်လင့်လို့တော့ရပါတယ်” ဝုဖ်ဂိန်းမှ ပြောသည်။ “ငါ ဆရာဝန်နဲ့ စကားပြောကြည့်ကြည့်တော့ ဆရာဝန်က နောက်ထပ် ၆လအတွင်း ခွဲစိတ်ဖို့ စီစဉ်ပေးနိုင်တယ်တဲ့”

“ခွဲစိတ်တာက ပိုက်ဆံကုန်မှာလား?” ရှီယွမ်က ထပ်မေးလိုက်သည်။

“အင်း၊ ပိုက်ဆံတွေအများကြီး ကုန်မှာ၊ ငါ့မှာ ဒီကိစ္စအတွက် ဖြေရှင်းနည်း ရှိပါတယ်… ထရေစီကို ဒီအကြောင်း သွားမပြောနဲ့၊ ငါသူ့ကို အခုထိ မပြောပြထားရသေးဘူး” ဝုဖ်ဂိန်းက ရေနွေးတစ်ငုံလောက် သောက်လိုက်ပြီး သူ၏ အသားမာတက်နေသော လက်ချောင်းများက မရည်ရွယ်ပါဘဲ ရေခွက်ကို ပွတ်နေမိသည်။ “ပိုက်ဆံအတွက် မဟုတ်ပါဘူး၊ ခွဲစိတ်ဖို့ကလည်း အန္တရာယ်များတယ်…ဘာတွေပဲဖြစ်ဖြစ်ပါ၊ အစ္စဘယ်လာက သူမကို ကောင်းချီးပေးနေမှာပါပဲ”

ပိုက်ဆံက နေရာတိုင်းမှာ လိုအပ်သည်၊ ထရေစီအတွက် ပိုက်ဆံလိုသည်၊ အစ္စဘယ်လာအတွက် ပိုက်ဆံလိုသည် ပြီးတော့ နှစ်ယောက်လုံးကလည်း ဆေးကုသဖို့အတွက်ပင်။

ရှီယွမ် လူနာဆောင်ထဲသို့ ပြန်ရောက်သည့်အခါမှာတော့ ချင်လော့လော့က အခုလေးတင် ပုံပြင် ဖတ်ပြပြီးသွားတာဖြစ်သည်။

ရှီယွမ်က ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်၊ သူလည်း ထရေစီကို ‘ကျီးနက်သူရဲကောင်း’ ပုံပြင်ဖတ်ပြလိုက်ပြီး သူမကို ရယ်မောအောင် လုပ်ပေးလိုက်သည်။

မပြန်ခင်တွင် ရှီယွမ်က ကုတင်ဘေးမှ ပန်းပွင့်လေးများကို ထပ်ကြည့်လိုက်သေးသည်။ ဤမျှလှပသော ပန်းများကို မြင်ဖူးသည်မှာ သူ့အတွက်တော့ ဒါက ပထမဆုံးဖြစ်ပြီး ထိုပန်းလေးများသည် ကန္တာရကြီးထဲမှ ထူးခြားဆန်းပြားလှပါသော ကူးစက်ခံပန်းပွင့်များနှင့် လုံးဝကို ကွဲပြားခြားနားလို့နေကာ ထိုပန်းလေးများက တောက်ပသက်ဝင်၍ စွန်းထင်းမှုတစ်စက်မရှိဘဲ အပြည့်အဝပွင့်လန်းနေကြသည်။

ရှီယွမ်က ထိုပန်းလေးများကို ခဏခဏကြည့်နေမိ၍ ဖြစ်နိုင်သည် ထို့ကြောင့် ထရေစီမှ “ရှီယွမ်၊ အိမ်ကို ပန်းပွင့်နည်းနည်းလောက် ယူသွားချင်လား?”

ရှီယွမ် : “ဒါက မင်းအတွက်လေ”

“ရပါတယ်၊ အကို ကြိုက်ရင် ယူသွားလေ၊ သမီးအတွက် ပန်းနှစ်ခက်လောက် ချန်ထားပေးရင်ရပြီ” ထရေစီမှ ပြောလာသည်။ “သမီးတို့က သူငယ်ချင်းတွေပဲဟာ”

ချင်လော့လော့ကလည်း ပြောလာသည် “ထရေစီတောင် ဒီလိုပြောနေမှတော့၊ မင်းကြိုက်သလောက် ယူသွားလေ”

ပန်းစည်းထဲတွင် ဟိုင်ယာဆင့်ပန်း ငါးခက်ရှိ၍ ရှီယွမ်က နှစ်ခက်ယူလိုက်ပြီး ကြယ်ပန်း ကိုင်းအသေးလေးတစ်ခုကို ယူလိုက်သည်။

လူသားများက ပန်းများကို အလွန်တန်ဖိုးထားကြသည်၊ ထို့ကြောင့် ရှီယွမ်သည် လုထင်းဟန်လည်း ပန်းများကြိုက်လောက်မည်ဟု တွေးလိုက်သည်။

