19 - Their Stories

438 98 5
                                    

အပိုင်း ၁၉ ။  ။ သူတို့ ဇာတ်လမ်း

ရှီယွမ်မှ ပြောလာသည် “ခင်ဗျားက ကျွန်တော့်ကို ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေးဆိုပြီး တိတ်တိတ်လေးခေါ်နေတာပေါ့လေ? ဒါတော့ အရမ်းများသွားပြီ” ရှီယွမ်က ဖိပြီး ပြောလိုက်သည်၊ “ဒါကတော့ တကယ်ကြီးကို များသွားပြီ”

လုထင်းဟန်က တစ်ခုခုကို ပြောဖို့လုပ်လိုက်သည့်အခါ ရှီယွမ်မှ ပြောလာသည်ကို ကြားလိုက်ရသည် : “ခင်ဗျားက ဘာလို့ ကျွန်တော့်ကို ပေးတဲ့နာမည်ပြောင်ကို လက်လွတ်စပယ်လုပ်နိုင်ရတာလဲ? ကျွန်တော့်ရဲ့ အမြီးလေးက မရှည်ဘူး ပြီးတော့ ကျွန်တော်က ဂရူးဂရူးလည်း မလုပ်ပါဘူးနော်!”

လုထင်းဟန် : “……”

ရှီယွမ်ကို ကြည့်ရတာ သူ့ကိုယ်သူ အကြီးကြီး နားလည်မှုလွဲနေသလိုပင်။ သို့ပေမယ့် ဒါကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ကိုတော့ လုထင်းဟန်မှာ ခက်ခဲလို့နေပြီး [အသေထုံးလေး(ဂရူးဂရူး လုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေး)]ကလည်း သူ့ဖုန်းထဲမှ လိပ်စာစာအုပ်တွင် ရှိနေဆဲဖြစ်ရာ ရှီယွမ်ကို အမှန်တရားအား ပြောပြလို့မရပေ။

ရှီယွမ်မှ : “အသေထုံးလေးကတော့…”
သူ ခဏလောက် တွေးကြည့်လိုက်သည်။ “အင်းပါ၊ ကျွန်တော့်မှာ တကယ်လည်း အသေထုံးလေးရှိနေမှာပါပဲ။ ကျွန်တော်ကလည်း အမြီးထုံးလေးကို မလိုချင်နေပါဘူး ဒါပေမယ့် ကျွန်တော်မှ လူကြောက်တဲ့ရောဂါကို မကုနိုင်တာ”

လုထင်းဟန်မှ : “ငါ မင်းရဲ့ နာမည်နဲ့ နာမည်ပြောင်ကို ပြန်ပြောင်းပေးမယ်လေ”

ရှီယွမ် : “……”

လုထင်းဟန်က ပြန်ပြောင်းဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ ရှီယွမ်က လုထင်းဟန့်၏ လက်များကို ပြန်ဆွဲချလိုက်သည်။

ရှီယွမ်သည် လုထင်းဟန်ကို ကြည့်ကာ : “ကျွန်တော့်ရဲ့ နာမည်အရင်းကို မပြောင်းနဲ့နော်”

လုထင်းဟန်မှ မေးလိုက်သည် “ဘာလို့လဲ?”

“ဘာပဲဖြစ်ဖြစ်၊ နာမည်အရင်းကို မသုံးရဘူး” ဟု ရှီယွမ်မှ ပြောလာသည်။

ပြိုင်ဘက်ကင်းသည့် ကြောင်တောင်တောင်အပြုအမူလေးပင်။

လုထင်းဟန် : “ဒါဆို ဘယ်လို ပြောင်းပေးရမှာလဲ?”

“ကျွန်တော်လည်း မသိဘူး၊ ကျွန်တော် တွေးကြည့်တာကို ခင်ဗျား စောင့်ပေးလေ” ရှီယွမ်က အနည်းငယ် ရှုပ်ထွေးလို့နေ၏။ “ခင်ဗျားရဲ့ နှလုံးသားထဲမှာ ကျွန်တော်က ဘယ်လို ပုံစံမျိုးလဲဟင်?”

လုထင်းဟန် : “ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေး”

ရှီယွမ်က လုထင်းဟန်ကို ပေးထားသည့် သကြားလုံးကို ပြန်သိမ်းသွားတော့သည်။

ရှီယွမ်က သူ့နာမည်ပြောင်အတွက် လဝက်လောက် စဉ်းစားနေပြီး ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေးကလည်း လုထင်းဟန်၏ ဖုန်းထဲတွင် တစ်လလောက်ပို၍ ဆက်ရှိနေခဲ့သည်။

ရှစ်ယွမ်သည်လည်း ရှဖန်းကို တိုးတိုးတိတ်တိတ်မေးမြန်းကြည့်၏ : “မင်းလေ ‘ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေး’ ဆိုတဲ့ စကားလုံးကို ဘယ်လိုဖော်ပြမလဲဟင်? အဲ့ဒါက ချစ်စရာလေးလား ဒါမှမဟုတ် စိတ်တိုစရာကြီးလား?”

ရှဖန်းမှ ပြောလာသည် : “ဒါက ဘယ်လို ထူးထူးဆန်းဆန်းစကားလုံးကြီးလဲ? ရှီယွမ်၊ မင်း ဂိမ်းတွေဘာတွေများ ကစားနေတာလား?”

ရှီယွမ် : “မြွေဂိမ်းကိုရော ထည့်တွက်လို့ရလား?”

“ဟေ့၊ အဲ့ဒါက အရမ်းရိုးလွန်းတယ်” ရှဖန်းမှ ပြောလိုက်သည်။ “ငါပြောနေတဲ့ ဂိမ်းက အရင်ကထွက်ခဲ့တဲ့ မြေအောက်အကျဉ်းတိုက်ဂိမ်းလိုမျိုး။ ‘ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေး’ဆိုတာက မြေအောက်အကျဉ်းတိုက်ဂိမ်းထဲက အနည်းဆုံး အထက်တန်းကျတဲ့ မိစ္ဆာလုပ်တတ်တဲ့ အသံနဲ့တူတယ်၊ သူ့သွေးလျော့တာနဲ့ တိုက်ခိုက်တာ ပိုကြမ်းလာတဲ့ကောင်လေ”

ရှီယွမ်က အများကြီးတော့ နားလည်မနေသော်လည်း သူ လုထင်းဟန်ကို နောက်သုံးရက်လောက်အထိ သကြားလုံးမပေးဖို့ ဆုံးဖြတ်လိုက်လေသည်။

ယခုလအတွင်းတွင်၊ ဇာတ်အဖွဲ့က ပြဇာတ် စတုတ္ထအပိုင်းနှင့် နောက်ဆုံးအပိုင်းတို့က ဇာတ်တိုက်ခဲ့ကြသည်။

ပြဇာတ် ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် လီယို သစ်ပင်မိစ္ဆာကို သတ်ပြီးသည့်နောက် သူသည် မကောင်းဆိုးဝါးများနှင့် မိစ္ဆာများကို သတ်ဖြတ်သည့် အရည်အချင်းရှိနေကြောင်းကို ရှာတွေ့ခဲ့သည်။ သူသည် ပကာသနအတွက် မကောင်းဆိုးဝါးများကို အမဲလိုက်ပြီး နောက်ဆုံး၌ နေရာတိုင်းတွင် ကျော်ကြားသည့် နာမည်ကျော် သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။

ဝုဖ်ဂိန်းက ကြောင်သူတော်ဆန်သည့် အတုအယောင် သူရဲကောင်းကို အသက်သွင်းခဲ့သည်။

ပြဇာတ် တတိယပိုင်းနှင့် စတုတ္ထပိုင်းသည် လီယိုတစ်ယောက် အချစ်နှင့် စွမ်းအားကို သဘောပေါက်နားလည်သွားပြီး ကယ်တင်ခြင်းနတ်ဘုရားကို စတင်ရှာဖွေသည့် ဇာတ်ကြောင်းဖြစ်သည်။

