အခန်း ( ၉ )

1.3K 257 6
                                    


// Unicode //

အခန်း ( ၉ )

လုလင်းရှီ ဆေးရုံဆင်းလာချိန်တွင် သူ ပြုစုထားခဲ့သော သဇင်မင်းပင်အိုးကို ထျန်းကျဲဆီ အပ်ထားခဲ့သည်။ သဇင်မင်းပင်ကို သူ ဂရုတစိုက် ပြုစုထားခဲ့သဖြင့် အရွက်တို့မှာ စိမ်းစိုပြီး ကျန်းမာနေ၏။ ထျန်းကျဲကပင် ၎င်းကို တစ်ချက်ကြည့်ရုံမျှဖြင့် သူမခံစားချက်တို့ကို ကောင်းမွန်လာစေသည်ဟု ပြောခဲ့သည်။ ထျန်းကျဲက ၎င်းကို သဘောကျသဖြင့် လုလင်းရှီမှာ အတော်လေးကို စိတ်သက်သာရာသွားခဲ့သည်။ ဤသဇင်ပင်အိုးသည် သူ ပထမဆုံးပြုစုခဲ့သော အပင်ဖြစ်ရုံသာမက အဖြူရောင်ဘောင်ကွက်ကို ရှာဖွေတွေ့ရှိမှုတွင် အဓိက ပါဝင်ပတ်သက်သူ ဖြစ်သဖြင့် လုလင်းရှီ၏ နှလုံးသားထဲတွင် ၎င်းက အထူးဖြစ်တည်မှုတစ်ခု ဖြစ်သည်။ အကယ်၍ သူနှင့် ဝမ်စုရှို့တို့ ပြန်ယူသွားရမည့် ပစ္စည်းများ အလွန်များပြားနေခြင်းကြောင့်သာ မဟုတ်ပါက လုလင်းရှီသည် ၎င်းကို ချန်းထားခဲ့မည် မဟုတ်ပေ။

လုလင်းရှီ သဇင်မင်းပင်အား နှမျောသတကြည့်နေသည်ကို မြင်သောအခါ ထျန်းကျဲက ပြုံးလျက် ရယ်မောလိုက်သည်။

“ စိတ်မပူပါနဲ့ ရှောင်လု... ထျန်းကျဲက မင်းကို ကူညီပြီး ဒီသဇင်မင်းပင်ကို ကောင်းကောင်း ဂရုစိုက်ထားပေးမယ်... တစ်နေ့နေ့ အချိန်ရရင် ဆေးရုံလာပြီး လာယူလှည့်ပေါ့"

ထျန်းကျဲက ထိုသို့ ပြောလာသဖြင့် လုလင်းရှီသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

ထျန်းကျဲနှင့် အဆောင်ထဲက အခြားလူများကို နှုတ်ဆက်ပြီးနောက် လုလင်းရှီသည် ဝမ်စုရှို့နောက်မှလိုက်၍ ဆေးရုံမှ ထွက်လာခဲ့သည်။ နှစ်ယောက်သားသည် တက္ကစီတစ်စီး တားပြီး ဝမ်စုရှို့က လိပ်စာပေးလိုက်သည်။ ထို့နောက် သူမသည် တစ်ခေါက်ထပ်ပြောပြီး လုလင်းရှီအား ခရိုင်အမည်ကို မှတ်ထားရန် ပြောလိုက်သည်။ လုလင်ရှီ ခေါင်းညိတ်ပြလိုက်ပြီး ကားပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။

ဖုန်းချန်သည် တရုတ်နိုင်ငံ၏မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်မြို့တော် ကျုံးကျင်းနှင့် သိပ်မဝေးပေ။ ၎င်းက ဧရိယာကျယ်ဝန်းပြီး စက်မှုလုပ်ငန်း ထူထပ်သောမြို့ဖြစ်သည်။ နွေရာသီ ရောက်နေပြီဖြစ်သဖြင့် ယာဉ်တန်းများမှာ အဆက်မပြတ်သွားလာနေကြပြီး ယောက်ျား၊ မိန်းမ၊ ကလေး လူပေါင်းစုံတို့မှာ တစ်ချို့က အလျှင်လိုနေကြပြီး တစ်ချို့မှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်နေကြသည်။ တစ်မြို့လုံးမှာ တတ်ကြွသော လေထုတို့ဖြင့် ဖုံးလွှမ်းနေသဖြင့် လုလင်းရှီသည် ခဏမျှ မိန်းမောသွားတော့သည်။ ယခင် လုမိသားစုတွင်ရှိစဉ်က  သူ အပြင်ထွက်ရသည်မှာ ရှားပြီး အများစုမှာ ဆေးရုံတတ်ရချိန်သာ ဖြစ်သည်။ ထိုအချိန်က ဖိနှိပ်ချုပ်ချယ်မှုနှင့် တင်းမာနေသော လေထုတို့ကြောင့် သူသည် အပြင်ဘက်ကမ္ဘာကို ကြည့်ရှုရန် စိတ်မဝင်စားနေခဲ့ချေ။ ဤသည်က ဗီဒီယို သို့မဟုတ် စာအုပ်များမှ မဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေသော မြို့တစ်မြို့ကို မျက်ဝါးထင်ထင် မြင်တွေ့ရသည်က သူ အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now