ပွဲကြည့်သူများ : ဒီစကားက နားထောင်ရခက်ပေမယ့်… ယုတ္တိရှိတယ်နော်..!

သာမန်လူများအမြင်တွင် ကျင်းလုပ်ငန်းစုက နာမည်ဂုဏ်သတင်းကြီးသော်ငြား တကယ်တမ်းတွင် ချန်းမိသားစုနှင့် မယှဉ်သာပေ။ ယခုလောလောဆယ် နဉ်ရှီက ချန်းရှီကွေ့၏ ဇနီးလောင်းဖြစ်ရာ နောင်တချိန်တွင် ကျင်းမိသားစုထက် ချမ်းသာကြွယ်ဝသွားနိုင်၏။ ထို့ကြောင့် ကျင်းယွမ်ဖုန်း ယခုလို ပြဿနာလာရှာခြင်းက ကိုယ့်အရှက်ကိုယ်ပြန်ခွဲသလိုသာ ဖြစ်နေသည်မဟုတ်ပါလော။

နောက်ထပ်သိလိုက်ရသည်ကား အမြဲတစေ နူးညံ့သိမ်မွေ့စွာ ပြုံးရယ်နေတတ်သော နတ်ဘုရားမလေးသည် ကြမ်းကြမ်းတမ်းတမ်း စကားပြောချင်လျှင်လည်း တစ်ဖက်လူ ဆွေ့ဆွေ့ခုန်အောင် ပြောတတ်သည်ဆိုတာပင်။

အရှက်တရားနှင့် ဒေါသကြောင့် ဖြူဖတ်ဖြူရော်ဖြစ်လာသော ကျင်းယွမ်ဖုန်း၏ မျက်နှာကိုကြည့်ပြီး ရိုက်ကူးရေးအဖွဲ့သားများလည်း ရုတ်တရက် ယုံကြည်ချက်ရှိလာ၏။ ဒါရိုက်တာနှင့် ပရိုဂျူဆာက ရဲရဲဝင့်ဝင့် ရှေ့ထွက်ကာ ကျင်းယွမ်ဖုန်းအား ရိုက်ကူးရေး အနှောင့်အယှက်မဖြစ်ရအောင် ထွက်သွားပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းဆိုတော့သည်။

“ဘယ်ပန်းမှ နှစ်တစ်ရာလောက် ပွင့်လန်းမနေဘူး.. ဘယ်သူမှလည်း နှစ်တစ်ရာအထိ ကံကောင်းနိုင်မှာမဟုတ်ဘူး..” ကျင်းယွမ်ဖုန်းသည် မျက်နှာသုတ်ထားသည့် တစ်ရှူးစကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ပြီး နဉ်ရှီအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။

“ခဏနေဦး..”

ကျင်းယွမ်ဖုန်း ခြေလှမ်းရပ်သွားပြီး သူ့ကို တားလိုက်သည့် နဉ်ရှီအား လှည့်ကြည့်ကာ.. “မစ်နဉ် စိတ်ကူးပြောင်းသွားတာများလား..?”

နဉ်ရှီက မေးအသာချီကာ သုံးပြီးသားတစ်ရှူးစကို လက်ညှိုးထိုးပြပြီး.. “ကျွန်မ ဆက်ပြီးကံကောင်းမလား ကံမကောင်းဘူးလား ဆိုတာ မစ္စတာကျန်း စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး.. ဒါပေမဲ့ မစ္စတာကျန်း အမှိုက်ပစ်သွားတဲ့ကိစ္စက ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့နဲ့ ပတ်သက်နေတယ်.. ကျေးဇူးပြုပြီး သန့်ရှင်းရေးသမားတွေကို လေးစားပါ.. တွေ့ကရာ အမှိုက်မပစ်ပါနဲ့.. ထိပ်သီးကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ‘အမှိုက်မပစ်ရ’ဆိုတဲ့ အခြေခံစည်းကမ်းတောင် မသိဘူးလား..?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now