ကယ်တင်ခြင်းနတ်ဘုရားတွင် လောကကြီး၌ရှိနေပါသော မကောင်းဆိုးဝါးနှင့် မိစ္ဆာများကို မောင်းထုတ်နိုင်သည့် စွမ်းရည်ရှိသည်။ လီယို ကယ်တင်ခြင်းနတ်ဘုရားကို ရှာတွေ့သည့်အခါ ကယ်တင်ခြင်းနတ်ဘုရားသည် လွန်ခဲ့သော နှစ်များစွာက သူ သတ်ပစ်ခဲ့သည့် လင်မော့နှင့် တူနေသည်ကို တွေ့ရှိခဲ့သည်။

ရှီယွမ်သည် လင်မော့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကယ်တင်ခြင်းနတ်ဘုရားအဖြစ် ပြန်ပေါ်လာသည်။ သူပြောရမည့် စာသားများက နှစ်ကြောင်းသာ ရှိလေသည် : [ငါ မကောင်းဆိုးဝါးတွေကို ပျောက်ကွယ်သွားအောင် လုပ်ပေးမယ် ဒါပေမယ့် ငါ မင်းရဲ အသက်ကို ပြန်လိုချင်တယ်] နှင့် [မင်းရဲ့ ဆန္ဒအတိုင်းပါပဲ]တို့ဖြစ်သည်။

ဇာတ်တိုက်ခြင်းက ကောင်းကောင်းမွန်မွန်သွားနေသည်။ နားချိန်အတွင်း၌ ရှီယွမ်က သူ့ရဲ့ ဖုန်းထဲက နာမည်ပြောင်ကို မည်သို့ ပြောင်းရမည်ကို တွေးနေဆဲဖြစ်သည်။

ထရေစီက ပုံပြင်စာအုပ်ကို ယူလာခဲ့ပြီး ရှစ်ယွမ်၏ ဘေးတွင် ထိုင်ကာ ပြောလာသည် “ရှီယွမ်၊ သမီး ပုံပြင်ဖတ်ပြမယ်နော် အိုခေ? ဒါ သမီး မနေ့က ဖတ်ထားတဲ့ဟာ”

“ကောင်းပြီလေ” ရှီယွမ်မှ ပြောလိုက်သည်။

ထရေစီက သူကြိုက်တဲ့ ပုံပြင်ကို တွေ့သည့်အခါတိုင်း တစ်ယောက်ယောက်ကို ရှာပြီး ဖတ်ပြရန် စိတ်လှုပ်ရှားနေလေ့ရှိသည်။

အရင်တစ်ခါက၊ သူမသည် ရှီယွမ်ကို ယုန်ဝိညာဉ်၏ လက်ဖက်ရည်ပါတီပုံပြင်ကို ပြောပြဖူးသည်။ သူမသည် ယုန်မလေးက လျှောက်ပတ် ပြေးလွှားပြီး ဝက်ဝံ၊ ဒေါင်းနှင့် ကျားကြီးတို့ကို မြစ်ကမ်းပါးတွင် ထိုင်ကာ အဆာပြေမုန့်များစားဖို့ ဖိတ်ခေါ်သည့် အကြောင်းကို ပြောပြခဲ့သည် — သူမက လှည့်ဖျားတတ်သည့် ဟန်ပန်လေးနှင့် မျက်လုံးလေးများကို မှေးထားပြီး ပြောလိုက်သည် “ရှီယွမ်၊ နောက် ဘာဆက်ဖြစ်မလဲ မှန်းကြည့်ကြည့်?”

ရှီယွမ်သည် ခဏလောက် တွေးကြည့်လိုက်ပြီး : “သူတို့အကုန် ကူးစက်ခံလိုက်ရတာလား?”

ထရေစီခင်မျာ လန့်ဖြန့်သွားပြီး ထိုကဲ့သို့သော မေးခွန်းမျိုးကို ရှစ်ယွမ်အား ဘယ်သောအခါမှ ထပ်မေးမလာတော့ပေ။

ဒီတစ်ခါတော့ ထရေစီက စကားစမပြောရသေးခင်တွင် ရှီယွမ်သည် ချန်းယိုဝမ်၏ အသံကို ကြားလိုက်ရလေသည်။

ချန်းယိုဝမ်နှင့် ချင်လော့လော့သည် စာသားများပြောင်းခြင်းနှင့်ပတ်သတ်၍ အချင်းများနေကြသည်။ ချန်းယိုဝမ်မှ “ဘာလို့ဆို မင်းကနားမလည်လို့! ဒီစာသားက အဲ့ဒီလိုပုံစံနဲ့ပဲ ပြောရမှာ!”

ချင်လော့လော့ : “တွေးကြည့်လိုက်စမ်းပါ၊ ကျွန်မက လီယိုကို နှစ်နှစ်ကာကာ ချစ်ကျွမ်းဝင်သွားတဲ့ အကမယ်။ ကယ်တင်ခြင်းနတ်ဘုရားကို ရှာဖို့ လမ်းဆိုတာက အရမ်း အန္တရာယ်များတယ်၊ သေချာတာကတော့ ကျွန်မ သူ့ကို ‘လမ်းခရီးမှာလုံခြုံပါစေ’လို့ ပြောချင်မှာပဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အကမယ်က အဲ့ဒီလို ဇာတ်ကောင်မျိုးမဟုတ်ဘူး!” ချန်းယိုဝမ်သည် ကြမ်းပြင်ကို သူ့ တုတ်ကောက်ဖြင့် ထုလိုက်သည် “သူမက အဲ့ဒီလို ပြောမှာမဟုတ်ဘူး၊ သူမက တံခါးကို မှီပြီး ‘ရှင်သာ ပြန်မလာတော့လို့ကတော့ ပစ္စည်းဥစ္စာတွေအကုန်လုံးက ကျွန်မအပိုင်ပဲ’ ဆိုပြီး ပြောမှာ။ သူမက အချိုးမပြေဘဲ စိတ်ကြီးဝင် မာနကြီးတဲ့လူမျိုး၊ ပြီးတော့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘယ်တော့မှ ထုတ်ပြမယ့်သူမျိုးမဟုတ်ဘူး!”

ချန်းယိုဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက စက္ကူရွက်တစ်ရွက်လို ဖြူဖျော့လို့နေပြီး စိတ်လှုပ်ရှားလာသည်နှင့်အမျှ ချောင်းဆိုးလာတော့သည်။

သူတို့နှစ်ယောက်က ဆက်လက်အငြင်းပွါးနေပြီး ရှီယွမ်ကလည်း ထရေစီ၏ ပုံပြင်ကို ဆက်လက်နားထောင်နေသည်မှာ ချန်းယိုဝမ်၏ အော်သံကို ကြားလိုက်ရသည်အထိပင် : “ဗိုလ်ကြီးရှဲ့သာ ဒီမှာရှိနေမယ်ဆိုရင်၊ သူက သေချာပေါက် ငါ့ကို အားပေးနေမှာပဲ! သူက အတွေ့အကြုံလည်း ရှိပြီး ငါ့ကိုလည်း နားလည်ပေးတယ်!”

“လာစမ်းပါ” ချင်လော့လော့မှ ပြောလိုက်သည်၊ “သူက အလုပ်များလို့လွန်းလို့ ရှင့်ကို စကားပြောဖို့တောင် အချိန်မရှိဘူး။ သူ ပြဇာတ်ရုံကို ရောက်မလာတာဖြင့် ဘယ်လောက်ကြာနေပြီလဲ ကြည့်ကြည့်လိုက်ဦး?”

ချန်းယိုဝမ်က ပါးစပ်က အသံမထွက်ပဲ တစ်ခုခုကို ပွစိပွစိပြောနေပြီး နောက်ဆုံးတော့ စိတ်ဆိုးစွာဖြင့် သူ့တုတ်ကောက်ကို ကိုင်ဆွဲကာ အဝေးသို့ လျှောက်သွားလေတော့သည်။

ဗိုလ်ကြီးရှဲ့၊ ဤနာမည်က အလွန်ကို ရင်းနှီးလွန်းနေသည်။ ရှီယွမ်သည် ရုတ်ချည်း တစ်ခုခုကို သတိရသွားကာ ထရေစီကို မေးမြန်းလိုက်သည် : “မစ္စတာချန်ပြောသွားတဲ့ ‘ဗိုလ်ကြီးရှဲ့’ဆိုတာကို သိလား?”