Busကားပေါ်မှ ဆင်းလိုက်ပြီးနောက် ရှီယွမ်က ရင်ပြင်အသေးလေးမှနေ၍ ဖြတ်လျှောက်သွားသည်။

ရှီယွမ်က ကန့်ကွက်ဆန္ဒပြသူများကို ထပ်တွေ့လိုက်ရသည်။

အမျိုးသားနှင့်အမျိုးသမီးများ ကိုင်ဆောင်ထားကြသော ဆိုင်းဘုတ်များကို ဖတ်ကြည့်လျှင် : [မဟာမိတ်စစ်တပ်မှ လုထင်းဟန်ကို ဖြုတ်ချပေးပါရန် အနူးအညွတ်တောင်းပန်ပါသည်]
[ညင်သာသွာဇီဝိန်ချွေခြင်းကို ဆန့်ကျင်ပါတယ်၊ စောင့်ကြည့်သူများကို အာဏာပေးထားတာကို ဆန့်ကျင်ပါတယ်!]
[သဘောတူညီချက်ကို လုံးဝမလုပ်သင့်ပါ!]
[သူက မကောင်းဆိုးဝါးသတ္တဝါလို တွေးနေနိုင်တယ်! ငါတို့ သူကို တကယ် ယုံလို့ရနိုင်ရဲ့လား?]

ရှီယွမ်က ခဏလောက် မတ်တပ်ရပ်ကာ သူတို့ကို ကြည့်နေလိုက်သည်။

ငှက်အုပ်ကြီး၏ တိုက်ခိုက်မှုပြီးသည့်နောက် မြို့တော်အတွင်းတွင် အမြင့်ဆုံးကူးစက်မှုကာလအကြောင်း ကောလဟာလများက ပျံ့နှံ့လို့နေပြီး လူအများက နှစ်၂၀ကြာသည့် အနိမ့်ဆုံးကူးစက်မှုကာလပြီးသည့်နောက်တွင် အမြင့်ဆုံးကူးစက်မှုပြန်ရောက်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း နှစ်လကြာမြင့်ပြီးသည့်နောက် ကြီးမားများပြားသည့် ကူးစက်မှုရေစီးကြောင်းကြီးလည်း မရှိသလို၊ ချောက်နက်တိုင်း၏ ပုံစံပြောင်းလဲမှုအတိုင်းတာမှာလည်း တည်ငြိမ်နေသည်ဖြစ်ရာ ထိုကောလဟာလသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ကောလဟာလ မရှိတော့သည်နှင့် လွန်ခဲ့သော အနှစ်၂၀ကလို ဘဝကြီးက တည်ငြိမ်မှုဆီသို့ ပြန်ရောက်သွားသည်။ ထိုသို့ဖြင့် ဆန္ဒပြသူ အရေအတွက်နှင့် ချီတက်မှုအကြိမ်ရေမှာ တိုးလာတော့သည်။

မကြာသေးမှီ ရက်သတ္တပတ်များအတွင်းတွင် ရှီယွမ်က သူတို့ကို မကြာခဏဆိုသလို တွေ့တွေ့နေရသည်။

ရှီယွမ်သည် ဇာတ်အဖွဲ့ထဲတွင် လူသားများ၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့သည်— ချန်းယိုဝမ်က ပြဇာတ်အကြောင်းပြောသည့်အခါတိုင်း အမြဲလိုလို သူ့မျက်လုံးများက တောက်ပနေကာ ပြုံးရွှင်နေတတ်သည်။
ကန့်ကွက်ဆန္ဒပြသူများမှာမူ အုံ့မှိုင်းနေသည့် တိမ်တိုက်အောက်တွင် ရပ်နေရသလို မျက်နှာများက မကျေမချမ်းဖြစ်နေကြသည်၊ မဟာမိတ်စစ်တပ်၏ အလံက သူတို့အနောက်တွင် တဖျပ်ဖျပ် လှုပ်ခါလို့နေပြီး သူတို့လက်ထဲမှ ကန့်ကွက်ချက်ဆောင်ပုဒ်များက ရွံ့မုန်းဖွယ်ဖြစ်ကာ သူတို့က မျက်မှောင်များကျုံ့လျက် သူတို့၏ မျက်လုံးများထဲတွင်လည်း အမျိုးအမည်မသိရပါသော မီးတောက်တို့က ကိန်းအောင်းတောက်လောင်နေပုံမှာ ရှီယွမ်အား တောနက်ထဲမှ ကျီးကန်းနက်အုပ်နှင့် ကန္တာရကြီးထဲမှ စောင်း၍ချွန်တက်နေပါသော ကျောက်တုံးများကိုပင် တွေးမိသွားစေသည်။ ထို့ကြောင့် ရှီယွမ်သည် ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားတို့က အလွန်တရာကိုမှ တန်းတူညီမျှဖြစ်နေကြောင်းကို နားလည်သဘောပေါက်သွားတော့သည်။

