နဉ်ရှီက မျက်ခုံးပင့်လိုက်သည်။ “ဒါကတော့ အစ်ကိုရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်”

“ဟုတ်ပြီဗျာ... ဒါက ကိစ္စကြီးမဟုတ်ပါဘူး နတ်ဘုရားမရေ” ကျန်းချင်းယွင်က လမ်းချိုးတစ်ခုကို ‌ကွေ့လိုက်ရင်း “ဒီနေ့ စိတ်အခြေအနေ ကောင်းလို့ပါလား... ဒါပေမဲ့ ခဏနေကျရင် ငိုရမဲ့အခန်း သရုပ်ဆောင်ရမှာနော်၊ ငိုနိုင်ပါ့မလား?”

တိုက်တိုက်ဆိုင်ဆိုင်ပင် “တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း”၏ အရေးကြီးဆုံးသော စိတ်ခံစားချက်များသည့် ဇာတ်ဝင်ခန်းနှစ်ခုက ဒီနေ့မှာရိုက်ရမည်ဖြစ်သည်။ ဤဇာတ်ဝင်ခန်းနှစ်ခန်းက နဉ်ရှီဇာတ်ကောင်၏ အဓိကအနှစ်သာရများ တိုးတက်လာမည့်အခန်းကို ကိုယ်စားပြု၍ ထိုအခန်းတို့က အလွန်တရာ အရေးကြီးလှပေ၏။ မနေ့ညက ဒါရိုက်တာကတောင် နဉ်ရှီကို ထူးထူးဆန်းဆန်း ဖုန်းခေါ်လာပြီး ဇာတ်ကောင်၏စိတ်အခြေအနေကို ‌သေချာဆန်းစစ်ထားရန် ပြောလာ၏။

“ဘာမှမဖြစ်ဘူး၊ ညီမအကောင်းဆုံး ကြိုးစားခဲ့မယ်” နဉ်ရှီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤနှစ်များအတွင်း သူမ ဇာတ်ကောင်မျိုးစုံ၌ ဝင်သရုပ်ဆောင်ဖူးခဲ့သော်လည်း ငိုရသည့်အခန်းများများစားစားမရှိပေ။  ဤအခြင်းအရာမှာ သူမအတွက်တော့ စစ်‌ဆေးမှုကြီးတစ်ခုပင်။

ငိုရမည့်ဇာတ်ကွက်မျိုးက လူတစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်နည်းတစ်မျိုးပင်။ လူအချို့က လှပစွာငိုနိုင်လောက်သော်ငြား သဘာဝတော့မကျပေ။ ပရိသတ်က သူတို့ကို မြင်သည့်အချိန် “အိုကွယ် သူမလေး နာကျင်ခံစားခဲ့ရတာပဲ” ဟူ၍ ခံစားကြရရုံသာ။

တကယ့်ငိုရသည့်ဇာတ်ကွက်က ပရိသတ်တွေ၏ခံစားချက်ကိုပါ ဇာတ်ကောင်ထဲ ဆွဲသွင်းကာ ထိုဇာတ်ကောင်ကို ဂရုဏာသက်ဝင်စေပြီး ထိုဇာတ်ကောင်၏ ခံစားချက်များလွှမ်းမိုးတာ ခံလိုက်ရမှာဖြစ်သည်။

“အို့ ဟုတ်သားပဲ ခုနက မစ္စတာချန်းကို မတွေ့လိုက်ရဘူးရော?” ကျန်းချင်းယွင်တစ်ယောက် ဒီမနက်အခြေအနေက ထူးဆန်းနေသလို ခံစားလိုက်ရသည်။ အနာဂတ် ယောက္ခမလောင်းနှင့်ချွေးမလောင်းက အမေနဲ့သမီးအရင်းအချာတွေလို ဖြစ်နေပြီး သားအရင်းဖြစ်သည့် မစ္စတာချန်းကကျ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိရပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now