“သမီးသိတယ်” ထရေစီက အလျှင်အမြန် ပြန်ဖြေလိုက်သည်။ “ဗိုလ်ကြီးရှဲ့ချန်းမင်၊ ချန်းယိုဝမ်က သူ့ကို အရမ်းသဘောကျတာ။ ချန်းယိုဝမ်ကလေ အရင်က သူရေးထားခဲ့တဲ့ ဇာတ်ညွှန်းပုံစံတိုင်းကို သူ့(ရှဲ့ချန်းမင်)ကို ပြတာ၊ ပြီးတော့ ချန်းယိုဝမ်ပြောတာက သူ(ရှဲ့ချန်းမင်)ကသာ ကမ္ဘာပေါ်မှာ သူ့ကို နားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူတဲ့။ သမီးတို့ အခုတလော သူ့ကို မတွေ့မိဘူး၊ သူက နောက်ဆုံးတစ်ခေါက် အစမ်းဖျော်ဖြေတုန်းကတောင် မလာခဲ့ဘူးလေ၊ စစ်တပ်က အရမ်းအလုပ်ရှုပ်တာပဲဖြစ်မယ်”

ရှီယွမ်က အံ့အားသင့်သွားသည်။

ဝံပုလွေသွားစွယ်ဆွဲသီးလေးက အခုထိ သူ့လည်ပင်းတွင် ရှိနေဆဲဖြစ်ပြီး အရင်တုန်းကတော့ သူ ဒီဆွဲသီးက အလွန်လေးလံလွန်းလှသည်ဟု မခံစားခဲ့ရပေ။

“ရှီယွမ် ဘာဖြစ်လို့လဲ?” ထရေစီမှ သူ့ကို မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး” ရှီယွမ်က သူ့ခေါင်းလေးကို ယမ်းပြလိုက်သည်။

ထိုနေ့ညတွင်၊ လုထင်းဟန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ရှီယွမ်သည် လုထင်းဟန်ဘေးတွင် နေရာယူကာ မေးမြန်းလာသည် “ကျွန်တော် ဇာတ်အဖွဲ့ကို ဝင်လိုက်တာက ရှဲ့ချန်းမင်ကြောင့်လို့ ကျွန်တော် ခင်ဗျားကို ပြောဖူးတယ်မလား၊ ပြီးတော့ သူက ဒီဆွဲသီးလေးကို ကျွန်တော့်ကို ပေးခဲ့တာရောလေ”

လုထင်းဟန် : “အင်း”

ရှီယွမ် : “ဇာတ်အဖွဲ့ရဲ့ ဇာတ်ညွှန်းရေးဆရာက ချန်းယိုဝမ်လေ။ သူက ရှဲ့ချန်းမင်ကို အရမ်းသဘောကျပြီး အခုချိန်ထိ ရှဲ့ချန်းမင် ပြန်လာပြီး ဖျော်ဖြေပွဲကြည့်ဖို့ကို စောင့်နေတုန်းပဲဆိုတာကို ဒီနေ့ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်…ကျွန်တော် မစ္စတာချန်းကို ရှဲ့ချန်းမင် သေသွားပြီဆိုတဲ့အကြောင်းကို ပြောပြဖို့သင့်မသင့် ကျွန်တော်မသိဘူးဖြစ်နေတယ်။ ကျွန်တော် ဘာလုပ်သင့်လဲဟင်?”

လုထင်းဟန်သည် စာဖတ်ခြင်းကို ရပ်တန့်လိုက်ပြီး ရှစ်ယွမ်ကို ကြည့်ကာ မေးလိုက်သည် “မင်း ဘယ်လိုထင်လို့လဲ?”

“ကျွန်တော် မသိဘူး”

လုထင်းဟန်မှ ပြောလာသည် “ငါ မင်း ဆုံးဖြတ်ချက်ချဖို့ကို မကူညီပေးနိုင်ဘူးလေ”

“ဘာလို့ ခင်ဗျားက မကူညီနိုင်တာလဲ?” ရှီယွမ်က စိတ်ရှုပ်ထွေးမှုတို့ကြောင့် သူ့အမြီးလေးကို ကွေးလိပ်လို့ထားလေသည်။ “ခင်ဗျားက ကျွန်တော်သိသမျှ လူတွေထဲမှာ အင်အားအကြီးဆုံးပဲဟာကို”

“ဘာလို့ဆို ဒါက မင်းရဲ့ ဇာတ်လမ်းမလို့လေ” လုထင်းဟန့်မှ ပြောလိုက်သည်။ “မင်း ရှဲ့ချန်းမင်နဲ့ တွေ့တဲ့အချိန်ကစပြီး ဇာတ်အဖွဲ့ထဲဝင်ဖို့ သဘောတူလိုက်တဲ့အထိ၊ အဲ့ဒါက မင်းရဲ့ ဇာတ်လမ်းပဲ”

ရှီယွမ်က ထိုစကားများကို အတော်လေး နားမလည်ဖြစ်နေသည်။ သူ ခက်ခက်ခဲခဲ တွေးကြည့်ပြီးနောက်၊ ရှီယွမ်မှ : “ခင်ဗျားလည်း ရှဲ့ချန်းမင်နဲ့ ဆက်ဆံရေးကောင်းခဲ့တယ်မလား?”

လုထင်းဟန်နှင့် ရှဲ့ချန်းမင်သည် တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းသိကြပြီး ဆွဲသီးလေးကို တစ်ချက်ကြည့်ရုံမျှဖြင့် လုထင်းဟန့်က မည်သူပိုင်ဆိုင်ကြောင်းကိုပင် တန်းသိနိုင်သည်။

လုထင်းဟန်မှ ပြန်ဖြေလာသည် : “သူက ငါ့ရဲ့အထက်လူကြီးဖြစ်ခဲ့ဖူးပြီး ငါတို့က ဆက်ဆံရေးကောင်းတယ်လို့ ငါ ပြောခဲ့ဖူးတယ်။ ဇာတ်လမ်းရှည်ကို အတိုချုံ့ပြောရရင်တော့ သူက ငါ့ကို တော်တော်လေး ဂရုစိုက်ပေးခဲ့တာ”

လုထင်းဟန်က များများစားစား ရှင်းမပြပေ။ ထိုကိစ္စများသည် လွန်ခဲ့သော နှစ်များစွာက စစ်တပ်ထဲတွင် ဖြစ်ခဲ့သည့် ကိစ္စများဖြစ်ပြီး ရှီယွမ်က သေသေချာချာ နားလည်နိုင်မှာလည်း မဟုတ်သလို မျှဝေခံစားပေးနိုင်မှာလည်း မဟုတ်ပေ။

“ဆိုတော့ အဲ့ဒီလိုပေါ့” ရှီယွမ်မှ ပြောလိုက်သည်။

ထိုအကြောင်းအရာများသည် လုထင်းဟန်နှင့် သက်ဆိုင်သော ဇာတ်လမ်းဖြစ်သည်။

ရှီယွမ်သည် ချန်းယိုဝမ်ကို ပြောရမည်လားဆိုသည်ကို စိတ်မပိုင်းဖြတ်နိုင် ဖြစ်နေဆဲဖြစ်ကာ တရားဝင်ဖျော်ဖြေမှုမစတင်ခင် သုံးရက်အလို၌ ချန်းယိုဝမ်က ရှဲ့ချန်းမင်အကြောင်း ထပ်ပြောလာသည်အထိပင်။

ချန်းယိုဝမ်က ရုံးခန်းထဲတွင် ကြိမ်းမောင်းနေသည် : “ဒီပရိတ်သတ်တွေက ဘယ်လို ထင်မြင်ချက်တွေကို လာပေးနေတာလဲ? ရှောင်းလီနဲ့ ရှောင်
ယန်းလိုဆို သူတို့ကမှ မျှတသေးတယ် ဒါပေမယ့် လီအမည်နဲ့ လူရယ် မန်အမည်နဲ့လူရယ်က တကယ့်ကို… သောက်ရမ်းရိုင်းတဲ့ အရိုင်းစိုင်းတွေ၊ ကြက်ဥထဲက အရိုးထုတ်နေကြတယ်!”
(ကြက်ဥထဲက အရိုးထုတ်- အပြစ်မရှိအပြစ်ရှာ)

“စိတ်လျှော့စမ်းပါ—“ ချင်လော့လော့က ဖြည်းဖြည်းချင်းပြောလိုက်သည်။ “ပြီးရင် ရှင် ချောင်းတွေထပ်ဆိုးနေဦးမယ်”