ကန့်ကွက်ဆန္ဒပြသူများသည် ရှည်လျားလှသော လမ်းမတစ်လျှောက် တိတ်တဆိတ် ချီတက်လာနေသည်ကို လမ်းသွားလမ်းလာအချို့ကလည်း မတ်တပ်ရပ်၍ ကြည့်နေကြသည်။

ရှီယွမ်က မမြင်ချင်တော့၍ ထွက်သွားဖို့ လုပ်လိုက်စဉ် ယောင်္ကျားကြီးတစ်ယောက်က ရုတ်တရက် လမ်းသွားလမ်းလာများကို အသံပြာပြာကြီးဖြင့် အော်လာလေသည် : “မင်းတို့ ဘာလို့ သူ့ကို ယုံနေကြတာလဲ?! သူက ချောက်နက်ရဲ့ ဘေးမှာ ၁၀နှစ်တောင်မှ နေလာခဲ့တာ၊ ၁၀နှစ်တောင်မှကွ! ချောက်နက်ဆိုတာက စိတ်ကို ပြောင်းလဲစေပြီး ဝိညာဉ်ကို ပျက်စီးအောင် ပြင်ဆင်ပေးတဲ့ နတ်ဆိုးဖန်တီးမှုကြီးပဲ! တစ်နေ့ကျရင် သူက မကောင်းဆိုးဝါးသတ္တဝါတွေနဲ့ တစ်ဖက်တည်းဖြစ်သွားမှာ!”

သူ၏ သွေးထိုးလှုံ့ဆော်နေမှုကို မြင်လိုက်ရသည့် လမ်းသွားလမ်းလာများက နောက်သို့ ခြေလှမ်းများ ဆုတ်သွားကြသည်၊ သို့ပေမယ့် သူတို့ကို အံ့ဩစေတာကတော့ ထိုယောင်္ကျားကြီးက အလျှော့မပေးပါဘဲ အတင်း တိုက်တွန်းလာပြန်သည် : “မင်းတို့က စောင့်ကြည့်သူတွေ အသိစိတ်လွတ်သွားတာကို မမြင်ဖူးကြသေးလို့၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေက တည်ငြိမ်နေတာမဟုတ်ဘူး! မင်းတို့တွေ အရူးဖြစ်ဖို့အလားအလာရှိနေတဲ့သူတစ်ယောက်ကို မြို့တော်ရဲ့ သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်ခိုင်းထားကြမလို့လား?!” ထိုလူက သူ့လက်များကို ယမ်းခါနေသည်။ “ငါတော့ ဘယ်လိုမှ မလုပ်နိုင်ဘူး၊ ငါသေသွားလိမ့်မယ်…အား!”

ရှီယွမ်က သူ့အမြီးလေးကို ဆန့်ထုတ်ကာ ထိုလူကို ခလုတ်တိုက်လဲအောင် လုပ်ပစ်လိုက်သည်။

ထိုယောင်္ကျားကြီးက မြေပြင်ပေါ်သို့ လဲကျသွားပြီး နှစ်စက္ကန့်လောက် ကြောင်တောင်တောင်ဖြစ်နေပြီးမှ မော့ကြည့်လိုက်သည့်အခါ ထွက်ပြေးသွားသည့် ရှီယွမ်ကို မြင်လိုက်ပြီး အော်လာတော့သည် : “မင်း ဘာသောက်ရူးလာထတာလဲကွ?! သေချင်နေတာလား ဟမ်?” ထိုလူကြီးက လက်ကိုင်ပိုစတာကို ဘေးသို့ ပစ်ထုတ်လိုက်ပြီး ခွေယိုင်နေသောခြေထောက်များဖြင့် ရှီယွမ်ကို လိုက်ဖမ်းတော့သည်။

ရှီယွမ်သည် လက်ထဲတွင် ပန်းလေးများကို ကိုင်ထားလျက် လမ်းကြိုလမ်းကြားထဲသို့ အမြန်ဝင်ပြေးလေသည်။

ဒါက ရှီယွမ် မကောင်းတာတစ်ခုခုကို လုပ်မိသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူ့နှလုံးက အလျှင်အမြန်ခုန်လှုပ်နေသည်မှာ သူ့ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မလိုဖြစ်နေပြီး မိသွားမှာကို အရမ်းကြောက်နေမိ၏။
ကံကောင်းချင်တော့ ရှီယွမ်က အရမ်းကိုမှ သွက်လက်ကျွမ်းကျင်နေရာ သူက လမ်းများနှင့် နောက်ဖေးလမ်းကြားများထဲတွင် လေထက်ပင်မြန်အောင် လျှောက်လှမ်းနေပြီး အဆောက်အအုံများစွာကို ချန်လှပ်ထားခဲ့သည်၊ ထိုလူကြီးက ခြေထောက်မသန်၍ ရှီယွမ်ကို လိုက်မမှီနိုင်တော့ပေ။

ရှီယွမ်က သူနေထိုင်ရာ သီးသန့်ရပ်ကွက်အပေါက်ဝသို့ ပြန်ပြေးလာသည့်အချိန်တွင်တော့ သူ့နောက်မှ လိုက်နေသည့် လူကြီးမှာ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီပင်။

ရှီယွမ်က အိမ်သို့ ပြန်ရောက်လာခဲ့ပြီး အိမ်တံခါးကို ဖွင့်ဝင်လိုက်သည်နှင့် သူသည် မွှေးရနံ့သင်းထုန်နေပါသော ပန်းများနှင့်အတူ လုထင်းဟန်၏ လက်မောင်းများကြားသို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။

သူ ပြောလိုက်သည် : “ခင်ဗျားအတွက်!”

