Chapter [103] - End

Start from the beginning
                                    

“အမြန်မပြေးနဲ့..” ချန်းရှီကွေ့က သူမ၏ပခုံးထက်မှ နှင်းပွင့်လေးများကို ဖယ်ပေးရင်း ‘တုနှိုင်းမဲ့ချစ်ခြင်းမေတ္တာ’ ရုပ်ရှင်အဖွဲ့သားများကို တည်ကြည်စွာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ပြီးနောက် ကားတံခါးဖွင့်ပြီး နဉ်ရှီအား ကားထဲဝင်ထိုင်စေကာ ခါးအသာကိုင်း၍ ပြောသည်။ “အေးတယ်.. အထဲဝင်ထိုင်နေ..”

“ကျွန်မ…”

“အဖွဲ့သားတွေကို ကိုယ် နှုတ်ဆက်ပေးပါ့မယ်..” ချန်းရှီကွေ့က ကားတံခါးပိတ်ပြီးနောက် ရိုက်ကူးရေးအဖွဲ့ဘက် လှည့်လိုက်သည်။ သူ ဘာမှမပြောရသေးခင်မှာပင် အဖွဲ့သားများက စတင်နှုတ်ဆက်လာသည်။

“အားနာလိုက်တာ.. ရှီရှီ နည်းနည်းမူးနေလို့ ကျွန်တော်တို့ အရင်ပြန်နှင့်ပါတော့မယ်..” ချန်းရှီကွေ့က ဒါရိုက်တာကို အသာခေါင်းညိတ်ပြပြီး.. “Box Office မှာ အောင်မြင်မှုရပါစေ..”

“ဆုမွန်ကောင်းအတွက် ကျေးဇူးပါ..” ဒါရိုက်တာက အားပါးတရပြုံးရယ်ရင်း ချန်းရှီကွေ့ကို ကျေးဇူးတင်နေတော့သည်။

ချန်းရှီကွေ့က ယဉ်ကျေးဖော်ရွေစွာ ပြုံးလိုက်သည်။ သူ၏အကြည့်က ကော်ကျစ်ထံရောက်သွားချိန်တွင် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွား၏။ တမင်ရည်ရွယ်ခြင်းဟုတ်မဟုတ် မသိပါသော်ငြား ကော်ကျစ်က ချန်းရှီကွေ့ သူ့ကို ပြဿနာရှာတော့မည်ဟု တွေးနေမိချိန် ချန်းရှီကွေ့က သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းပြီး ကားဆီသို့ တည်ငြိမ်စွာ လှည့်ပြန်သွားသည်။

သို့တိုင် ကော်ကျစ်၏ရင်ထဲ လေးလံလာသည်။ နဉ်ရှီကို အတင်းအရက်သောက်ခိုင်းခဲ့သည့် သူ၏အပြုအမူအတွက် အလွန်အမင်း နောင်တရလာတော့သည်။ အချိန်ကို နောက်ပြန်ဆုတ်နိုင်သည့် ယန္တရားမရှိတာ ကံဆိုးလှသည်။ မဟုတ်လျှင် လွန်ခဲ့သော နာရီဝက်သို့ ပြန်သွားပြီး သူ့ကိုယ်သူ ပြန်ရိုက်မိလောက်သည်။

သူကသာ ရူးရူးမိုက်မိုက်ဖြင့် ပြဿနာရှာခဲ့သူ မဟုတ်ပါလား။

ကော်ကျစ်က စိုးရိမ်သောကများနေချိန် ကျန်အဖွဲ့သားများက‌တော့ ဆန့်ကျင်ဘက်ပင်။ ဒါရိုက်တာမှ အကူဝန်ထမ်းများအထိ အားလုံး ပျော်ရွှင်နေသည်။ မစ္စတာချန်းက တကယ့်ကို အထက်တန်းဆန်ပြီး ရည်မွန်သည်။ အပြုအမူတိုင်း၊ အပြောအဆိုတိုင်းက စံနမူနာ ယူလောက်သည်အထိ ကောင်းမွန်ယဉ်ကျေးလှသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now