“ငါ ချောင်းဆိုးပြီး သေမယ်ဆိုရင်တောင် သူတို့ကို ကြိမ်းမောင်းနေဦးမှာပဲ!” ချန်းယိုဝမ်က စားပွဲခုံကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပစ်လိုက်သည်။ “ပြီးတော့ ငါရဲ့ နောက်ဆုံးသော သွေးစက်တွေကို သူတို့မျက်နှာတွေအပေါ်မှာ ပါးစပ်နဲ့အပြည့် ထွေးပစ်ဦးမှာ” သူသည် တကယ်ကို တစ်ဖက်သို့ ခေါင်းလှည့်သွားကာ သူ့ပါးစပ်သူကာပြီး ချောင်းဆိုးလိုက်ရသည်။ “မင်းမေ၊ လူတိုင်းကသာ ဗိုလ်ကြီးရှဲ့နဲ့တူနေမယ်ဆိုရင် ကောင်းမှာပဲ၊ သူ့မှာ ရသပညာကလည်း များပြားသေးတယ်။ ငါတို့နှစ်ယောက်က တောင်တန်းတွေနဲ့ မြစ်ပြင်တွေလို၊ တစ်ယောက်က တစ်ယောက်ရဲ့ ဝိညာဉ်ဖက်တွေလိုပဲ”

ချင်လော့လော့ ထွက်သွားသည့်အခါ ချန်းယိုဝမ်က ရုံးခန်းထဲတွင် ကျန်နေခဲ့ပြီး ဗလုံးဗထွေးပြောလျက်ရှိနေသည်။

ရှီယွမ်သည် တံခါးပေါက်နားတွင် ရပ်နေကာ ချန်းယိုဝမ်ကို တစ်ခဏလောက် ကြည့်နေပြီး ချန်းယိုဝမ်၏ အမူအရာတိုင်းကို သူ့နှလုံးသားထဲတွင် ထွင်းထုလျက် နောက်ဆုံးတော့ သူ စိတ်ပိုင်းဖြတ်လိုက်လေသည်။

ရှီယွမ်သည် သတိရှိရှိနှင့် အရှေ့သို့ လျှောက်သွားလိုက်သည် : “မစ္စတာချန်း၊ ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်…”

“ဘာကိုလဲ?” ချန်းယိုဝမ်က ရှီယွမ်ကို ကြည့်လာသည်။ “မင်းရော ငါ့ကို အပြစ်တင်ဦးမလို့လား?”

“ရှဲ့ချန်းမင် အကြောင်းကိုပါ” ရှီယွမ်မှ ပြောလိုက်သည်။

ချန်းယိုဝမ်က ရုတ်ခနဲ သူ့မျက်ခုံးများကို ပင့်တင်လိုက်သည် : “မင်းသူ့ကို သိတာလား?”

“အင်း” ရှီယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ချန်းယိုဝမ်ကို ပြရန် ဝံပုလွေသွားစွယ်ဆွဲသီးကို ထုတ်လိုက်သည်။ “ကျွန်တော် ခင်ဗျားကို မပြောပြခဲ့ရဘူး၊ သူ ကျွန်တော့်ကို ဒီဆွဲသီးလေး ပေးခဲ့တာ ပြီးတော့ ဒီကိုမလာခင်က ကျွန်တော်သူ့ကို ဇာတ်အဖွဲ့ထဲဝင်ဖို့ ကတိပေးခဲ့တယ်”

ခဏလောက် မှင်တက်မိပြီးနောက် ချန်းယိုဝမ်က ထရယ်တော့သည် : “ဆိုတော့ ဒီလိုပေါ့၊ ဒီလိုပေါ့၊ သူက ငါ့ဆီကို ဒီလို သရုပ်ဆောင်ကောင်းလေးတစ်ယောက်ကို ပို့လိုက်တာပေါ့လေ! ဟုတ်ပြီ၊ ငါ သူ့ကို နောက်တစ်ခါကျရင် သေချာပေါက် ညစာစားဖို့ ဖိတ်ရမယ်” ချန်းယိုဝမ်က ရှစ်ယွမ်အား စားပွဲပေါ်မှ ဖောင်တိန်ဘော့ပင်ကို ပြလိုက်သည်။ “မင်းမြင်လား၊ ဒီ ဖောင်တိန်ဘော့ပင်ကလည်း သူ ငါ့ကို ပေးခဲ့တာ။ ရွှေခတ်နှိပ်ပြီး လုပ်ထားတဲ့ ပစ္စည်းတွေလေ၊ အဲ့ဒါတွေက အရမ်း သုံးလို့လွယ်တယ်။ သူက ငါ့အကြောင်း အရမ်းသိတာပဲ။ ဒါနဲ့၊ သူ အခုတလော ဘယ်တွေရောက်နေတာလဲ၊ ဘာလို့ သူ့သတင်းတွေကို လုံးဝမကြားရတာလဲ၊ သူ မစ်ရှင်တွေ ထပ်သွားနေရတာတဲ့လား?”

ရှီယွမ်မှ : “… သူနဲ့ ကျွန်တော်က မြို့တော်ရဲ့ အပြင်ဘက်မှာ တွေ့ခဲ့တာ။ သူ ကူးစက်ခံခဲ့ရပြီး ဆုံးသွားပြီ”

ချန်းယိုဝမ်က တောင့်တင်းလို့သွားသည်။

သူ၏ စိတ်လှုပ်ရှားမှုများက ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားကာ သူ့မျက်နှာက ဖြူဖျော့လို့သွားသည်။ သူ့ကို ပါးလွှာလှသည့် လေထုက ထိုးနှက်သွားသည့်နှယ် အနောက်သို့ ခြေလှမ်းများ ဆုတ်ကာ တုန်လှုပ်နေတော့သည်။ သူသည် ရှင်းရှင်းလင်းလင်းကို ပြတင်းပေါက်မှ ဖြာကျနေသော နေရောင်အောက်တွင်ရပ်နေပါသော်လည်း သူ၏ သွားများက အအေးဓါတ်ကြောင့် တုန်ယင်လှုပ်ခတ်နေသည်။

ရှီယွမ်သည် စိတ်မအေးဖြစ်လာပြီး : “မစ္စတာချန်း၊ ခင်ဗျား အဆင်ပြေရဲ့လား?”

“ငါ အဆင်ပြေတယ်” ချန်းယိုဝမ်မှ ပြောလိုက်သည်။ “အင်း၊ ငါ အဆင်ပြေပါတယ်” သူသည် စားပွဲခုံကို ကိုင်ထားရပြီး နှစ်စက္ကန့်လောက် တောင့်တင်းနေသည်၊ ထို့နောက် ရုတ်တရက်ပင် အနည်းငယ်သော ထိတ်ရွံ့မှုတို့ဖြင့် စာရွက်စာတမ်းများရှိရာဘက်သို့ လှည့်သွားလေသည်။ စာရွက်များက တရွှမ်းရွှမ်းမြည်ကာ ဆူညံနေတော့သည်။ “ငါ၊ ငါ ဒီမှာ ထပ်ပြီး ပြောင်းလို့ရမယ့် စာသားတွေ ရှိမယ်ထင်တယ်၊ ရှစ်ယွမ်၊ မင်း အရင် အပြင်ထွက်နှင့်ပါလား”

ရှီယွမ်က ဝန်လေးစွာဖြင့် အနောက်သို့ ဆုတ်သွားလိုက်သည်။

ရှီယွမ် အခန်းထဲမှ ထွက်သွားသည့်အခါ ချန်းယိုဝမ်က ဘော့ပင်ကို ကိုင်ထားပြီး ခေါင်းငုံ့ကာ အသည်းအသန်ရေးနေလေသည်၊ ဘော့ပင်သည် နဂါးနှင့် မြွေကဲ့သို့နှယ် လှုပ်ရှားနေပြီး သူသည် ပုံမှန်အတိုင်း အာရုံစူးစိုက်မှုရှိပြီး စိတ်အားထက်သန်နေသလိုပင်။

မူမမှန်သည့် ဟန်မရှိသဖြင့် ချန်းယိုဝမ်က တကယ် အဆင်ပြေနေပုံရသည်။

ရှီယွမ် တွေးလိုက်သည်၊ အခုခေတ်တွင် သေခြင်းတရားက အလွန်အဖြစ်များနေခြင်းကြောင့် ဖြစ်နိုင်သည်၊ ချန်းယိုဝမ်က သူတွေးထားသည်ထက် ပို၍ သန်မာနေပေသည်။