လုထင်းဟန်က ပန်းတွေကို ကြည့်လိုက်ပြီး ပြုံးရယ်နေသော ရှီယွမ်ကို ကြည့်ကာ အနည်းငယ် အံ့ဩလို့သွားသည်။ သူ မေးလိုက်သည် “ဒီပန်းတွေက ဘယ်ကရလာတာလဲ?”

“ချင်လော့လော့က ထရေစီကို ပေးတာ ပြီးတော့ ထရေစီက ကျွန်တော့်ကို နည်းနည်းပြန်ပေးလိုက်တာ” ရှီယွမ်၏ အမြီးထိပ်လေးက လေထဲတွင် လွှဲယမ်းနေလေသည်။ “အခု ဒီပန်းလေးတွေက ခင်ဗျားဟာပဲ”

လုထင်းဟန်က မျက်လုံးထဲတွင် အပြုံးများအပြည့်နှင့် ပန်းများကို ယူလိုက်သည် “မင်းဘာလို့ အရမ်းပျော်နေတာလဲ?”

“ဘာလို့ဆို ကျွန်တော် ပန်းလေးတွေရလာတယ်လေ၊ ပြီးတော့ ကျွန်တော် ဆိုးတာတစ်ခုကိုလည်း လုပ်ခဲ့သေးတယ်” ရှီယွမ် ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားကို မပြောပြဘူး!”

“ဘာလို့ မပြောပြတာလဲ၊ ဘာဆိုးတဲ့ဟာလဲ?” လုထင်းဟန် မေးလိုက်သည်။

“ကျွန်တော်က မပြောပြဘူးလို့ပြောရင် မပြောပြဘူးပဲ” ရှီယွမ်က ပြုံးလိုက်ရာ သူ့မျက်လုံးလေးများက ကွေးညွတ်လို့သွားသည်။ “ဒါ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လေး”

ရှီယွမ်က အမှန်တကယ်ကို မကောင်းတဲ့အရာကို လုပ်ခဲ့ပြီး သူလုပ်ခဲ့ရသည်ကို ပျော်ရွှင်နေသည်က ရှားရှားပါးပါးပင်။

လုထင်းဟန် ပြောလိုက်သည် “ဒါဆိုလည်း ငါမမေးတော့ဘူး။ ငါကတော့ မင်း မကောင်းတာကြီးကြီးမားမားလုပ်မိရင်တောင် မင်းလုပ်နိုင်တာက တခြားသူတွေကို မင်းအမြီးလေးနဲ့ ခလုတ်တိုက်အောင်လုပ်တာဖြစ်မယ်လို့ပဲ ထင်တယ်”

“……” ရှီယွမ်ရဲ့ မျက်ဝန်းလေးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာနှင့် မေးမြန်းလာသည်။ “ခင်ဗျား ဘယ်လိုသိသွားတာလဲ?!”

လုထင်းဟန် : “……”

သူက သာမန်ကာလျှံကာ ပြောလိုက်ပေမယ့် ရှီယွမ်က သူ့ကို ပိတုန်းရောင်မျက်လုံးလေးများနှင့် တောက်တောက်ပပ ကြည့်လာကာ အရမ်းကိုမှ လေးစားသဘောကျနေပြီပင်။

လုထင်းဟန်က ပန်းအိုးအလွတ်ကိုရှာတွေ့သွားပြီး ဂရုတစိုက်နှင့် ပန်းများကိုထည့်၍ ရေလောင်းထည့်နေကာ ရှီယွမ် ပြောပြနေသည့် ‘ဆိုးတဲ့ဟာ’၏ ဖြစ်စဉ်အစအဆုံးကို နားထောင်နေသည်။

“နောက်ထပ် အဲ့လိုမလုပ်ရဘူး” လုထင်းဟန် ပြောလိုက်သည်။ “မင်း သူတို့တွေကို ဆန့်ကျင်ဖို့ မလိုဘူး အဲ့ဒါက အန္တရာယ်ရှိနိုင်တယ်”

“သူတို့က ခင်ဗျားကို ကျိန်ဆဲနေကြတာ” ရှီယွမ် ပြောလိုက်သည်။ “ကျွန်တော်မကြိုက်ဘူး”

လုထင်းဟန်က ရှီယွမ်ခေါင်းလေးကို ထိလိုက်သည် : “ဘာမှမဖြစ်ဘူး၊ ငါ့ကို ကြိုက်တဲ့သူတွေလည်း အများကြီးရှိပါတယ်”

