လော့ချယ်က တိုးတိုးလေးပြောလာတယ်။"ပြသနာမရှာနဲ့"

သရဲတွေရဲ့အော်သံကို ကြားနေရတဲ့နေရာမျိုးမှာ လော့ချယ်ရဲ့အသံနိမ့်နိမ့်က အထူးကြည်လင်ပြီး ထူးခြားတယ်။ သူ့မှာ ဒီလိုမှော်ဆန်တဲ့စွမ်းအားရှိတယ်။ သူစကားလေးတစ်ခွန်းပဲ ပြောလိုက်ရင်တောင် ပေါ့ပေါ့ပါးပါးနဲ့ လျစ်လျူရှုတတ်တဲ့အမူအရာတွေရှိနေပေမယ့် မျက်စိကျိန်းစေလောက်တဲ့ ဆွဲဆောင်မှုရှိနေဆဲပင်။

သူ့ပတ်ဝန်းကျင်က သရဲယောင်ဆောင်ထားတဲ့ ဝန်ထမ်းတွေက အံ့အားသင့်သွားခဲ့ပြီး ပတ်ဝန်းကျင်က ထူးဆန်းတဲ့တိတ်ဆိတ်မှုမျိုးထဲ ရုတ်တရက် ကျရောက်သွားတယ်။

ကုမျန် : "..."

ဝန်ထမ်းတွေက သူတို့ရဲ့တာ၀န်ကို ပြန်ပြီးမှတ်မိဖို့ အချိန်အတော်ကြာခဲ့ပေမယ့် သူတို့ရဲ့ အာရုံပျံ့လွင့်မှုကြောင့် ကြောက်စရာကောင်းတဲ့အငွေ့အသက်တွေ လွင့်စင်သွားချိန်မှာတော့ သူတို့က ဆက်ပြီး မခြောက်လန့်နိုင်ကြတော့ဘူး။

သူမနဲ့လော့ချယ်က ဧည့်သည်အားလုံးထဲမှာ အတည်ငြိမ်ဆုံးနှစ်ယောက်ပဲလို့ ကုမျန် ခံစားရတယ်။

သူမက သရဲတွေကို မကြောက်သလို လော့ချယ်ကလည်း မကြောက်ပေ။ သူမကို ဆုပ်ကိုင်ထားတဲ့လက်က တည်ငြိမ်ပြီး အစွမ်းထက်ကာ အထူးစိတ်ချစေတဲ့ စွမ်းအားရှိတယ်။ ဒါ့အပြင် ဝန်ထမ်းတွေက သူ့ရဲ့ နှစ်လိုဖွယ်ကောင်းမှုကြောင့် မူးဝေလုနီးပါးဖြစ်နေကြတာ။ သူတို့က အလုပ်လုပ်နေချိန်မှာ အာရုံလုံး၀မစိုက်နိုင်ကြဘဲ လှုပ်ရှားမှုတိုင်းက အရမ်းကိုဒရာမာဆန်နေတယ်။

ရံဖန်ရံခါ အခြားနေရာတွေကနေ စူးစူးရှရှအော်ဟစ်နေသံတွေနဲ့ မိန်းကလေးတွေရဲ့ငိုသံတွေက ခပ်ရေးရေးရောထွေးနေပေမယ့် ဒီနေရာမှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး ရှက်ရွံ့စရာကောင်းတဲ့ အငွေ့အသက်လေးတစ်ခုသာ ရှိနေပါတယ်။တခါတစ်လေ သွေးယိုစီးနေပြီး တရွေ့ရွေ့လွင့်မျောနေတဲ့ သရဲလို ၀တ်ဆင်ထားတဲ့၀န်ထမ်းက သူမတို့ကို ဖြတ်ကျော်သွားပေမယ့်လည်း သူမတို့နှစ်ဦးရဲ့ အသက်ရှူတာနဲ့ လမ်းလျှောက်တဲ့ကြိမ်နှုန်းကတောင် ပြောင်းလဲသွားခြင်းမရှိပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now