သူ နောက်ဆုံးတော့ လျှို့ဝှက်ချက်ကို ပြောပြလိုက်ပြီဖြစ်ပြီး စိတ်သက်သာရာ ရလို့သွားလေသည်။

တစ်လလောက် ဇာတ်တိုက်ပြီးသည့်နောက်၊ နောက်ဆုံးတော့ တရားဝင်ဖျော်ဖြေမည့်နေ့ကို ရောက်ရှိလာခဲ့ပြီ။ ရှီယွမ်က လုထင်းဟန်ကို ပြဇာတ်ကြည့်ရန် ဖိတ်ကြားခဲ့သည်၊ သို့ပေမယ့် လုထင်းဟန်က အကြောင်းတစ်ခုခုကြောင့် မလာနိုင်၍ ရှီယွမ်ခင်မျာ လက်လျှော့ခဲ့ရသည်။

ထိုနေ့ည၌ ပြဇာတ်ရုံသည် မီးများဖွင့်ထားပြီး မျက်စိတစ်မှိတ်အတွင်း ကမ္ဘာကြီး အဆုံးမသတ်မှီက ချမ်းသာဝပြောခြင်းဆီသို့ ပြန်သွားကာ ပရိတ်သတ် လေး၊ငါးဆယ်ခန့် လာရောက်၍ အမှောင်ထဲတွင် ထိုင်နေကြသည်။

သူတို့ ပြောကြသည့်အတိုင်း၊ ပထမအကြိမ်က ခက်ခဲပြီး ဒုတိယအကြိမ်ဆို လွယ်သွားကာ အရာရာတိုင်း၏ အစပိုင်းများကသာ အခက်ခဲဆုံးဖြစ်သည်။ ရှီယွမ်တွင် လူကြောက်သည့် အကြောက်တရားက ရှိနေဆဲဖြစ်ပြီး ထို အစမ်းပွဲ၌ ခဏလောက် တောင့်ခဲသွားသည်ကလွဲ၍ သူ၏ အခြားသော ဖျော်ဖြေမှုများက အဆင်ပြေလေ၏။

သူသည် လင်မော့အဖြစ်ရော သစ်ပင်မိစ္ဆာအဖြစ်ပါ သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးသော ဇာတ်ကွက်တွင် လီယိုသည် သူ့အရှေ့တွင် တောက်ပစူးရှသည့် ချပ်ဝတ်တန်ဆာများဖြင့် မတ်တပ်ရပ်လို့နေသည်။ သူ ထွက်ပေါ်လာပြီးသည့်နောက် လီယို၏ လက်ထဲမှ ဓါးရှည်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ လီယိုက တီးတိုးဆိုလာသည် “မင်းက…မင်းက လင်မော့?”

ရှီယွမ်က အဖြေပြန်မပေးပေ။

သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောက်ပသည့်အလင်းရောင်များက သူ့အပေါ်ကို ခြုံလွှမ်းလျက်ရှိနေသည်။

— — အချက်အလက်များသည် ချန်းယိုဝမ်၏ လွန်စွာမှ အမြော်အမြင်ကောင်းမှုကို သက်သေပြလျက်ရှိသည်။ လက်ရှိနှင့် အတိတ်၌ ရှိခဲ့သော သရုပ်ဆောင်များစွာ ကြားထဲမှာတောင် အေးဆေးတည်ငြိမ်လွန်း နူးညံ့ညင်သာလွန်းသည့် ရှစ်ယွမ်က အတုမရှိလေးဖြစ်လို့နေကာ နတ်ဆိုးဆန်လှသည့် ပုံပန်းသွင်ပြင်နှင့် ဆန့်ကျင်ကွဲလွဲနေလျက် အလွန့်အလွန် အကျိုးသက်ရောက်မှုရှိနေသည်။ သူ အလင်းရောင်အောက်တွင် မတ်တပ်ရပ်နေသည့်အခါ သူသည် ထူးကဲသာလွန်၍ နူးညံ့သိမ်မွေ့နေပုံမှာ တခြားသော ကမ္ဘာမှ ရောက်လာသူကဲ့သို့ပင်။

သူသည် ကမ္ဘာကြီး၏ ဝမ်းနည်းပူဆွေးခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းနှင့် အမုန်းတရားတို့ကို ကြည့်နေခဲ့သည်။ လီယို၏ ယုတ်မာမှုနှင့် သူတော်ကောင်းဟန် ဆောင်ခြင်းကို ထွင်းဖောက်မြင်နေပြီး လီယိုတစ်ယောက် ဘယ်လောက်တောင်မှ သူရဲကောင်းအစစ်အမှန် ဖြစ်ချင်နေမှန်းကို သိရှိလို့နေသည်။

လီယိုသည် မကောင်းဆိုးဝါးသတ္တဝါများကို ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေချင်သည်။

ကယ်တင်ခြင်းနတ်ဘုရားက ပြောလာသည် “ငါ မကောင်းဆိုးဝါးသတ္တဝါတွေကို ပျောက်ကွယ်သွားအောင် လုပ်ပေးမယ် ဒါပေမယ့် ငါ မင်းရဲ အသက်ကို ပြန်လိုချင်တယ်”

ထိုအခိုက်အတန့်တွင်၊ လီယိုက နားလည်သွားသည်—

သေခြင်းတရားက သူ့အတွက် ပြစ်ဒဏ်မဟုတ် သူ၏ တောင့်တမှုဆန္ဒပင် : သူသည် နှင်းပြင်နှင့် သဲကန္တာရထဲသို့ ဖြတ်ပြေးခဲ့သည်၊ သူသည် ရွှံ့နွံနှင့် ဆူးချုံများထဲမှ တွားသွားခဲ့သည်၊ သူ့တွင် ယုံကြည်ရသည့် သူငယ်ချင်းများ ရရှိခဲ့သည်၊ သူသည် အပြင်းဆုံးအရက်ကို သောက်ပြီး မူးရူးခဲ့ဖူးသည်၊ သူသည် ကြောက်စရာကောင်းပါသည်ဆိုသော မကောင်းဆိုးဝါးများကို သုတ်သင်ခဲ့သည်၊ သူ့တွင် အမာရွတ်များရှိခဲ့သည်၊ သူသည် သူ့အတိတ်ကို ဖုံးကွယ်ချင်ခဲ့သည်၊ သူသည် သူရဲကောင်းအစစ်အမှန်ဖြစ်ချင်ခဲ့သည်။

သူသည် မဆိုင်းမတွ ကတိပေးလိုက်သည် : “ကျွန်တော့်ကို အာဇာနည်သူရဲကောင်း ဖြစ်ခွင့်ပေးပါ”

ကယ်တင်ခြင်းနတ်ဘုရား : “မင်းရဲ့ ဆန္ဒအတိုင်းပါပဲ”

လီယိုသည် ရွှေရောင်လွှမ်းသည့် မိုးသောက် အရုဏ်ဦးတွင် သေဆုံးခဲ့သည်။

သူသည် အာဇာနည်လူစွမ်းကောင်းတစ်ယောက်၊ စစ်မှန်သည့် သူရဲကောင်းတစ်ယောက်ဖြစ်လေသည်။

ဖျော်ဖြေပွဲပြီးဆုံးသွားသည့်အခါ ပရိတ်သတ်များက မတ်တပ်ရပ်၍ လက်ခုပ်တီးကြပြီး လက်ခုပ်သံများက အချိန်ကြာမြင့်စွာ တဖြောင်းဖြောင်းမြည်နေတော့သည်။

ဖျော်ဖြေပွဲသည် အောင်မြင်စွာ နိဂုံးချုပ်သွားပြီး ကြီးမားသော အောင်မြင်မှုကြီးပင်ရလိုက်သည်။ ဤဖျော်ဖြေပွဲသည် နှင်းဆီရိုင်းဇာတ်အဖွဲ့၏ တကယ့်ကို အကောင်းဆုံးသော ဖျော်ဖြေပွဲပင်ဖြစ်တော့သည်။ စင်အနောက်ဘက်သို့ ပြန်လာကြပြီးနောက်၊ ချန်းယိုဝမ်သည် စိတ်လှုပ်ရှားလွန်း၍ သူ့မျက်နှာပင် နီရဲလို့နေပြီး သူ၏ ခြေလက်များကို မြှောက်ကာ ကခုန်လို့နေသည်မှာ အမောဆို့၍ ဗိုင်းခနဲ လဲကျတော့မတတ်ပင်။