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ရှီယွမ်က ပန်းများအတွက် နေ့တိုင်းရေလဲပေးနေပြီး ဧည့်ခန်းထဲ၌ ပန်းများ၏ မွေးရနံ့က အမြဲသင်းပျံ့လို့နေသည်။

ရင်ပြင်တွင် အရမ်းမြန်အောင် ပြေးခဲ့မိ၍ ကြယ်ပန်း၏ကိုင်းအနည်းငယ် ကျိုးသွားသည်မှာ နှမြောစရာပင်၊ ထို့နောက် ကြယ်ပန်းအနည်းငယ်က ရက်ပိုင်းအတွင်း သေသွားပြီး၊ ဟိုင်ယာဆင့်ပန်းများကတော့ တစ်ပတ်ကြာခံလိုက်သည်။

ရှီယွမ်သည် ပန်းများပွင့်လန်းလာသည်မှစ၍ ခြောက်သွေ့ညှိုးနွမ်းသွားသည်အထိ ဖြစ်စဉ်တစ်ခုလုံးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ပန်းများက နုနယ်လွန်းလှသည်။ တောက်တောက်ပပ အရောင်အသွေးရှိသည့် ပွင့်ချပ်လေးများက အရောင်မှိန်လာကာ အတွန့်ကြောင်းများဖြစ်လာပြီး တဖြည်းဖြည်း ကြွေကျလာသည်။ သူ ဘယ်လောက်ပဲ ရေလဲနေနေ၊ သူ ဘယ်လောက်ပဲ ပန်းလေးတွေကို ဂရုစိုက်စိုက်၊ သူဘယ်လောက်ပဲ မျက်လုံးပြူးလေးများဖြင့် စိုက်ကြည့်နေပါစေ သူ ထိုပန်းလေးများ နောက်တစ်ခါထပ်ပြီး လှပစေဖို့ မလုပ်နိုင်ပေ။

‘ပန်းလေးတွေ အမြဲပွင့်လန်းနေအောင် ငါ ဘယ်လိုလုပ်ရပါ့မလဲ?’

ထို့နေ့က၊ လုထင်းဟန် ပြန်ရောက်မလာခင်တွင် ရှီယွမ်သည် ပန်းအိုးအရှေ့တွင် မတ်တပ်ရပ်နေကာ ထိုမေးခွန်းကိုသာ စဉ်းစားနေလေသည်။ တကယ်ဆို ဒါက သူ လုထင်းဟန်ကို ပေးထားတဲ့ လက်ဆောင်လေ၊ သူ ထိုပန်းလေးများကို အချိန်အကြာကြီး လှပနေစေချင်သည်။

ရှီယွမ်က အရောင်များဖျော့၍ သေဆုံးနေပါသော ပွင့်ချပ်လေးများကို သူ့လက်လေးများဖြင့် သွားထိကြည့်လိုက်ပြီး အကြံတစ်ခုရသွားတော့သည်။

—ငါ သူတို့ကို ကူးစက်လိုက်ရင် သူတို့ အသက်ရှင်ကြမှာပဲ။

မြို့တော်အပြင်ဘက်က ကူးစက်ခံအပင်များကဲ့သို့ အချို့က မီးခိုးရောင်သန်းကာ မှိုင်းညို့နေပြီး ဆူးချွန်များစွာရှိသည့် ပါးစပ်ပြဲကြီးများရှိသည်၊ အချို့ကတော့ လွန်စွာမှတောက်ပက မွှေးကြိုင်လွန်းလှသဖြင့် မည်သူမဆို ရပ်တန့်သွားကြရသည်။ ပုံစံပြောင်းလဲမှုက သူတို့၏ မျိုးစေ့ဗီဇကို ပြောင်းသွားစေကာ အိုမင်းရင့်ရော်ခြင်းကို နှေးကျသွားစေပြီး အချို့သော ပန်းအများစုက အချိန်များစွာကြာအောင် ပွင့်လန်းနိုင်ကြကာ အနည်းဆုံးတော့ ဟိုင်ယာဆင့်ပန်းများနှင့် ကြယ်ပန်းများထက် အချိန်ကြာကြာ ပွင့်လန်းနေနိုင်ကြသည်။

“မင်းတို့တွေ ငါ့ဆီကနေ ကူးစက်ခံချင်ကြလား?” ရှီယွမ်က အသံတိုးတိုးလေးဖြင့် ပြောနေသည်။ “ငါ ဘယ်သူ့ကိုမှ မကူးစက်ဖူးဘူး ဒါပေမယ့် မင်းတို့ကို အသက်ရှင်အောင်ထားဖို့က ဒီနည်းလမ်းပဲရှိတာ”

သေချာတာကတော့ ပန်းပွင့်လေးများက သူ့ကို အဖြေပြန်မပေးလာပေ။

ရှီယွမ်ကလည်း သူမလုပ်သင့်မှန်းကို သိပါသည်။ လူသားများက ကူးစက်မခံချင်ကြသလို အပင်များနှင့် ပန်းပွင့်များကိုလည်း မကူးစက်သင့်ပေ။

