“ရှင်တို့ ဘာလုပ်တာလဲ..?” ကျူးမိုလီလည်း သူမ၏ ကိုယ်ပိုင်တိုက်ခန်းထဲမှ သူမကို ဆွဲထုတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ “ရှင်တို့ကိုယ်ရှင်တို့ ရဲဆိုပြီး အပြင်လူတွေကို အကြမ်းဖက်လို့ရမယ်မထင်နဲ့.. ကျွန်မ ရှင်တို့ကို တိုင်ပစ်လိုက်လို့ရတယ်..”

“မစ်ကျူး.. ကျွန်တော်တို့လည်း ခင်ဗျားရဲ့ လုံခြုံရေးအတွက် လုပ်နေရတာပါ.. တစ်ခါအတိုင်ခံရတာနဲ့ ခင်ဗျားရဲ့ လုံခြုံရေးကို လဲလှယ်နိုင်မယ်ဆိုရင် ကျွန်တော်က အတိုင်ခံပြီး ဆက်လုပ်ဦးမှာပါပဲ..” ရဲသားက ရဲမေကို ကျူးမိုလီအား ကာကွယ်ထားရန် အချက်ပြလိုက်ပြီး တံခါးအနား တိုးကပ်သွားသည်။ သူက တံခါးပေါ် မျက်နှာအပ်ကာ အိမ်ထဲမှ လှုပ်ရှားမှုများကို နားထောင်ကြည့်လိုက်သည်။ သို့သော် ဘာအသံမှ ထပ်မကြားရတော့ပေ။

သူက နောက်လှည့်ကာ ကျူးမိုလီကို ကြည့်လိုက်သည်။ ကျူးမိုလီ၏ မျက်နှာက မည်းမှောင်နေသဖြင့် သူလည်း တောင်းပန်ရုံသာ တတ်နိုင်‌တော့သည်။ “မစ်ကျူး.. ကျွန်တော်တို့ နားလည်မှုလွဲသွားတာပါ.. ခင်ဗျား အနားယူနေတာကို အနှောင့်အယှက်ပေးမိတဲ့ အတွက် တကယ် စိတ်မကောင်းပါဘူး..”

“ရတယ်.. ရှင်တို့နဲ့ ထပ်မပတ်သက်ချင်တော့ဘူး..” ကျူးမိုလီက ရဲနှစ်ယောက်ကို အထင်သေးစွာ ကြည့်လိုက်ပြီးနောက် သော့ရှာကြည့်လိုက်သည်။ ထိုအခါမှ သူမက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သော့မယူလာမိမှန်း သတိရသွားသည်။

“ဒါ ဘာလဲ..?” ရဲမေက ကျူးမိုလီထံမှ ပြုတ်ကျသွားသော အဖြူရောင်အမှုန့်ထုပ်ကို သတိပြုမိသွားပြီး ကုန်းကောက်လိုက်သည်။

“ကျွန်မပစ္စည်းတွေကို လိုက်မထိနဲ့..!” ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခခိုက် ကျူးမိုလီမှာ မျက်နှာပျက်ယွင်းသွားပြီး အထုပ်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော် ရဲမေက ဘေးလှည့်ကာ ကျူးမိုလီ၏လက်ကို ရှောင်တိမ်းလိုက်သည်။

ထိုအချိန်မှာပင် ရဲဌာနမှ အကူများ ရောက်လာခဲ့သည်။ လက်နက်အပြည့်တပ်ဆင်ထားသည့် ရဲလေးယောက် ရဲကားထဲမှ ထွက်လာသည်။ ရဲများ၏ လက်ထဲမှ သေနတ်ကို မြင်လိုက်သည်နှင့် ကျူးမိုလီက မသိစိတ်အရ ထွက်ပြေးရန်ပြင်သည်။ သို့သော် ရဲမေက သူမကို ဖမ်းဆွဲထားခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now