လူကြီးသူမများဖြင့် သွားရောက်တွေ့ဆုံလျှင် မိတ်ကပ်အထူကြီး မလိမ်းသွားသင့်ပေ။ သို့သော် မျက်နှာပြောင်ဖြင့် သွားလျှင်လည်း အလေးမထားရာ ကျလိမ့်မည်။ ထို့ကြောင့် မိတ်ကပ်ပါးပါးလေး လိမ်းသွားတာ ပိုကောင်းပေလိမ့်မည်။

နဉ်ရှီ မိတ်ကပ်လိမ်းပြီးချိန်တွင် ချန်းရှီကွေ့၏စိတ်ထဲ ဘာကြောင့်ရယ်မသိ တစ်ခုခုထူးခြားနေသလို ခံစားလိုက်ရသည်။ ထို့အပြင် ယနေ့ သူမလေး တမူထူးခြားစွာ လှပသိမ်မွေ့နေလေသည်။

ယောက်ျားသားများသည် မိတ်ကပ်၏ စွမ်းပကားကို နားမလည်တတ်။ သို့ဖြစ်၍ မျက်ခုံးမွေးပုံစံ၊ Eyeliner ပုံစံ ပြောင်းလဲသွားသည်နှင့် ရုပ်ရည်တစ်ခုလုံး ပြောင်းလဲသွားတတ်ကြောင်း နားမလည်ကြပေ။

သက်တော်စောင့်များက လက်ဆောင်ပစ္စည်းများကို ကားပေါ်တင်ပြီးသည်နှင့် နဉ်ရှီသည် ပိုးပဝါကိုယူပြီး ကားထဲ ဝင်လိုက်သည်။ ကားက ဖြည်းဖြည်းချင်း စတင်လာသလို နဉ်ရှီလည်း ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာခဲ့သည်။ သူတို့၏ အချစ်ရေးက ဤအနေအထားအထိ ရောက်လာခဲ့ပြီဖြစ်ရာ စိတ်ပူပန်နေ၍ အသုံးမဝင်တော့ပါချေ။

ချန်းရှီကွေ့က သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပေးသည်။ သူက အသံတိတ်နေသော်လည်း လမ်းတစ်လျှောက်လုံး လက်မလွှတ်ခဲ့ပေ။

***

“ငါချက်ခိုင်းတဲ့ဟင်းရည် ကျက်သွားပြီလား..?” ထောင်ဟွေရွယ်သည် ဧည့်ခန်းထဲတွင်ထိုင်ပြီး မဂ္ဂဇင်းဖတ်နေလေ၏။ သို့သော် အတော်ကြာသည်အထိ စာရွက်သိပ်မလှန်ရသေးပေ။ ထိုအစား အိမ်တော်ထိန်းကို ခဏခဏလှမ်းခေါ်ပြီး ဟင်းပွဲများအကြောင်း မေးမြန်းနေခဲ့သည်။

“စိတ်မပူနဲ့.. ချက်ထားပြီးပါပြီ.. သခင်လေးနဲ့ မစ်နဉ်ရောက်လာတဲ့အချိန် တစ်ခါတည်း တန်းပြီးဧည့်ခံလို့ရပြီ..” အိမ်တော်ထိန်းက တက်ကြွစွာပြောရင်း ထပ်မေးသည်။ “အသီးတချို့ အရင်စားထားနှင့်မလား..?”

ထောင်ဟွေ့ရွယ်က ခေါင်းယမ်းပြပြီး ဝတ်ထားသည့်အင်္ကျီကို ငုံ့ကြည့်လိုက်သည်။ နဉ်ရှီကို ကြိုဆိုရန်အတွက် သူမ၏ အနာဂတ်ချွေးမလေး အနေကျပ်မှာစိုးပြီး ရင်းနှီးဖော်ရွေဟန်ပေါ်သည့် ဒီဇိုင်းမျိုးကို တမင်ရွေးချယ်ဝတ်ထားလေသည်။ ချွေးမလောင်းလေး၏ အလှခံစားချက်နှင့် ကိုက်ညီပါ့မလား စိတ်ပူနေမိသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Unde poveștirile trăiesc. Descoperă acum