သူ နည်းနည်းလောက် စိတ်မကောင်းဖြစ်သွားသည်။

လုထင်းဟန်ပြန်ရောက်လာသည့်အချိန်တွင် ရှီယွမ်က ပန်းအိုးရှေ့တွင် ကြည့်နေသေးဆဲပင်။

သူ ရှီယွမ်၏ အနောက်သို့ လျှောက်သွားလိုက်သည့်အခါ ရှီယွမ်က ပြောလာသည် “သူတို့ညှိုးသွားကြပြီ”

“ဟိုင်ယာဆင့်ပန်းတွေက ရက်နည်းနည်းလောက်ပဲ ပွင့်တတ်တာ၊ ရွှယ်ကျန့်ပန်းတွေကတော့ ပိုကြာကြာပွင့်ကြတယ်” လုထင်းဟန် ပြောလိုက်သည်။
“သိပ်မကြာခင်လောက်ဆို ရွှယ်ကျန့်ပန်းတွေပွင့်လိမ့်မယ်၊ အဲ့အချိန်ရောက်ရင် နည်းနည်းလောက် ပိုပြီးစိုက်ကြတာပေါ့”

ရှီယွမ် : “အိုး…” ရှီယွမ်က အခုထိ ပျော်မလာသေးပေ။

လုထင်းဟန်က ငြိမ်သက်နေပြီး လက်လှမ်းကာ ရှီယွမ်၏ ခေါင်းလေးကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပေးလိုက်သည်။

ရှီယွမ် : “ဂရူး၊ ဂရူး၊ ဂရူး”
သူသည် ချက်ချင်းလက်ငင်းကို အူမြူးလာတော့သည်။

နောက်တစ်နေ့၌၊ လုထင်းဟန်သည် ဌာနချုပ်မှထွက်ခွါခါနီးတွင် တပ်ရေးဗိုလ်ကြီးကို မေးမြန်းလာသည် “အခုတလော ဘာပန်းတွေရှိနေလဲ?”

“ပန်းတွေ?” တပ်ရေးဗိုလ်ကြီးက တစ်ခဏလောက် ထိတ်လန့်သွားသည်။ “ဘယ်ပန်းအမျိုးအစားကို ပြောနေတာလဲမသိဘူး?”

“ကြည့်ကောင်းနေသ၍ ဘယ်ပန်းမဆို အဆင်ပြေတယ်” လုထင်းဟန် ပြောလိုက်သည်။ “ကလေးတွေကို ပျော်အောင် လုပ်ပေးဖို့ လုံလောက်တယ်”

ဗိုလ်ချုပ်လု သူ့ပါးစပ်ကိုဖွင့်လိုက်ကတည်းက သူမရနိုင်တာ ဘာမှမရှိတော့ပေ။ နောက်တစ်နေ့တွင် သူသည် တောက်ပစွာပွင့်လန်းနေသော အနီ၊အဖြူ၊အဝါနှင့် ပန်းရောင်ပန်းများ ပြည့်နှက်နေသည့် ပန်းစည်းကြီးနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။

ရှီယွမ် : “ဝါး!”

ဟိုင်ယာဆင့်ပန်းများကို လွှင့်ပစ်လိုက်ပြီး ပန်းအသစ်များကို အရမ်းမညှိုးနွမ်းနေသေးသည့်ကြယ်ပန်းများနှင့်အတူ ထားထားလိုက်သည်။ ရှီယွမ်က ပန်းစည်းကြီးအရှေ့တွင် ကုပ်ကုပ်ကလေးထိုင်ကာ ကြည့်နေပြီး ပန်းပွင့်အသစ်လေးမျိုးကို ထပ်သိလိုက်ရသည် : ဒေစီပန်းများ၊ နှင်းဆီပန်းများနှင့် ဇော်မွှားပန်းများ(ကာနေရှင်းပန်း)အပြင် အခုထိမပွင့်သေးသော ရွှယ်ကျန့်ပန်းများလည်း ရှိနေသည်။

ရှီယွမ်က မေးမြန်းလိုက်သည် “ဒေစီရဲ့ ပန်းစကားအဓိပ္ပါယ်ကဘာလဲဟင်?”

လုထင်းဟန် မသိပေ— သူ့ဘဝတစ်လျှောက်လုံးတွင် ပန်းစကားအဓိပ္ပါယ်ကို သိရှိရန် အခြေအနေမပေးခဲ့သလို မည်သူကမှလည်း ထိုသို့သော မေးခွန်းမျိုးကို မေးမလာခဲ့။ သူ ပန်းတွေကို ကြည့်လိုက်ကာ ရှစ်ယွမ်ကို ပြောလိုက်သည် : “ပန်းစကားအဓိပ္ပါယ်က အပြစ်ကင်းစင်ခြင်း”

ရှီယွမ် : “ဝါး”

ရှီယွမ်က ထပ်မေးပြန်သည် : “နှင်းဆီပန်းကရော?”

