မိနစ်သုံးဆယ်ခန့် စောင့်ပြီးနောက် အပြင်ဘက်မှ ကားဝင်လာသည့်အသံကို ကြားလိုက်ရသည်။ သူမ၏ မျက်နှာထက်ဝယ် ပျော်ရွှင်ရိပ်များ ဖုံးလွှမ်းသွားသော်လည်း ရင်းနှီးခင်မင်လွယ်သည့် အပြုံးမျိုးဖြစ်အောင် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပြီး မတ်တပ်ထရပ်ကာ အိမ်တံခါးဝသို့ လျှောက်သွားလိုက်သည်။

အနက်ရောင်ကားတစ်စီးသည် ပန်းပွင့်ပန်းခက်အသွင် ထွင်းထုထားသည့် အလွန်ကြီးမားသော တံခါးကြီးကိုဖြတ်လျက် ဖြည်းဖြည်းချင်း လှိမ့်ဝင်လာသည်။ နဉ်ရှီသည် ပတ်ဝန်းကျင်ကို အကဲခတ်နေမိရင်း လမ်းနှစ်ဖက်လုံး အပင်များဖြင့် စိမ်းလန်းစိုပြည်နေကြောင်း တွေ့လိုက်ရသည်။ နှစ်မိနစ်ခန့်ကြာပြီးနောက် ကားရပ်သွားသည်။ ကားပေါ်မှ ဆင်းလာပြီးနောက် သူမ၏ မျက်နှာချင်းဆိုင်တွင် ဇိမ်ခံစံအိမ်ကြီးတစ်လုံးကို တွေ့လိုက်ရပြီး တခြား အဆောက်အအုံငယ်နှစ်ခုလည်း သပ်သပ်ရှိနေသေးသည်။ အဆောက်အအုံအားလုံး ချန်းမိသားစုခြံဝင်း၏ နယ်နိမိတ်ထဲတွင် တည်ရှိနေလေသည်။

“သတိထားနော်.. လှေကားတစ်ထစ်ရှိတယ်..” ချန်းရှီကွေ့က သူမ၏လက်ကို ဆုပ်ကိုင်ပြီး တံခါးဘောင်ကို ကျော်လိုက်သည်။

နဉ်ရှီလည်း သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ ချန်းရှီကွေ့နောက် လိုက်ပါလာပြီး ပင်မစံအိမ်ကြီးထဲ ဝင်လိုက်သည်။ ခြေနှစ်လှမ်းခန့်သာ လှမ်းရသေးသည်၊ သာမန်လူတို့ထက် သာလွန်သော အရှိန်အဝါဖြင့် အလွန်အရွယ်တင်နုပျိုသော အမျိုးသမီးကြီးကို မြင်လိုက်ရလေသည်။ နဉ်ရှီမှာ ရင်ခုန်သွားရပြီး ချန်းရှီကွေ့ကို ဆုပ်ကိုင်ထားသော လက်က တင်းကျပ်သွားသည်။

“မင်္ဂလာပါ အန်တီ..”

“မင်္ဂလာပါ.. ဝင်လာခဲ့လေ..” ထောင်ဟွေ့ရွယ်က သိမ်မွေ့စွာ ပြုံးလိုက်သည်။ စုံတွဲ၏အနောက်မှ သက်တော်စောင့်များ အထုပ်ကြီးအထုပ်ငယ်အမျိုးမျိုး သယ်လာသည်ကို မြင်လိုက်ရသဖြင့် သူမက ထပ်ပြောလိုက်သည်။ “ဒီလောက်အများကြီး ဝယ်လာဖို့ မလိုပါဘူးကွယ်.. မိသားစုတွေပဲကို ဘာလို့ဒီလောက်ယဉ်ကျေးနေတာလဲ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now