“ ရှီးကျင့် မင်းမိန်းမကို ဘာဖြစ်လို့ နည်းနည်းတောင် ဝင်မထိန်းတာလဲ။ ပြောချင်တာတွေ ပြောရဲနေတာ! ”

“ အဲ့ဒါ သူ့စိတ်ပဲလေဗျာ။ အစ်ကိုကြီး မသိတာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့ သူ ဒေါသထွက်အောင် သွားပြောတာလဲ ”
ဟန်ရှီးကျင့်က ရှန်းနော့ဘေးမှာ ဝင်ထိုင်ပြီး ဒေါသတွေ နည်းနည်းပါးပါး ပြေလျော့သွားအောင် သူ့မိန်းမကျောကို ဖွဖွပုတ်ပေးသည်။ 
“ ပြီးတော့ အစ်ကိုကြီးက သိပ်ကိုစပ်စပ်စုစုနိုင်တာကိုး။ ကျိုးလီက ကျွန်တော်တို့သားပါ။ ကျွန်တော်တို့တောင်မှ ဘာတစ်ခွန်းမှဝင်မပြောတာ။ အစ်ကိုကြီးက အစ်ကိုကြီးသဘောကျတဲ့မိန်းကလေးနဲ့ ကျိုးလီကို ပေးစားဖို့လုပ်နေတယ်။ ကောင်းသေးလား ”

“ မင်းတို့.. ဘာဖြစ်လို့ မင်းတို့စကားတွေ ဆိုးသထက်ဆိုးလာရတာလဲ! ”
ရင့်သီးသော သူတို့စကားတွေကြောင့် ဟန်တုံးဖျင် ဒေါသတွေလုံးထွေးဆောင့်ကာရင်ဘတ်ထဲမှာတောင်နာသည်။ သူသဘောကျတဲ့မိန်းကလေးဆိုတာက ဘာလဲ!!

သူများတွေကြားရင် သူနဲ့ သိုက်ယီးရန်ကို တစ်မျိုး ထင်သွားနိုင်သည်။

“ မှန်တာကိုပြောနေတာ။ မိဘတွေဖြစ်တဲ့ ကျွန်မတို့က ဟောဒီမှာ သက်ရှိထင်ရှားကြီး ရှိနေသေးတယ်။ အစ်ကိုကြီးက ဘောင်ကျော်ပြီး ကျွန်မတို့သားလေးကို ဘာလုပ်ဘာလုပ်ဆိုပြီး ထိန်းချုပ်ချင်နေတာ အဲ့ဒါ အဓိပ္ပာယ်ရှိသလား ”
ရှန်နော့ဟာ ဟန်ရှီးကျင့်နဲ့ မယူခင်ကတည်းက ဟန်တုံးဖျင်ကို ပြောပြီဆိုပြီ ဆိုလျှင် ဘယ်မျက်နှာကိုမှ မကြည့်။

“ သိုက်ယီးရန်ကို ဟန်ကော်ပိုရေးရှင်းမှာ အလုပ်သွင်းပေးဖို့ အစ်ကိုကြီး စီစဥ်တုန်းက ကျွန်တော်တို့တွေ ဘာမှမပြောခဲ့ဘူးနော်။ ဒါ အစ်ကိုကြီးက ကျိုးလီရဲ့ဦးလေးဖြစ်နေလို့။ ကျွန်တော်တို့က ဒါလေးတောင် ခွင့်မပြုရင် အစ်ကိုကြီးပဲ အရှက်ရလိမ့်မယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ လူတစ်ယောက်မှာ ဘယ်လိုနောက်ခံမျိုးပဲရှိနေပါစေဦး ဟန်ကော်ပိုရေးရှင်းမှာ အလုပ်ဝင်မယ်ဆိုရင်တော့ သင့်တင့်တဲ့အရည်အချင်းတော့ရှိသင့်တယ်လေ။ သိုက်ယီးရန်မှာ ဘာရှိသလဲ။ အရည်အချင်းလည်းမရှိဘူး။ အလားအလာလည်းမရှိဘူး။ သူက သူ့လုပ်ဖော်ကိုင်ဖက်ရဲ့အဆိုပြုလွှာကို ခိုးတဲ့အပြင် မိလည်း မိသွားတယ်လို့ ကြားတယ် ”
ဟန်ရှီးကျင့် နှုတ်ခမ်းတွေ မဲ့နေသည်။ ဘယ့်နှယ် အဆိုပြုလွှာကို ကိုယ်တိုင်လည်း မရေးနိုင်ဘူး.. ညစ်တီးညစ်ပတ်နဲ့ ခိုးပြီးတာတောင် ပေါ်သွားတယ်ဆိုတာ တော်တော်ကို အသုံးမကျလို့ပဲ..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now