ဒုတိယတစ်ပုံကတော့ အရှေ့ဘက်မျက်နှာချင်းဆိုင်က‌နေ ရိုက်ထားတဲ့ မြင်ကွင်းပါ။

မူလပိုင်ရှင်က ရေထဲမှာရှိနေခဲ့တယ်။ ရေတွေက သူမရင်ဘတ်ကို ဖုံးလွှမ်းနေပြီး ရေထဲကနေ ဘွားခနဲထွက်ထားတာကြောင့် ရေစက်တွေက သူမမျက်နှာပေါ်ကနေ တဖြည်းဖြည်းစီးကျနေတယ်။

ဒီလိုပုံတွေတောင်ရိုက်ထားတဲ့ လူတစ်ယောက်အတွက် ရေနစ်ချင်ယောင်ဆောင်ဖို့ မလိုအပ်ဘူးလေ။

ဒါကြောင့် ဒါရိုက်တာအပါအဝင် လူတိုင်းတောင်မှ လက်ရှိကုမျန်ဟာ အရင်ကုမျန်မဟုတ်တော့ဘဲ သူမ တကယ်ရေမကူးတတ်ဘူးလို့ မမျှော်လင့်ထားမိခဲ့ကြဘူး။

ဒါရိုက်တာက ကြောက်ရွံ့ထိတ်လန့်နေတဲ့ ကုမျန်ကိုကြည့်ပြီး ရတနာတစ်ခုကောက်ရသွားတယ်လို့ ခံစားလိုက်ရတယ်။

သူက သူ့ဘေးနားက လက်ထောက်ဒါရိုက်တာကို ပြောလိုက်မိတယ်။“ဒီမိန်းကလေးမှာ အရှိန်အဝါရှိတယ်၊ ဒီလိုကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ နောက်ခံကောင်းတာနဲ့ဆိုရင် သူမက အချိန်တိုအတွင်း ရေပန်းစားလာလိမ့်မယ်”

လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။

ကုမျန် မြစ်ထဲမှာဆက်တောင့်မခံနိုင်တော့ဘဲ အစစ်အမှန်အကူအညီတောင်းဖို့ လှမ်းခေါ်တော့မယ့်အချိန်မှာ ပြတ်သားကြည်လင်လှတဲ့ "ရေပွက်သံ" ကို ကြားလိုက်ရတယ်။

အဲ့ဒါက တစ်‌စုံတစ်ယောက် ရေထဲဆင်းလာတဲ့အသံပါ။

သူမက ရေကိုအသည်းအသန် ဂယက်ရိုက်စေလိုက်ပြီး အသိစိတ်အနည်းငယ်ဝေဝါးနေချိန်မှာ သန်မာတဲ့လက်တစ်စုံက သူမရဲ့ခါးကိုကိုင်ကာ ကမ်းစပ်ဆီ ခေါ်လာတယ်။

သူမရဲ့ ရှင်သန်မှုဗီဇက အတော်လေးတုန်လှုပ်ချောက်ချားသွားတာ ဖြစ်နိုင်တယ်။ကုမျန်က သူမကို ကယ်တင်ခဲ့တဲ့သူရဲ့ လက်နဲ့ခြေထောက်တွေကို မသိစိတ်ကြောင့် ထွေးပတ်မိသွားတယ်။

မရေမရာဖြစ်‌နေပေမယ့် သူမကို သယ်ထားတဲ့သူ တောင့်တင်းသွားတယ်လို့ ခံစားလိုက်ရပြီးနောက် သူက သူမနဲ့အတူ ကမ်းစပ်ဆီ ဆက်လက်ကူးခတ်သွားခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now