အခန်း ( ၃၈ )

495 102 1
                                    


// Unicode //


လုလင်းရှီက ယန်ယွဲ့ကို ရေချိုးရန် လောဆော်လိုက်ပြီး တာ့ဟေးကိုလည်း သူနှင့်အတူ ရေချိုးခန်းထဲ တွန်းပို့လိုက်သည်။

လေလွင့်ခွေးတစ်ကောင်အနေဖြင့် တာ့ဟေးသည် သေသေချာချာ ရေချိုးရန် အလေ့အထ မရှိခဲ့ပေ။ ယေဘုယျအားဖြင့် ပူသောအခါမျိုးတွင် ရေအိုင် သို့မဟုတ် ရေကန်ထဲဆင်းပြီး တစ်ပတ်နှစ်ပတ်လောက် ရေကူးကာ ပြန်တက်လာမည်ဖြစ်သည်။ သို့သော် ယခု သူက လေလွင့်ခွေး မဟုတ်တော့သဖြင့် တာ့ဟေးမှာ ရေချိုးသည့်အလေ့အထကို အတင်အကြပ်မွေးမြူရတော့သည်။ ကံကောင်းထောက်မစွာဖြင့် လုလင်းရှီသည် တုံကောဆီကနေ ခွေးများကို နေ့တိုင်းရေချိုးပေးလျှင် ၎င်းတို့၏အရေပြားအတွက် ထိခိုက်စေနိုင်ပြီး အလွယ်တကူ ဖျားနာတတ်ကြောင်း ကြားခဲ့ရသည်။ ထို့ကြောင့် တာ့ဟေးကို နေ့တိုင်း ရေမချိုးပေးခဲ့ပေ။ သို့သော် ယခု တာ့ဟေးမှာ မိုးရေတို့ဖြင့် စိုရွှဲနေသဖြင့် မလွတ်မြောက်နိုင်တော့ပေ။

ရေချိုးခန်းထဲတွင် ယန်ယွဲ့နှင့် တာ့ဟေးတို့မှာ တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့်နေကြသည်။ ယန်ယွဲ့က ဘာမှမပြောပေ။ တာ့ဟေး၏မျက်လုံးများထဲတွင် ရုန်းကန်မှု အရိပ်အယောင်တို့ ပေါ်လွင်နေပြီး ချီတုံချတုံဖြင့် ရေပန်းအောက်သွားကာ သတိရှိရှိ ထိုင်ချလိုက်သည်။

ရေချိုးခန်းအပြင်ဘက်တွင် ယန်ယွဲ့ သူ့အနားတွင် မရှိသဖြင့် လုလင်းရှီက အဖြူရောက်ဘောင်ကွက်ကို ပြန်ခေါ်လိုက်ပြီး သူ့မျက်လုံးများက ထူးဆန်းသော အချက်ပြမှုကို စိုက်ကြည့်နေ၏။

[ စိုက်ပျိုးမြေမှာ ညစ်ညမ်းနေပါသည်။ သဘာဝစွမ်းအားကို အသုံးပြုပြီး သန့်စင်ပါမည်လား။ ]

ထိုဝါကျမှာ နားလည်ရခက်သည် မဟုတ်ပေ။ စိုက်‌ပျိုးမြေဆိုသည်က အိမ်နောက်ဖေးက ခြံဝန်းသေးသေးကို ရည်ညွှန်းခြင်းဖြစ်သော်လည်း ခြံဝန်းသေးသေးလေးက အဘယ့်ကြောင့် ညစ်ညမ်းသွားသည်ကို သူ နားမလည်ခြင်းသာ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ညစ်ညမ်းသွားတာလဲ...။ ဤမေးခွန်းက လုလင်းရှီကို အနည်းငယ် ပဟေဠိဖြစ်စေသည်။ ထို့နောက် သန့်စင်မည်ကို ချက်ချင်းရွေးချယ်မည့်အစား သူ့ဖုန်းကို ထုတ်ပြီး မြေထုညစ်ညမ်းမှုကအကြောင်းကို သိရှိရန် အရင်ရှာဖွေလိုက်သည်။ 

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now