Ch 37

36.5K 3.3K 173
                                    

Unicode

မြင်ရသည့် ရွာအဝင်စပ်လေးသည် နွေးထွေးလှသည်။ ပင်ပန်းလှသည့် ခရီးရှည်ကြီးကိုလျှောက်လှမ်းနေကြရသည့် ဘဝတွင် အိမ်ဆိုတာ အမောပြေစေနိုင်သည့် ရပ်ဝန်းငယ်မဟုတ်လား။ ဘေးချင်းယှဥ်တည်ရှိနေသည့် သစ်လုံးကာ ခြံလေးနှစ်ခုသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်မှာ လနဲ့တောင်ချီခဲ့လေပြီ။

မြိုပေါ်မှာမွေး မြိုပေါ်မှာ ကြီးတဲ့နောင်က ဒီလို တောတောင်တွေနဲ့ နေသားကျလွန်းနေတာကိုတော့ ကိုယ်ကိုယ်ကိုတောင် တအံ့တသြဖြစ်ရသည်။ သစ်သားဂျက်ကလေးသာ ထိုးထားသည့် ခြံတံခါးကို တွန်းဖွင့်ကာ ရေအိုးစင်လေးဆီသွား၍ ရေတစ်ခွက်ခပ်ရင်းစက္ကကို ကမ်းပေးတော့ တစ်ကျိုက်တည်း မော့ချ၏ သစ်ရိပ်တို့ကြောင့် အေးမြမြဖြစ်နေသည့်ကွပ်ပျစ်ပေါ်ထိုင်ရင်း လှမ်းမြင်ရသည့် ရိုးမကို ငေးကြည့်နေသည့်စက္ကက လွမ်းလွမ်းဆွေးဆွေးနှင့်။ စက္ကအတွက်တော့ ရိုးမဆိုတာ မွေးရပ်မြေပဲလေ။

"ဟာ........နောင်ကြီးမိုးရိပ်"

ရှမ်းလွယ်အိတ်တစ်လုံးစလွယ်သိုင်းကာ လက်ထဲ ပုလွေတစ်ချောင်းနှင့် ဖိုးထောင်က ကွပ်ပျစ်ပေါ်ထိုင်နေသည့် နောင်တို့ကို မြင်တော့ အပြေးတစ်ပိုင်းရောက်ချလာ၏

"ဖိုးထောင်.......ဒီဘက်လှည့်လာတာလား"

"လှည့်လာတာမဟုတ်ဘူး နောင်ကြီးရ။ ကျုပ် နောင်ကြီးစက္ကနဲ့ နောင်ကြီးမိုးရိပ်ခြံထဲကို နှစ်ရက်တစ်ခါဝင်တယ်ဗျ။ ခြံထဲလှည့်ကျင်း၊ သောက်ရေအိုးရေဖြည့်ပေးတာဗျ။ အိမ်ထဲတော့ ကျုပ်မဝင်ဘူးနောင်ကြီးရဲ့"

"အာ......အေးကွာ ကျေးဇူးပဲ။ အဲ့ဒါကြောင့် ခြံထဲ ရွက်ခြောက်တွေမရှိတာ။ ရေအိုးလည်းရေပြည့်နေတာပဲကွ"

"ဘယ်လောက်တောင်ကြာပြီလဲဗျာ။ ရက်တွေလတွေကတော့ကျုပ်သေချာမပြောတတ်ပေမယ့် ဒီတစ်ခါ နောင်ကြီးတို့တောထဲဝင်တာသိပ်ကြာသဗျာ။ ကျုပ်လွမ်းနေတာဗျ"

"အဲ့ဒီ့လို ဖြစ်သွားတယ် ဖိုးထောင်ရာ။ ဒါနဲ့ မင်းနွားကျောင်းသွားမှာမလား"

"ဟုတ်တယ်ဗျ။ ခြံဘက်လူရိပ်တွေ့လို့ ကျုပ်လှည့်ဝင်လားတာ"

"အေး...အေး..သွား..သွား။ ညနေမှ ငါနဲ့ စက္က ရွာထဲ လှည့်ဝင်ခဲ့မယ်"

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now