သူသည် အတွေ့အကြုံရှိသော စားဖိုမှူးတစ်ဦး ဖြစ်သည်။ သို့သော် သူ ဘာပဲချက်ပါစေ ထိုသို့ သွားရည်ကျ လောက်သည့် ဟင်းလျာမျိုး မဖန်တီးနိုင်ပါ။ ထို့အပြင် သူ့စိတ်အထင်သက်သက် ဟုတ်၊ မဟုတ် မသေချာသော်လည်း ထိုရနံ့တစ်ခုတည်းကတင် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ခံစားရသည်။

"ရဲ့နတ်ဘုရား၊ မင်း ဒီထဲမှာ ဘာထည့်ထားတာလဲ၊ အနံ့က တော်တော် ထူးဆန်းတယ်"

ဟယ်ကျားက မေးသည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအဆင့်နှင့်တောင်မှ ထိန်းမရအောင် သွားရည် ကျနေသည်။

"ကျွန်တော် ဆေးပင်နည်းနည်း ထည့်ထားတာ၊ သဘာဝက အံ့ဩစရာပဲ၊ တော်တော်များများက တစ်ခုနဲ့တစ်ခု သဟဇာတ ဖြစ်နေပြီးတော့ ကျွန်တော်တို့ဆီကို အံ့ဩစရာတွေ ယူဆောင်လာပေးတယ်"

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။ သူသည် ပါဝင်ပစ္စည်း အကန့်အသတ်နှင့် အရသာ အကောင်းဆုံး ဟင်းလျာများကို ဖန်တီးနိုင်ပါသည်။

"ရဲ့နတ်ဘုရား မင်းက သိပ်တော်တာပဲ၊ ဟွမ်လေ့ ချက်တာထက်တောင် ပိုမွှေးသေးတယ်"

ဝေ့တရွှင်းက တအံ့တဩ ပြောသည်။ ထိုသို့ပြောနေချိန်တွင် သူသည် သွားရည်များ ယိုစီးကျလာမည်ကို စိုး၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားလေသည်။

ထိုစကားများကြောင့် ဟွမ်လေ့သည် ပြုံးရုံမျှသာ ပြုံးနေပြီး စိတ်ထဲမထားချေ။ သူသည် ချက်ပြုတ်ရသည်ကို နှစ်သက်ပြီး ဝေ့တရွှင်းက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။

"လင်းချန်၊ ကျွန်မ ရှင့်ကို ပန်းကန် ကူသယ်ပေးမယ်"

ဟူယွဲ့အာက သူ့အနားသို့ ကပ်သွားပြီး ရဲ့လင်းချန်၏ လက်ထဲမှ ငါးပန်းကန်ကို လှမ်းယူ၍ စားပွဲပေါ် တင်လိုက်သည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် သူတို့အချင်းချင်း ပြိုင်နေသည်ကို မေ့သွားပုံရသည်။ သူတို့သည် စားပွဲပေါ် ခေါင်းစောင်းတင်၍ ငါးပန်းကန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

"တစ်လုပ်လောက်၊ တစ်လုပ်လောက် အတူတူ စားကြည့်ကြမလား"

ကျောက်လျန့်ရင်က တံတွေးမျိုချလျက် မေးလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now