သူတင်မကပါဘဲ၊ အမြဲလိုလို ဇာတ်အဖွဲ့က ဆင်းရဲလွန်း၍ မကြိုက်မနှစ်သက်ဖြစ်နေခဲ့သည့် ရှဖန်းပင် ပြုံးလို့နေလေသည်။ 

သူတို့တွေသည် မုန့်များ၊ အချိုရည်များနှင့် ကိတ်ကိုတောင်မှ ဝယ်ချလာကြပြီး ရိုးရိုးရှင်းရှင်း အောင်ပွဲလေးကို ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် ချန်းယိုဝမ်က ပျော်ရွှင်နေလေသည်။ သူသည် လုံးဝ သံစဉ်မကိုက်ပါသော သီချင်းနှစ်ပုဒ်ကိုပင် သီဆိုခဲ့ပြီး ချင်လော့လော့ကို လွန်လွန်ကဲကဲ တုန်ယင်သွားစေတော့သည်။ ထရေစီက မုန့်များစားဖို့ကိုသာ အာရုံစိုက်နေပြီး ဝုဖ်ဂိန်းကတော့ တိတ်ဆိတ်ဆဲ တိတ်ဆိတ်မြဲသာဖြစ်ကာ ထောင့်တစ်နေရာတွင် ထိုင်ပြီး ပြုံး၍နေလေ၏။

“ချီးယားစ်!” သူတို့ အော်ဟစ်လိုက်ကြသည်။ “ဇာတ်အဖွဲ့အတွက်! လေဒီအစ္စဘယ်လာအတွက်!”

ရှီယွမ်က သူတို့ကြားတွင် ထိုင်နေကာ လူတိုင်း၏ စိတ်လှုပ်ရှားမှုများကို ထိုင်ကြည့်နေပြီး ခုနကပင်ပြီးသွားသည့် ဖျော်ဖြေပွဲအကြောင်း ပြောနေကြသည်ကို နားထောင်နေလေသည်၊ လေထုထဲတွင် လိမ္မော်ဆိုဒါအနံ့များ ပျံ့နှံ့နေပြီး ချိုချိုချဉ်ချဉ်အနံ့များ ပြည့်နှက်နေသည်။

ရှီယွမ်သည် ဝက်ဝံဘီစကစ်အနည်းငယ်ကို စားကြည့်လိုက်ပြီး အရသာရှိသည်ဟုတွေးကာ လုထင်းဟန်ကို ပေးချင်လာ၍ ဘီစကစ်နှစ်ခုကို တိတ်တိတ်လေးဖွက်ယူထားလိုက်သည်။

“ရှီယွမ်!” ချင်လော့လော့က ရှီယွမ်၏ ပုခုံးကို လှမ်းဆွဲကိုင်ကာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ယမ်းပစ်လိုက်သည်။ “မင်း ဖျော်ဖြေသွားတာ အရမ်းကောင်းတယ်! အသေအချာကို ငါ့မှာ အမြင်ကောင်းလေးရှိနေသေးတာပဲ!”

ချန်းယိုဝမ်သည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေကာ သူ၏ အသံသည်ပင် အဋ္ဌမအသံ ‘ဒို’ ကဲ့သို့ ဖြစ်သွားလေတော့သည် : “ဘာလို့ဆို ငါက ဇာတ်ညွှန်းကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲလိုက်လို့လေ! ငါ့အဆင့်က ဒီမှာပဲ၊ ဇာတ်ကွက်ကလည်း အရမ်းကောင်းတယ်၊ ဒါပေါ့ဒါပေါ့၊ သူတို့တွေ ငါ့ကြောင့် စိတ်လှုပ်ရှားသွားကြရပြီ…” ချန်းယိုဝမ်၏ ကြွားလုံး နောက်တစ်ခုပင်ဖြစ်တော့သည်။

သူတို့အုပ်စုသည် သူတို့ဘာသာ စိတ်ခံစားမှုများ မြင့်တက်လာကြပြီး ရှီယွမ်သည် နောက်ထပ် ဝက်ဝံဘီစကစ်အချို့ကို ခိုးယူရန် အခွင့်အရေးယူခဲ့သည်။

၉နာရီတွင် အောင်ပွဲခံပါတီလေးကို အဆုံးသတ်လိုက်ကြပြီး လူတိုင်းက အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေကြသည်။

ရှီယွမ်သည် ပြဇာတ်ရုံ တံခါးမှ ထွက်လာလိုက်ပြီး တစ်ခုခုကို ထပ်တွေးကြည့်ကာ နောက်ပြန်လှည့်၍ ထရေစီကို သွားရှာလိုက်သည်။
“မင်း မနေ့က ဖတ်ပြခဲ့တဲ့ ပုံပြင်စာအုပ် ငါ့ကို ငှါးပေးလို့ရမလား? ငါ မနက်ဖြန်ကျရင် မင်းကို ပြန်ပေးမယ်လေ”

“ရတယ်လေ” ထရေစီမှ ပြောလိုက်သည်။ “အဲ့စာအုပ်နဲ့ ဘာလုပ်မလို့လဲဟင်?”

“အိပ်ရာဝင်ချိန် ပုံပြင်ဖတ်ဖို့” ရှီယွမ်မှ ပြန်ပြောလိုက်သည်။

ထရေစီက စာအုပ်ထုတ်ပြီးပေးလာချိန်မှာတော့ စင်္ကြံလမ်းမှ မီးရောင်များမှိတ်သွားသည်မှာ ကြာနေပြီဖြစ်ကာ မဲမှောင်လို့နေလေသည်။ ရှီယွမ်သည် ပုံပြင်စာအုပ်ကို သူ့ရင်ခွင်ထဲ ထည့်ပိုက်ကာ လမ်းလျှောက်လာရင်း ငိုသံကို ကြားလိုက်ရသည်။

ဒီလို အခြေအနေမျိုးမှာ ကြားလာရသည့် ငိုကြွေးသံ၊ တခြားတစ်ယောက်သာဆိုလျှင်တော့ သရဲခြောက်သည်ဟု ထင်ကာ သူတို့နှလုံးသားက တုန်လှုပ်ထိတ်လန့်သွားလိမ့်မည်။ သို့ပေမယ့် ရှီယွမ်ကတော့ အမှောင်ထုကို လုံးဝမကြောက်ရွံ့ပဲ အသံနောက်ကို လိုက်ကာ ငိုသံက ချန်းယိုဝမ်၏ ရုံးခန်းထဲမှ လာသည်ကို ရှာတွေ့သွားသည်။

တံခါးက ဟလျက်ရှိနေပြီး စားပွဲတင်မီးအိမ်မှ အလင်းရောင်က တံခါးအဟကြားထဲမှ ထွက်ပေါ်လို့နေသည်။

ရှီယွမ်သည် မသိစိတ်အလျောက် ခြေလှမ်းများကို ဖော့လိုက်ကာ တံခါးဝတွင် ရပ်လိုက်ပြီး၊ တုတ်ကောက်က မြေပြင်ပေါ်တွင် ကျလျက် စာအုပ်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ချန်းယိုဝမ်သည် အခန်းထောင့်တွင် နေရာယူကာ ကြမ်းပြင်ပေါ်တွင် ထိုင်၍ ခန္ဓာကိုယ်ကို ကွေးကာ ထူထဲလှသော ဇာတ်ညွှန်းစာအုပ်နှင့် ရွှေခတ်နှိပ်ပြီးလုပ်ထားသည့် ဖောင်တိန်ဘော့ပင်အား ပွေ့ဖက်ထားသည်ကို မြင်တွေ့လိုက်ရသည်။

ချန်းယိုဝမ်က ကျယ်လောင်စွာ ငိုကြွေးလို့နေသည်။

ရှီယွမ် တိတ်တိတ်လေး ထွက်သွားလိုက်တော့သည်။

ရှီယွမ် ပြဇာတ်ရုံမှ ထွက်လာချိန်တွင် ၉နာရီခွဲလို့သွားပြီး နောက်ဆုံး Busကားကို မှီရန် အနည်းငယ် နောက်ကျသွားသည်။

သူ ခြေထောက်အရှိန်ကို မြန်မြန်တင်ပြီး ပြေးခါနီးတွင် သူ့ဖုန်းလေးက မီးလင်းလို့လာသည်။

လုထင်းဟန် : [ဖျော်ဖြေပွဲ ပြီးသွားပြီလား?]