လုထင်းဟန်က ပြန်ဖြေသည် : “အချစ်နဲ့ ချစ်ဇောဟုန်၊ လူတွေက သူတို့ချစ်သူတွေဆီကို နှင်းဆီပန်းတွေ မကြာခဏပို့တတ်ကြတယ်”

ရှီယွမ် : “ဝါး”

ရှီယွမ် : “ဇော်မွှားပန်း(ကာနေရှင်းပန်း)တွေကရော?”

လုထင်းဟန် : “အချစ်စစ်နဲ့ မိခင်မေတ္တာ၊ အမေတွေအတွက် သင့်တော်တဲ့ပန်းမျိုးပဲ”

ရှီယွမ် : “ဝါး”
သူ ထပ်ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျား စိတ်ပျက်သွားရတော့မယ်၊ ကျွန်တော်က ခင်ဗျားရဲ့ အမေ မလုပ်ပေးနိုင်ဘူးလေ…”

လုထင်းဟန် : “……” နောက်ဆုံးတော့ သူ ကူကယ်ရာမဲ့စွာနှင့် ပြောလိုက်သည် “ရှီယွမ်၊ မင်းခေါင်းလေးထဲမှာ ဘာတွေရှိနေတာလဲ?”

မည်သူမျှ ချောက်နက်လေး၏ ဦးနှောက်ပတ်လမ်းကို အဖြေမထုတ်နိုင်ပေ၊ ဗိုလ်ချုပ်လုတောင် မလုပ်နိုင်ပေ။

ရှီယွမ်က ပန်းအိုးထဲသို့ ပန်းများကိုထည့်လိုက်ပြီး အကြာကြီး ဟိုရွှေ့ဒီရွှေ့လုပ်နေပြီးနောက်မှာတောင် ကမောက်ကမဖြစ်နေဆဲပင်။ ပန်းတွေကအများကြီးဖြစ်နေပြီး တစ်ခုက ဘယ်ဘက်သို့လှည့်သွားလျှင် တစ်ခုက ကောက်ကွေ့နေကာ သူ့စကားကို လုံးဝနားမထောင်ကြပေ။ လုထင်းဟန်က ရှီယွမ်၏ အနောက်တွင် ရပ်နေပြီး ရှီယွမ်၏ အမြီးလေးက အောက်သို့ကျသွားကာ လက်လျှော့လိုက်သည့်အချိန်တွင် သူ့လက်ကို တိတ်တဆိတ်ဆန့်ထုတ်ကာ ပန်းများနှင့် အကိုင်းအခက်များကို သူ၏ သွယ်လျလျလက်ချောင်းလေးများဖြင့် သေသေသပ်သပ်နှင့် ပြေပြစ်အောင် လုပ်ပေးလိုက်သည်။

ပန်းပွင့်လေးများသည် ဟိုတစ်စုသည်တစ်စုဖြင့် သက်ဝင်ပွင့်လန်းနေလေသည်။

သူတို့က ပန်းအိုးကို တီဗွီဘေးတွင် ထားထားလိုက်ပြီး ဧည့်ခန်းထဲတွင် ပန်းရနံ့များက ထပ်၍ သင်းပျံ့နေတော့သည်။

လုထင်းဟန်မှ ပြောလာသည် “မကြာခင်ရက်ပိုင်းအတွင်းမှာ ရွှယ်ကျန့်ပန်းတွေ ပွင့်လာလိမ့်မယ်”

ရှီယွမ်က ဆိုဖာပေါ်တွင် ထိုင်ပြီး သူ့အမြီးလေးကို ကိုင်ထားကာ : “လူတိုင်းက ရွှယ်ကျန့်ပန်းတွေပွင့်ဖို့ကို စောင့်နေကြသလိုပဲ၊ ထရေစီနဲ့ ချင်လော့လော့လည်း စောင့်နေကြတယ်”

“မဟာမိတ်စစ်တပ်ရဲ့ပန်းပဲလေ၊ ပြီးတော့ ပန်းစကားအဓိပ္ပါယ်က ‘မျှော်လင့်ချက်နဲ့ အလျှော့မပေးတဲ့ချစ်ခြင်း’တဲ့” လုထင်းဟန် ပြောလိုက်သည်။
“ဒီအချိန်ရောက်တိုင်း မြို့တော်တစ်ခုလုံးက ရွှယ်ကျန့်ပန်းတွေပွင့်ဖို့ စောင့်နေတတ်ကြတယ်၊ ငါတို့နောက်ထပ်တစ်နှစ် အသက်ရှင်ခဲ့ပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့”

“ရွှယ်ကျန့်ပန်းတွေက ဘယ်လောက်ကြာကြာပွင့်မှာလဲဟင်?”

