Ch 27

37.2K 3.3K 169
                                    

Unicode

လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ကျော်.....

နေရာအားဖြင့် ရွှေမြို့တော်နန်းစိုက်ရာ နန်းမြိုရိုးမှ အရှေ့ဘက်စူးစူးသို့ သွားသော်တွေ့ရသည့် ကုန်းမြင့်တစ်နေရာပေါ် ထီးထီးတည်ရှိနေသည့် ကြီးမားသည့် စံအိမ်ကြီးတစ်ခုထဲတွင်ဖြစ်သည်။ မျိုးရိုးစဥ်ဆက်ပြ ပုံတူပန်းချီကားကြီးတို့ကို နံရံတစ်လျှောက်ချိတ်ဆွဲထားပြီး မြင့်မားသည့်မျက်နှာကျက်၊ ကြီးမားသည့် ကျွန်းထည်အသုံးဆောင်များ နှင့် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်မှုတို့က ခမ်းနားကြီးကျယ်သည့် အရှိန်အ၀ါကိုဖော်ညွှန်း၏

ထိုပန်းချီကားတို့တွင် ဒီစံအိမ်ကြီး၏ အရှင်သခင် ဖြစ်ခဲ့ကြသူတို့၏ ပုံတူတို့ကို ရေးဆွဲထားပြီး အောက်ဘက်တွင်တော့ နာမည်နှင့် မွေးဖွားသည့်ခုနှစ်၊ သေဆုံးသည့်ခုနှစ်တို့ကို ထည့်သွင်းဖော်ပြထား၏

ထိုပုံတူပန်းချစ်ကားချပ်တို့ကိုအစဥ်လိုက် ကြည့်မည်ဆိုလျှင်တော့ နောက်ဆုံးတွင် လူရွယ်တစ်ယောက်ပုံ ရေးဆွဲထားသည်ကိုတွေ့ရမည် ဖြစ်ပြီး နာမည်နေရာတွင်က ဦးဓနရှင်။ မွေးဖွားသည့်ခုနှစ်ကိုသာ ရေးထိုးထားပြီး သေဆုံးသည့်ခုနှစ်ကိုမရေးထိုးထားသည့် ထိုပုံတွင် ထူးခြားမှုတစ်ခုကိုထပ်တွေ့နိုင်၏ ထိုအရာက ထိုသူ မွေးဖွားသည့်ခုနှစ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကိုပြသနေခြင်းပင်။

အခန်းပေါင်းများစွာရှိသည့် ထိုစံအိမ်ကြီး၏ အကြီးဆုံးအခန်းတစ်ခုထဲတွင်တော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် စကားအခြေအတင်ပြောနေကြသည်။

ကျော့ရှင်းသည့် သွင်ပြင်ဟန်ပန်နှင့် တည်ကြည်လေးနက်သည့် မျက်နှာထားကိုပိုင်ဆိုင်ထားသည့်ထိုအမျိုးသမီးက အနည်းငယ်ဒေါသထွက်နေပုံရသည်။

အရပ်အမောင်း မြင့်မားပြီး တောင့်တင်းသည့်ခန္ဓာကိုယ်နှင့် အလွန်ကြည့်ကောင်းသည့် ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းအမျိုးသားကတော့ ဆေးပေါလိပ်ကိုခပ်ဖြည်းဖြည်းဖွာရှိုက်နေ၏ ထိုအမျိုးသားကို သေချာကြည့်မည်ဆိုလျှင်တော့ နောက်ဆုံးမျိုးဆက်ပန်းချီကားချပ်ထဲမှ အမျိုးသားနှင့် ချွတ်စွပ်တူညီနေသည့်ရုပ်ရည်သွင်ပြင်ဖြစ်၏

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now