ရှီယွမ် : [ပြီးသွားပြီ၊ ကျွန်တော် Busကားပေါ်တတ်တော့မလို့]

လုထင်းဟန်မှ စာပြန်လာသည် : [ငါ့ကို ပြဇာတ်ရုံ အဝင်ဝမှာ စောင့်နေ]

ရှီယွမ်သည် ပြဇာတ်ရုံတံခါးရှေ့တွင် မတ်တပ်ရပ်နေလိုက်သည်။ ၁၀မိနစ်လောက် စောင့်ပြီးနောက် ရင်းနှီးနေပါသော အနက်ရောင်ကားလေးက မောင်းလာပြီး ကားမီးရောင်က ရှီယွမ်၏ အရိပ်ကို အရှည်ကြီးဖြစ်သွားစေ၏။

ကားပြတင်းတံခါးက ကျလာပြီး လုထင်းဟန်က ပြောလာသည် “ကားပေါ်တက်”

သူတို့သည် ကာဖျူးအချိန်မတိုင်မှီတွင် အိမ်သို့ ပြန်ရောက်လာသည်။

ရှီယွမ်သည် ရေချိုးပြီးနောက် ခါတိုင်းကဲ့သို့ ကြီးမားကျယ်ဝန်းလှသည့် မတီးမတော်အဝတ်အစားတို့ကို ဝတ်ကာ လုထင်းဟန်၏ အခန်းသို့ ပြေးသွားလိုက်သည်။

ရှီယွမ်က လုထင်းဟန်ကို ဝက်ဝံဘီစကစ် နှစ်ခုနှင့် လာဘ်ထိုးလိုက်ပြီး လုထင်းဟန်၏ အိပ်ယာပေါ်သို့ အောင်မြင်စွာ ချင်းနင်း ဝင်ရောက်သွားလေသည်။

ရှီယွမ်သည် ပထမဦးစွာ ဖျော်ဖြေပွဲက ဘယ်လိုအောင်အောင်မြင်မြင် ပြီးသွားကြောင်းကို ပြောပြပြီးနောက် ချန်းယိုဝမ်အကြောင်းကို ပြောပြလိုက်သည်။

ရှီယွမ်မှ : “ခင်ဗျားက ဒါ ကျွန်တော့်ရဲ့ ဇာတ်လမ်းပဲလို့ ပြောခဲ့တော့၊ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တာပေါ့”
ရှစ်ယွမ်က ခဏလောက် တွေးကြည့်လိုက်သည်။ “ချန်းယိုဝမ်က ရှဲ့ချန်းမင်ကို တကယ်ကြီး သဘောကျတာပဲ။ သူက အမြဲတမ်း ရှဲ့ချန်းမင် တစ်ယောက်ထဲကပဲ သူ့ကို နားလည်ပေးနိုင်တယ်လို့ ပြောပြောနေတာ”

လုထင်းဟန်က တစ်ခဏလောက် တိတ်ဆိတ်သွားသည် : “ဒီကမ္ဘာကြီးမှာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ရှားတယ်လေ”

“အင်း” ရှီယွမ်မှ ပြောလာသည်။ “သူနဲ့ ရှဲ့ချန်းမင်မှာလည်း ထူးခြားတဲ့ ဇာတ်လမ်းလေးရှိမှာပဲ ဒါပေမယ့် ကျွန်တော် မသိနိုင်တာကတော့ ဝမ်းနည်းစရာပေါ့”

လုထင်းဟန်က ဘာမှပြန်မဖြေလာတော့ပဲ ရှီယွမ်၏ ခေါင်းလေးကိုသာ ပွတ်သပ်နေလိုက်ပြီး မေးလာသည် “မင်းရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ဟာက ဘာလဲ?”

“ပုံပြင်စာအုပ်လေ” ရှီယွမ်မှ ပြောလိုက်သည်။ “ကျွန်တော် ထရေစီဆီက ငှါးလာတာ”

ရှီယွမ်က ပုံပြင်စာအုပ်၏ စာမျက်နှာ ၂၇ကို လှန်လိုက်သည်။ ပုံပြင်စာအုပ်၏ နောက်ခံသည် စိတ်ကူးယဉ်ဆန် ဆန်းပြားကာ ရေသူမများ၊ ဂါဂိုဝိုင်းလ်များ ၊ ဂရစ်ဖ်ဖင်များ(ခြင်္သေ့ကိုယ်၊ လင်းယုန်ငှက်ခေါင်းနှင့် တောင်ပံများပါသော ဒဏ္ဍာရီလာသတ္တဝါ)၊ နတ်ဆိုးအုပ်စုများကို စာမျက်နှာ ၂၇တွင် ရေးဆွဲထားသည်၊ အချို့သည် အရုပ်ဆိုးကာ အချို့သည် လှပပြီး အချို့ကအမွှေးထူ၍ အချို့ကတော့ အကြေးခွံများနှင့်ဖြစ်သည်။

ရှီယွမ်မှ ပြောလာသည် “ကြည့်၊ ကျွန်တော့်ရဲ့ ဦးချိုက သူတို့ဟာတွေနဲ့ တော်တော်လေးဆင်တာပဲ ပြီးတော့ အကြေးခွံတွေကလည်း နည်းနည်းတော့ တူတယ်”

“တော်တော်လေး တူတာပဲ” လုထင်းဟန်က မှတ်ချက်ပေးလာပြီး ရှီယွမ်၏ ချောမွေ့နေသည့် ဦးချိုလေးကို မျက်နှာအမူအရာ တစ်ချက်မပြောင်းဘဲ ထိကိုင်လိုက်သည်။

“ဒါနဲ့ ကျွန်တော် စဉ်းစားမိသွားပြီ” ရှီယွမ်က ဆက်ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ နာမည်ပြောင်ကို ‘နတ်ဆိုး’လို့ ခင်ဗျား ပြောင်းလို့ရတယ်”

လုထင်းဟန်က ပြုံးသွားသည် : “ရှီယွမ်၊ ဒါက ကောင်းတဲ့ စကားလုံးမဟုတ်ဘူး။ ငါတို့က များသောအားဖြင့် ဒီစကားလုံးကို ချောက်နက်ကို ဖော်ပြဖို့အတွက် သုံးတယ်၊ ချောက်နက်တွေကို ‘နတ်ဆိုးဖန်တီးမှုများ’ ဆိုပြီး ပြောကြတယ်”

ရှီယွမ် : “အင်း၊ ကျွန်တော်ကတော့ နတ်ဆိုးတွေက အရမ်းချစ်ဖို့ကောင်းတယ်လို့ တွေးနေတုန်းပဲ။ ဒီနတ်ဆိုးရဲ့ မျက်လုံးကြီး ဘယ်လောက်ကြီးလဲ ကြည့်ပါဦး၊ ခင်ဗျား မကြိုက်ဘူးလားဟင်?”

လုထင်းဟန် ကြည့်ကြည့်လိုက်သည့်အခါ နီရဲနေသောမျက်လုံးတစ်လုံးသာရှိပြီး ထိုမျက်လုံးကလည်း လူခေါင်းလောက်ကြီးကာ ဘောလုံးပုံစံဖြစ်နေပါသည့် နတ်ဆိုးကို မြင်လိုက်ရသည်။

လုထင်းဟန် : “……” ရှီယွမ်က သူ့ကိုယ်သူ အကြီးကြီးနားလည်မှု လွဲနေရုံသာလျှင်မကဘဲ အလှရသခံစားမှုအပိုင်းမှာလည်း ပြဿနာရှိနေသေးသည်။

ရှီယွမ်က ထပ်ပြောလာပြန်သည် : “ခင်ဗျားလည်း ကျွန်တော်က သူတို့နဲ့ တူတယ်လို့ ပြောခဲ့တယ်မဟုတ်လား?”

