199 + 200

1.2K 95 5
                                    

(Unicode)

အခန်း [ ၁၉၉ ]

“ ဖွတဲ့သူတွေကလည်း ကျပ်မပြည့် အူမစေ့ချက်ပါကွာ။ အထက်လူကြီးကို မြှူဆွယ်တယ်တဲ့။ ဘယ်က အထက်လူကြီးလဲ။ မန်နေဂျာဝူလား.. တို့ဥက္ကဋ္ဌလား အဟွန်း.. ”

ချန်ရှီးမြန်က ခပ်ထေ့ထေ့ ထရယ်လေသည်။ ဘယ်သူဖြစ်ဖြစ် လက်သည်တရားခံကတော့ အကျိုးဆက်ကို သေချာပေါက် ခံစားရမှာပဲ!

ယဲ့ရှောင်ရှင်း နည်းနည်းတော့ တုန်လှုပ်သွားသည်။ ထိုအချိန်မှာပဲ ဝူလီကျဲတစ်ယောက် အပေါက်ဝမှာ ရပ်ပြီး တစ်စုံတစ်ယောက်ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်တာကို သူမ မြင်လိုက်ရ၏။
“ ဒါရိုက်တာတု ”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အထဲဝင်လာသည်။ ဝူလီကျဲက အနောက်မှာ ကပ်လျက်လိုက်ပါလာ၏။

“ ဒါရိုက်တာတု ”

“ ဒါရိုက်တာတု ”

ဌာနထဲကလူတိုင်း အလျှိုအလျှိုထရပ်ကာ သူ့ကို နှုတ်ဆက်ကြသည်။

ထိုလူ၏ မျက်နှာအစိတ်အပိုင်းများသည် တုလင်းနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်မို့ ကုမ္ပဏီရဲ့ဒါရိုက်တာတွေထဲကတစ်ဦးဖြစ်သည့် တုလင်းရဲ့ဦးလေး တုရှန်းတုံ ဖြစ်ရမည်ကို လုမန် ချက်ချင်း သိလိုက်သည်။

တုရှန်းတုံ ဘာကြောင့် ဤသို့ရောက်လာသည်ကို အားလုံး အဖြေမရှာနိုင်ခင်မှာပဲ တုရှန်းတုံက လုမန်ရှိရာသို့ စတင်လျှောက်လှမ်းနေပြီဖြစ်၏။

တုရှန်းတုံနဲ့ တုလင်းရဲ့ပတ်သက်မှုကို သတိရသွားသော ယဲ့ရှောင်ရှင်းမှာ လုမန်၏ ကံဆိုးမှုကို ချက်ချင်းပင် နှစ်ထောင်းအားရဖြစ်လေ၏။

ကုမ္ပဏီမှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကို တုရှန်းတုံ ကြားသွားတာပဲ ဖြစ်ရမယ်.. အဲဒါကြောင့် တုလင်းရဲ့တစ်ကျော့ပြန်အစီအစဥ်ကို လုမန် တာဝန်ယူမှာစိုးလို့ သူကိုယ်တိုင် ဖြေရှင်းရအောင် ရောက်လာခဲ့တာထင်တယ်..

ထိုစဥ် တုရှန်းတုံသည် လုမန်ရှေ့တွင် ရပ်လိုက်ကာ
“ လုမန်ဆိုတာ မင်းလား ”

“ ဟုတ်ကဲ့ ကျွန်မ လုမန်ပါ။ တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာတု ”
လုမန်က နည်းနည်းမှ စိတ်လှုပ်ရှားခြင်း မရှိပေ။ ကိုယ်နေဟန်ထားက တည်ငြိမ်အေးဆေးပြီး ထောင်လွှားခြင်းမရှိ နှိမ့်ချခြင်းမရှိ မှန်ကန်၏။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now