“ယွမ်ပေါ်...သားက မာနကြီးတဲ့လူတစ်ယောက်ဆိုတာ အဖေသိတယ်၊ ပြီးတော့ အဲ့ဒီအချိန်ဖြုန်းနေတတ်တဲ့ ဒုတိယမျိုးဆက်သခင်လေးတွေထက် ပိုပြီးထူးချွန်တာကိုလည်း အဖေသိပါတယ်ကွာ။ ဒါပေမဲ့ သားက စိတ်ကြီးဝင်လွန်းတယ်..” အဖေချွီက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “အဖေတို့က စီးပွားရေးသမားတွေ။ စီးပွားရေးသမားရယ်လို့ ဖြစ်လာပြီဆိုရင် သားအနေနဲ့ ဘယ်အချိန်မှာအမောက်ထောင်ရမယ်၊ ဘယ်အချိန်မှာ နှိမ့်နှိမ့်ချချနဲ့ ယဉ်ယဉ်ကျေးကျေးရှိရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားရမယ်။ ချန်းရှီကွေ့လို ယောက်ျားမျိုးက ချန်းမိသားစုမျိုးဆက်များစွာထဲမှာမှ အထူးချွန်ဆုံးလို့ ယူဆလို့ရတယ်။ သူ့မှာရှိတဲ့ တစ်ခုတည်းသော ပြစ်ချက်ဆိုလို့ အရေးမပါတဲ့သရုပ်ဆောင်တစ်ယောက်ကို စိတ်ဝင်စားမိတာလေးပဲ။ ချွီနဲ့ချန်းမိသားစုက သိပ်ပြီးအဆင်ပြေကြတာမဟုတ်တာကို သားက သူ့ကိုဖိတ်လိုက်မယ်ဆိုရင် သူလာမယ်လို့ ထင်သလား?”

ချွီယွမ်ပေါ်က ပြန်မဖြေဘဲ ခေါင်းငုံ့သွားသည်။

သူ့သားက သူ့စကားကိုခေါင်းထဲသွင်းလိုက်တာ မြင်တော့ အဖေချွီက ပြုံးပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “လူဆိုတာ သူတို့ကျရှုံးတဲ့အချိန်မှ  သိက္ခာကျကြတာ။ တကယ်လို့ သူတို့အောင်မြင်သွားပြီဆိုရင် သူတို့က မီးစင်ကြည့်ကတတ်တယ်လို့ ပြောရမှာပဲ။ အခု ချန်းရှီကွေ့ရဲ့အဒေါ်နဲ့ ကျင်းယွမ်ဖုန်းတို့ ကွာရှင်းကြတော့မှာ...ပြီးတော့ ချန်းရှီကွေ့ကလည်း ဒီတလော ကျင်းမိသားစုရဲ့လုပ်ရပ်တွေကို ကျေနပ်နေတာမဟုတ်ဘူး။ ချန်းမိသားစုအကြိုက်တွေ့မယ့် ဒီအခွင့်အရေးကို အဖေတို့အသုံးမချလိုက်ဘူးဆိုရင် ပိန်းရာကျမှာပေါ့...”

ချွီယွမ်ပေါ်၏အဖေထံမှ စကားများက သူ့အား ကျင်းမိသားစုဒုတိယသား၏သမီးက ဖြစ်စေခဲ့သည့် အဖြစ်အပျက်ကို သတိရစေလိုက်သည်။ ချန်းရှီကွေ့၏ချစ်သူကောင်မလေးကလည်း ထိုကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ပြီး အဆုံးမှာ ချန်းရှီကွေ့က ဖြေရှင်းဖို့ရန် ကိုယ်တိုင်ဝင်ပါခဲ့ရတာကို သူသတိရသွားသည်။ နောက်ပိုင်းတွင် ကျင်းမိသားစုက သူ့ကိုအကူအညီတောင်းခဲ့သော်ငြား သူကလိုက်လျောခြင်းမရှိခဲ့ပေ။ ထို့နောက် ရက်အနည်းငယ်အကြာ ထောင်မင်ယက ကွာရှင်းချင်လာ၏။ ချွီယွမ်ပေါ်က ကျင်းမိသားစု၏ ဇာတ်ထုပ်ကြီး ပြေကျလာတာကို မြင်တိုင်း သူတို့ထက် ပိုသာသလို ခံစားရလေ၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now