ထိုလူရွယ်၏မျက်နှာပေါ်လွင်သွားတော့ နဉ်ရှီက တဖြည်းဖြည်းမှတ်မိသွားသည်။ သူမက ထိုလူကို အရင်နှုတ်ဆက်စကားဆိုလိုက်သည်။ “အစ်ကိုကော်၊ တွေ့ရတာဝမ်းသာပါတယ်...”

နဉ်ရှီက ကော်ကျစ်ဟုခေါ်သည့် အနှီသရုပ်ဆောင်နှင့် ဆုံခဲပေသည်။ ဆုံမိသည့်တစ်ကြိမ်ကလည်း “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ” ၏ ရိုက်ကူးရေးမတိုင်မီကပင်။ ထိုစဉ်က ကော်ကျစ်သည် သူမ၏ကျော်ကြားမှုဟာ လုံလုံလောက်လောက်မမြင့်မားသေးဟု ခံစားရသဖြင့် လင်ရှုကျဲနှင့်စာချုပ်ချုပ်ဆိုရန် အချိန်ဆွဲနေခဲ့သည်။ ကော်ကျစ်က သူ၏လုပ်ရပ်တွေနောက်ကွယ်က အကြောင်းအရင်းကိုမဖော်ပြခဲ့သော်လည်း နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့က ဖျော်ဖြေရေးနယ်ပယ်ရှိ လင်ရှုကျဲ၏အဆက်အသွယ်များမှတစ်ဆင့် သိရှိသွားခဲ့သည်။

“မစ္စနဉ်” ကော်ကျစ်က နဉ်ရှီကို တွေ့လိုက်ရစဉ် သူဟာ မဆိုသလောက်လေး အပြစ်ရှိစိတ်ဝင်သွားရှာလေ၏။ ယခင်က သူသည် နဉ်ရှီအား နာမည်ကျော်စောမှုသိပ်မရှိသောကြောင့် အထင်သေးခဲ့ပြီး ထို‌အကြောင်းကြောင့်ပင် “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”အဖွဲ့မှ ဖိတ်ကြားချက်ကို ထပ်တလဲလဲငြင်းပယ်ခဲ့ရခြင်းဖြစ်သည်။ ဤသတင်းက နဉ်ရှီ၏နားထဲရောက်သွားသလားတော့ သူမသိပေ။ နဉ်ရှီက ချန်းရှီကွေ့ရဲ့ကောင်မလေးဖြစ်ပြီး The Unrivalled 2 မှာတောင် အရေးကြီးဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့မှန်း သူသိခဲ့ပါက “ကံကောင်းခြင်းတွေ ရောက်လာခဲ့ပြီ”၏ ဖိတ်ကြားချက်ကို မလွဲဧကန် ငြင်းပယ်ခဲ့မည်မဟုတ်ပေ။ ယခုတော့ ကသိကအောက်အခြေအနေကြီး ဖြစ်နေရလေပြီ။

ကံကောင်းထောက်မစွာနှင့် သူတို့ဓာတ်လှေကားတွင် အချိန်အကြာကြီး ကုန်ဆုံးစရာမလိုပေ။ ကော်ကျစ်က ဓာတ်လှေကားထဲမှ ထွက်လာလိုက်သည်။ ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် သူ့မန်နေဂျာကို ဒေါသတကြီး အော်ဟစ်တော့သည်။ “နဉ်ရှီ ဒီနေ့ ရုပ်သံဌာနမှာ ရိုက်ကူးရေးရှိတဲ့အကြောင်း ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ?”

မန်နေဂျာက ခါးသီးစွာ ပြုံးလိုက်သည်။ “နိုင်ငံပိုင်ရုပ်သံဌာနက ကြီးလွန်းတော့ ဘယ်အနုပညာရှင်က ဘယ်showမှာ ဝင်ရိုက်မလဲဆိုတာကို ငါဘယ်လိုသွားသိမှာလဲ?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Onde histórias criam vida. Descubra agora