“သုံးရက်လည်းဖြစ်နိုင်သလို ငါးရက်လည်းဖြစ်နိုင်တယ်” လုထင်းဟန်က ပြန်ပြောလိုက်သည်။ “မဟာမိတ်စစ်တပ်မှာ ဆိုရိုးစကားတစ်ခွန်းရှိတယ် ‘ပန်းတွေပွင့်ပြီးနောက်မှာ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်’”

နာမကျန်းဖြစ်တာကနေ သက်သာလိမ့်မည်၊ စီးပွါးရေးအဆင်ပြေလိမ့်မည်၊ အခြေအနေတွေလည်း ကောင်းမွန်လိမ့်မည်… အရာအားလုံးက လုံခြုံပြီး ချောမွေ့နေလိမ့်မည်၊ နှင်းခဲများကြားမှ ပွင့်လန်းလာသည့် သန်မာကာ လှပပြီး မျှော်လင့်ချက်အပြည့်နှင့် ရွှယ်ကျန့်ပန်းများကဲ့သို့ပင်။

ဆေးရုံတွင်၊ အပြာနုရောင် ဆေးရုံဝတ်စုံဝတ်ထားသော လူနာများသည် ခါးသက်နေသော ဆေးများကို မျိုချနေရပြီး ချိတ်ဆွဲထားသော ဆေးဘူးမှ အရည်များကလည်း တစ်စက်စက်ကျနေကာ လူနာဆောင်တစ်ခုလုံးသည် ပိုးသတ်ဆေးအနံ့များဖြင့် ပြည့်နှက်နေသည်။ ဝုဖ်ဂိန်းက ထရေစီ၏ နှဖူးပေါ်တွင် ရေစွတ်ထားသော မျက်နှာသုတ်ပုဝါကို တင်ပေးလိုက်ပြီး ပုံပြင်စာအုပ်၏ စာမျက်နှာ ၃၂တွင် စာညှပ်ကပ်ပြားလေးကို ညှပ်ပေးထားလိုက်သည်။
မီးခိုးမှိုင်းရောင် ကောင်းကင်ကြီး၏အောက် အဝေးတစ်နေရာ၌ ကန့်ကွက်ဆန္ဒပြသူများက ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ အငယ်ဆုံးဗိုလ်ချုပ်ကြီးကို ထုတ်ပယ်ရန် ကြွေးကြော်နေကြပြီး၊ စီတန်းလှည့်လည်ဆန္ဒပြသူ လူတန်းကြီးက ရှည်လျားလွန်းလှ၍ အဆုံးသတ်ကို မြင်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ဒီထက်ပို၍ဝေးကွာသော မြို့တော်တံတိုင်းနံရံကြီးပေါ်တွင် စစ်သားများက သေနတ်များကိုင်ဆောင်ကာ ကင်းလှည့်နေကြပြီး သူတို့၏ အနောက်တွင်တော့ နေလုံးကြီးမေးချိတ်တင်နေရာ ကန္တာရကြီးရှိနေသည်။

ထိုကဲ့သို့ နေ့ရက်မျိုးတွင်၊ ရှီယွမ်နှင့် လုထင်းဟန်က ဧည့်ခန်းထဲတွင် ဘေးချင်းယှဉ်ထိုင်လျက်ရှိနေသည်။

လိုက်ကာများကို ပိတ်လို့ထားပြီး အခန်းတွင်း မီးရောင်က နွေးထွေးနေကာ နှစ်ယောက်လုံးက ဘေးနားတွင်ရှိနေသော ဖူးသစ်စပန်းပွင့်လေးများကို ကြည့်နေကြသည်။

“အရင်က ဒီလို ပန်းတွေအများကြီး ရှိတာလားဟင်?” ရှီယွမ် မေးလိုက်သည်။ “ကျွန်တော် ပြောချင်တာက ချောက်နက်တွေ ပေါ်မလာခင်ကလေ?”

လုထင်းဟန် ပြန်ပြောလိုက်သည် : “ရှိတယ်၊ မင်း ပန်းပင်လယ်ကြီးကိုတောင် မြင်နိုင်ပြီး မင်းကြိုက်တဲ့ ဘယ်ပန်းမဆို ရနိုင်တယ်”

“လှလားဟင်?”

“အရမ်းလှတယ်”

ရှီယွမ် : “ကျွန်တော် တကယ်ကို မြင်ချင်လိုက်တာ”

“တစ်နေ့ကျရင် ငါတို့ မြင်နိုင်လိမ့်မယ်”

“တကယ်?”

“ဒါပေါ့” လုထင်းဟန်က ပန်းအိုးကို ညွှန်ပြလိုက်သည်။ “ဒါပေမယ့် အဲ့ဒီအချိန် မရောက်ခင်တော့ မင်း သူတို့အတွက် ရေမှန်မှန်လဲပေးဖို့ သတိရဦး”

“အိုခေ၊ ကျွန်တော် သတိရမှာပါ” ရှီယွမ်က မျှော်လင့်နေဟန်လေးဖြင့် ပြောလာသည်။ “ဒါဆို ကျွန်တော်တို့အတူတူ ရွှယ်ကျန့်ပန်းတွေ ပွင့်မယ်အချိန်ကို စောင့်ကြရအောင်”

လုထင်းဟန် : “အင်း၊ ရွှယ်ကျန့်ပန်းတွေ ပွင့်တာကို စောင့်ကြမယ်”























ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now