“ငါ မင်းရဲ့ နာမည်အရင်းကိုပဲ တစ်ခါတည်း ပြောင်းပေးလိုက်တာ ပိုကောင်းမယ်” လုထင်းဟန်မှ ပြောလိုက်သည်။ “နာမည်ပြောင်အတွက် စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့”

“မရပါဘူး၊ ကျွန်တော် နောက်ဆုံးမှ ဒီနာမည်လေးကို စဉ်းစားမိတဲ့ဟာကို” ရှီယွမ်က မလျှော့တမ်း ပြောလာလေသည်။ သူသည် လုထင်းဟန်၏ လက်ထဲမှ ဖုန်းကို ယူလိုက်ပြီး ‘ဂရူးဂရူးလုပ်တတ်တဲ့ အမြီးရှည်မိစ္ဆာလေး’၏ နေရာတွင် ‘နတ်ဆိုး’ ဆိုပြီး ပြောင်းပစ်လိုက်သည်။

လုထင်းဟန်က ဖုန်းကို ပြန်ယူလိုက်ပြီး ခဏလောက်တွေးတောကာ ‘နတ်ဆိုးလေး’ဟူ၍ ပြောင်းလိုက်ပြီး ပြောလာသည် “ဒါက မင်းနဲ့ပိုလိုက်တယ်”

ထိုသို့ ပြောင်းလိုက်ခြင်းသည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ နတ်ဆိုးလေးဆိုသည်မှာလည်း နတ်ဆိုးနှင့် အသံထွက် အတူတူပင်ဖြစ်သော်လည်း နတ်ဆိုးလေးဆိုသည်က ရှီယွမ်နှင့် အထူးတလည် ကိုက်ညီမှုရှိနေသည်။

“ဒါဆို ကျွန်တော့်ကို အဲ့လိုပဲ ခေါ်တော့နော်၊ နောက်ပိုင်းမှ ခင်ဗျား တခြားဟာနဲ့ ပြောင်းလိုက်လို့ရတယ်” ရှီယွမ်မှ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ခင်ဗျားတစ်ယောက်တည်းပဲ ကျွန်တော့်ကို အဲ့လိုခေါ်လို့ရတာ” ရှီယွမ်၏ နှလုံးသားလေးက အလွန်ကျေနပ်လို့နေပြီး မကြာခင်မှာပဲ စတင်၍ ပျော်ရွှင်စွာဖြင့် ဂရူးဂရူးလုပ်တော့သည်။

လုထင်းဟန်က ရှစ်ယွမ်၏ ခေါင်းလေးကို ထိကိုင်ထားပြီး မေးလိုက်သည် “မင်းဘာလို့ နာမည်ပြောင်လိုချင်ရတာလဲ?”

ရှီယွမ်က ဂရူးဂရူးလုပ်နေရတာနှင့် အလုပ်ရှုပ်နေသော်လည်း အချိန်လေးယူကာ လုထင်းဟန်ကို ပြန်ဖြေပေးလာသည် : “ဘာလို့ဆို ကျွန်တော်က အထူးသီးသန့်လေးမလို့လေ”

လူအများ အားလုံးထဲမှာမှ သူသည် လူတစ်ဦးတည်း၏ အလေးထားဆက်ဆံခြင်းကိုသာလျှင် ခံချင်ပါ၏။

လုထင်းဟန်သည် အနည်းငယ် ရပ်တန့်လို့သွားသည်။

ရှီယွမ်က၊ ဒါပေါ့ အထူးသီးသန့်ဖြစ်တည်မှုပဲ။

ရှီယွမ်က မြို့တော်အပြင်ဘက်မှ ရောက်လာခဲ့သည်၊ မြို့တော်အပြင်ဘက်တွင်လည်း တကယ့်ကို အသက်ရှင်ကျန်ရစ်သူများ ရှိသော်ငြားလည်း သူတို့က သနားစရာကောင်းလောက်အောင်ကို အနည်းငယ်သာလျှင် ရှိသည်၊ အထူးသဖြင့် မကြာသေးမီနှစ်များကပင်— ဤသည်ကပင် ရှီယွမ်၏ အထောက်အထားကို သံသယဝင်စရာဖြစ်နေပြီ၊ ပြီးလျှင် အတိတ်ကို လွမ်းမောမိသလို၊ သူ့အပေါ် ရင်းနှီးကျွမ်းဝင်နေမှုအပြင် သူ့ကို ပထမဆုံးမြင်တွေ့စဉ်က ပေါ်လာခဲ့သည့် အန္တရာယ်အာရုံခံစားသိရှိမှုကလည်း ထင်ယောင်ထင်မှားဖြစ်လုနီးနီးပင်…

လုထင်းဟန်သည် အခုအချိန်ထိကို အဖြေရှာမတွေ့သေးပေ။

ဒီညမှာတော့ လျှို့ဝှက်ချက်ကို ဖုံးကွယ်လို့ထားသည့် ရှီယွမ်က သူ့လက်မောင်းများ ကြားတွင် ရှိနေပြီး သူ့ကို လေးလေးနက်နက်ကြည့်ကာ ပြောလာသည် : “တစ်နေ့နေ့ကျရင်တော့ ခင်ဗျားသိလာမှာပါ၊ ကျွန်တော်တို့မှာလည်း ထူးခြားတဲ့ ဇာတ်လမ်းရှိတာကို”

ရှီယွမ်သည် ဤကမ္ဘာပေါ်တွင် ဇာတ်လမ်းပေါင်းမြောက်များစွာရှိနေသည်ကို ယခု နားလည်သွားပြီဖြစ်သည်။

ဇာတ်ညွှန်းထဲတွင် အတက်အကျများရှိသလို စင်မြင့်ပေါ်၌ မီးများလင်းလာသည့်အခါ စိတ်ကူးယဉ်ဇာတ်ကောင်များ၏ အချစ်၊ အမုန်း၊ ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှုများကို အမှန်စင်စစ် အသက်ဝင်လာအောင် သရုပ်ဆောင်ရသည်။ ထိုသို့သော ဇာတ်လမ်းများကလည်း သူ့ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လို့နေသည်၊
ပြောရပါလျှင် ကန္တာရထဲမှာ အစပြုခဲ့သည့် သူ၏ ခရီးရှည်ကြီးတစ်လျှောက်တွင် ပထမဆုံးတွေ့ခဲ့ရပါသော လူသားနှင့် ကတိစကားတို့သည် သူနှင့် ရှဲ့ချန်းမင်၏ ကြားမှ ဇာတ်လမ်းဖြစ်သည်။ နောက်ထပ်ဥပမာအနေနှင့် ရှဲ့ချန်းမင်နှင့် ချန်းယိုဝမ်၏ အတိတ်ဇာတ်လမ်းသည် သူ့ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် ဇာတ်လမ်းများထဲမှ တစ်ခုပင်။

နောက်ထပ် သူသိသည့် သူများဖြစ်ကြသည့် ဝုဖ်ဂိန်းနှင့် ထရေစီ၊ ချင်လော့လော့နှင့် ရှဖန်း သို့တည်းမဟုတ် ဝမ်းယွီနှင့် လူပါးဖန်းတို့တွင်လည်း ပွဲကြည့်ပရိတ်သတ်များ မသိနိုင်ခြင်းမှအပ တစ်မူထူးသော ဇာတ်လမ်းများ၊ အဖြစ်ဆိုးများနှင့် အောင်ပွဲများ ရှိနေမည်သာ။

လုထင်းဟန်နှင့် သူ၏ ဇာတ်လမ်းလေးကတော့…

ထိုဇာတ်လမ်းလေးက လွန်ခဲ့သောနှစ်များစွာက စတင်ခဲ့ခြင်းပင်။

အထီးကျန်မှုကို ကြောက်ရွံ့ပါသော ချောက်နက်လေးနှင့် ချောက်နက်လေးကို ရှာတွေ့ခဲ့ပါသော လူသား။

“…ဘာဇာတ်လမ်းလဲ?” လုထင်းဟန်မှ မေးလိုက်သည်။

ရှီယွမ်က ပြန်ဖြေလာသည် : “ခင်ဗျားကနေ အစပြုခဲ့တဲ့ ဇာတ်လမ်းလေးပေါ့… ကျွန်တော်ကတော့ အဆုံးသတ်လေးက အရမ်းလှပနေမယ်လို့ထင်တာပဲ”









ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now